တူကီယဲနိုင်ငံ အစ္စတန်ဘူလ်တွင် ရုတ်တရက်ရေကြီးမှုကြောင့် သုံးဦးသေဆုံး၊ ငါးဦးပျောက်ဆုံး

အောက်တိုဘာ ၁၆

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီးနောက် လူသုံးဦးသေဆုံးပြီး ငါးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တူရကီအာဏာပိုင်များက ပြောကြားခဲ့သည်။

ဆာရီယာခရိုင်ရှိ အာယာဇာဂါရပ်ကွက်တွင် ရေကြီးရေလျှံမှုကြောင့် ရေမျောပါသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး အတည်ပြုသေဆုံးမှု သုံးဦးအထိ မြင့်တက်လာခဲ့သည်။ အစောပိုင်းတွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ရေအိုင်တစ်ခုတွင် ဓာတ်လိုက်သေဆုံးခဲ့ပြီး အသက် ၃၄ နှစ်အရွယ် လမ်းသွားလမ်းလာတစ်ဦးရေထဲမျောပါ သေဆုံးခဲ့ရသည်။

အစ္စတန်ဘူလ်တွင် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အချို့နေရာများတွင် တစ်စတုရန်းမီတာလျှင် ၂၇၂ ကီလိုဂရမ်အထိ ရွာသွန်းခဲ့သည်။

အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူး Davut Gul က ထိုရေကြီးရေလျှံမှုများမှ လူပေါင်း ၃၀၅၀ ကို ကယ်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုပြည်နယ်တွင် အောက်တိုဘာ ၁၆ နံနက်ပိုင်း မိုးရွာသွန်းမှုပြန်လည်စတင်ဖွယ်ရှိပြီး ညတွင်းချင်း ပိုမိုပြင်းထန်လာကာ အောက်တိုဘာ ၁၇ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်မည်ဟု မိုးလေဝသဌာနက သတိပေးပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို