တူဟယ် ထုတ်ပယ်ခံရမှုကြောင့်  ဘာပေကို ရရှိဖို့ ပိုမို ခက်ခဲဖွယ်ရှိတဲ့ ရီးယဲလ်မက်ဒရစ်

၂၅၊ ဒီဇင်ဘာ

 

 

ပီအက်စ်ဂျီအသင်းက နည်းပြ တူဟယ်ကို ယမန်နေ့က ထုတ်ပယ်ခဲ့တာတာကြောင့် ဒီထုတ်ပယ်မှုက  ဘာပေကို ဝယ်ယူဖို့ ကြိုးပမ်းနေတဲ့  ရီးယဲလ်အသင်းကို သက်ရောက်မှု ရှိတော့မယ်လို့  စပိန်က လာတဲ့သတင်းတွေက ဖော်ပြပါတယ်။ တူဟယ်နေရာ အစားထိုးမယ့်နည်းပြက  ပိုချက်တီနိုလို့ သတင်းပြေးနေတာကြောင့်လည်း ရီးယဲလ်အနေနဲ့   နှစ်ထပ်ကွမ်း ထိခိုက်မှု ကြုံရဖွယ်ရှိပါတယ်။

 

နည်းပြ ဇီဒန်းဟာ ရီးယဲလ်ကနေ   ထွက်ခွာဖို့ ရှိနေတာကြောင့် ရီးယဲလ်ဥက္ကဋ္ဌကြီး ပီရက်ဇ်က ပိုချက်တီနိုကို   ဇီဒန်းနေရာ ဆက်ခံသူအဖြစ် မျက်စိကျနေတာဖြစ်ပါတယ်။  ဒီလို အနေအထားမျိုးမှာ ပိုချက်တီနိုသာ  ပီအက်စ်ဂျီ နည်းပြရာထူးကို လက်ခံလိုက်မယ်ဆို ကာလရှည် ပစ်မှတ်ဖြစ်တဲ့ ဘာပေကိုရော နည်းပြလောင်းစာရင်းမှာ ထည့်ထားပြီးသားဖြစ်တဲ့ ပိုချက်တီနိုကိုရော ဆုံးရှုံရတော့မှာ ဖြစ်တာကြောင့် ရီးယဲလ်အတွက် နှစ်ထပ်ကွမ်းဆုံးရှုံးမှုလို့ ဆိုတာပါ။

 

ပိုချက်တီနိုက ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးစဉ် ပိုချက်တီနိုက ဘာပေကို  ဆက်ထိန်းပေးဖို့   ပီအက်စ်ဂျီ အသင်းဘက်ကို   တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ပိုချက်တီနိုရဲ့အမြင်အရ   ပီအက်စ်ဂျီအသင်းမှာ ဘာပေလို အသက်ငယ်ရွယ်ပေမယ့် အတွေ့အကြုံများစွာ ရှိပြီးသား ကစားသမားတစ်ယောက်ကို  ဆက်ထိန်းရေးက ကလပ်အသင်းရဲ့ ရေရှည်အောင်မြင်မှု တည်ဆောင်ရေးမှာ အရေးပါတယ်လို့ ယူဆတာဖြစ်ပါတယ်။

 

ဒါ့အပြင် ဘာပေနဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြဟောင်း တူဟယ်တို့ကြားမှာ ပြဿနာအချို့ရှိခဲ့ပြီး နှစ်ဦးကြား ပရော်ဖက်ရှင်နယ် ဆက်ဆံရေးဆိုတာကို လေးစားဖို့ ပီအက်စ်ဂျီအားကစား ဒါရိုက်တာ လီယိုနာဒိုက  ဝင်ရောက်ပြောကြားရတဲ့အထိ   အဆင်မပြေမှုတွေ ရှိခဲ့တာပါ။ ဒီဆက်ဆံရေး မပြေလည်မှုကြောင့်ပဲ  ရီးယဲလ်က ဘာပေကို လွယ်လွယ်ကူကူ ‌ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု တိုးခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနို အနေနဲ့ကလည်း စပါးက ထုတ်ပယ်ခံရပြီး တစ်နှစ်ကျော်ခဲ့တဲ့ အချိန်အတွင်း  ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ မန်စီးတီးတို့နဲ့ တောက်လျောက် နာမည်ထွက်ခဲ့ပေမယ့် ဒီအသင်းတွေကလည်း လက်ရှိ နည်းပြတွေနဲ့သာ ဆက်လက်ခရီးဆက်နေဆဲ ဖြစ်တာကြောင့် သူ့ကို တေ့တေ့ဆိုင်ဆိုင် ချဉ်းကပ်လာတဲ့ ပီအက်စ်ဂျီနည်းပြ ရာထူးကိုသာ လက်ခံသွားဖို့ရှိနေပါတယ်။

ပိုချက်တီနိုသာ ပီအက်စ်ဂျီနည်းပြဖြစ်လာမယ်ဆို တိုက်စစ်မှူး ဘာပေလည်း  ပီအက်စ်ဂျီမှာ ဆက်ရှိနေနိုင်တာကြောင့်    တူဟယ်ရဲ့ ထုတ်ပယ်ခံရမှုနောက်မှာ ရီးယဲလ်မက်ဒရစ် အနေနဲ့နှစ်ထပ်ကွမ်း  ထိခိုက်မှုတွေ ကြုံနေရတယ်လို့  သုံးသပ်ရတာဖြစ်ပါတယ်။

 

မေလဲ့သင်း