နေပြည်တော် နိုဝင်ဘာ ၂
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ရှေ့မှောက်၌ ကတိသစ္စာ မပြုရသေးသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေး သို့ ၂၀၂ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ယင်းနောက် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဒေါက်တာ ခိုင်ခိုင်ဆု၏ မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသော ပြည်တွင်း ယာယီနေရပ်စွန့်ခွာနေရသည့် အမျိုးသမီးများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများကို နိုင်ငံတော်အနေဖြင့် မည်သို့ကူညီဖြေရှင်းပေးရန် စီမံထားရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေသွယ်ကြည်က ယာယီနေရပ်စွန့်ခွာ အမျိုးသမီးများ ရွှေ့ပြောင်းနေထိုင်ရသူများအတွက် လိုအပ်သော မိခင်နှင့်မျိုးဆက်ပွားဆိုင်ရာ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားအမျိုးသမီးများနည်းတူ ခွဲခြားဆက်ဆံမှုမရှိစေဘဲ ကျန်းမာရေးဝန်ကြီးဌာနက ၂ဝ၂၂ ခုနှစ်၌ National Sexual and Reproductive Health Policy တွင် ထည့်သွင်းထားသည်နှင့်အညီ ဆောင်ရွက်ပေးနေပါကြောင်း။
အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေကဏ္ဍတွင် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် အခြားအရေးပေါ် အခြေအနေများအတွင်း ထိခိုက်ခံစားလွယ်သည့် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံပြီး ပိုမိုကောင်းမွန်သော လူမှုဘဝရရှိနိုင်စေရေးနှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်အညီ လုပ်ငန်းအစီအစဉ်များအား ထည့်သွင်းရေးဆွဲထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကဏ္ဍအနေဖြင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုမှ လျော့ကျကင်းဝေးစေရေးနှင့် ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်များကို တုံ့ပြန်ရေးလုပ်ငန်းစဉ်များအပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရသည့် ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပြည်သူများအတွက် ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား၊ မအခြေပြု အကြမ်းဖက်မှုများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တိုင်ကြားနိုင်ရန် ယခင်ကလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်တွင် ၂၄ နာရီ Helpline တယ်လီဖုန်းနံပါတ် “၁၅၆၆” ဝန်ဆောင်မှုကို တည်ထောင်ထားရှိပြီး တိုင်ကြားလာမှုများကို Case Manager များဖြင့် ဖြေရှင်းအကူအညီပေးလျက်ရှိပါကြောင်း၊ ယခုအခါ အမျိုးသမီးရေးရာဝန်ကြီးဌာန အောက်တွင် Helpline တယ်လီဖုန်းနံပါတ် “၁၅၄၄”ကို ဖွင့်လှစ်ထားရှိပြီးဖြစ်သဖြင့် “၁၅၄၄”သို့ တိုင်ကြားလာသည့်ဖြစ်ရပ်အပြင် “၁၅၆၆”သို့ တိုင်ကြားလာပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့လာသည့် ဖြစ်ရပ်များကို လက်ခံကာ ဥပဒေအရစိစစ်အရေးယူ ဆောင်ရွက်နိုင်ရေး Service Provider များဖြင့် ဖြေရှင်းအကူအညီပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် လိုအပ်ချက်ပေါ်မူတည်၍ ငွေကြေးထောက်ပံ့မှုအနေဖြင့် တရားရင်ဆိုင်ခရီးစရိတ်၊ ပြန်လည်ရပ်တည်ရန်စရိတ်၊ အမျိုးသမီးဦးဆောင် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုစရိတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ထောက်ပံ့ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ဆက်လက်ထောက်ပံ့ပေးလျက်ရှိပါကြောင်း။
အမျိုးသမီးရေးရာဝန်ကြီးဌာနသည် အကြမ်းဖက်ခံရသူများအတွက် မိသားစု၊ ပတ်ဝန်းကျင်မှ လုံခြုံမှုမပေးနိုင်ပါက “အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့်စင်တာ” (One Stop Women Support Center- OSWSC) ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လွိုင်ကော်၊ လားရှိုး၊ မုံရွာ၊ စစ်တွေတို့တွင် ဖွင့်လှစ်ထားရှိပြီး နည်းမျိုးစုံဖြင့်အကြမ်းဖက်ခံရပြီး ယာယီလုံခြုံမှုလိုအပ်သည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များကို လက်ခံစောင့်ရှောက်၍ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ တရားရေးဆိုင်ရာ ချိတ်ဆက်မှုပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ လိုအပ်ချက်ပေါ်မူတည်၍ ဘဝရပ်တည်ရေးအတွက် ငွေကြေးအထောက်အပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ စင်တာများအတွက် စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်ကို ရေးဆွဲထားရှိပြီး ယင်း Guideline နှင့်အညီ ဝန်ဆောင်မှုများပေးလျက် ရှိပါကြောင်း၊ အမျိုးသမီးရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် OSWSC များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ပြည်တွင်း ယာယီနေရပ်စွန့်ခွာနေရသည့် အမျိုးသမီးများလုံခြုံရေးအတွက် ယာယီခိုလှုံရာနေရာများ တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများကို လူမှုကွန်ရက်မှတစ်ဆင့် မက်လုံးပေးစည်းရုံး၍ ပြည်ပနိုင်ငံများသို့ လိမ်လည်ပို့ဆောင်နေမှုများအပေါ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းဖော်ထုတ်ရရှိမှုများအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုများ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်အရေးယူပြီး ထိရောက်သည့်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ပေးနေပါ ကြောင်း၊ ပြည်တွင်းယာယီနေရပ်စွန့်ခွာ အမျိုးသမီးများအပါအဝင် နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ အားလုံး၏ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် ဘဝလုံခြုံရေးများကို ဘက်ပေါင်းစုံမှ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၅) ဦးမိုးမြင့်၏ မဟာဓာတ်အားလိုင်း မရောက်ရှိသော သဘာဝဓာတ်ငွေ့ ထွက်ရှိပြီး သုံးစွဲခွင့်မရသော ပြည်သူများ လျှပ်စစ်ဓာတ်အားခသက်သာစွာဖြင့် သုံးစွဲနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်၊ ကော့သောင်းခရိုင်များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီ ဒီဇယ်နှင့် ချောဆီ၊ အင်ဂျင်ဝိုင်များကို ဖြန့်ဖြူးရောင်းချပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရောင်းချပေးပါက မည်ကဲ့သို့ ဖြန့်ဖြူးရောင်းချပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်ခရိုင်၌ စက်သုံးဆီအရောင်းဆိုင်(၁၉)ဆိုင်၊ မြိတ်ခရိုင်၌ (၁၅) ဆိုင်၊ ကော့သောင်းခရိုင်၌ (၇)ဆိုင်၊ စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် (၄၁) ဆိုင်ရှိပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် အခြားကဏ္ဍ လုပ်ငန်းများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် နယ်စပ်နှင့် ပင်လယ်ရေကြောင်းတို့မှ တင်သွင်းသည့် စက်သုံးဆီများကို ရောင်းချလျက်ရှိပါကြောင်း။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်း နိုင်ငံတော်ဓာတ်အားစနစ်ပြင်ပရှိ ဒေသခံပြည်သူများ ဓာတ်အားခဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား အဆက်မပြတ်ရရှိနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ ထုတ်လုပ်သော ဓာတ်ဆီနှင့် ဒီဇယ်ဆီများအား ဌာနဆိုင်ရာ အချင်းချင်းရောင်းဈေးနှုန်းဖြင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ လစဉ်ရောင်းချပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် လိုအပ်သော စက်သုံးဆီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တင်သွင်း ခွင့်ပြုထားပြီးဖြစ်ပါသဖြင့် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ဒေသများ အလိုက် တင်သွင်းခွင့်ပြုထားသော ကုမ္ပဏီများထံမှ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ပါကြောင်း၊ ကော့သောင်းမြို့နှင့် ဘုတ်ပြင်းမြို့များတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် လိုအပ်သော ပြည်တွင်းထုတ် ဒီဇယ်အားလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝယ်ယူအသုံးပြုလိုပါက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် တင်ပြလျှောက်ထားသွားရန် ဖြစ်ပါကြောင်းနှင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စိစစ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၁) ဦးစိုးကြည်၏ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြို့နယ်စုပေါင်းရုံးအနီးရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မြိတ်)တွင် သင်တန်းသားများ လက်ခံစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်သော လုံခြုံရေးအဆောက်အအုံနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)၏ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံသည် ခွင့်ပြုအင်အား အရာထမ်း ၃ ဦး၊ အမှုထမ်း ၂၈ ဦး၊ စုစုပေါင်း ၃၁ ဦး ဖြစ်ပြီး ခန့်အပ်အင်အားသည် အရာထမ်း ၁ ဦး၊ အမှုထမ်း ၆ ဦး၊ စုစုပေါင်း ၇ ဦးဖြစ်သဖြင့် စခန်းဖွဲ့စည်းပုံ လူအင်အား၏ ၂၅ ဒသမ ၈ ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း။
မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည် ထူထောင်ရေးစခန်း(မြိတ်)သို့ ၂၀၂၀ ပြည့်နှစ် စခန်းဖွင့်ချိန်မှစ၍ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်အရ ငွေစာရင်းဖွင့်လှစ် ရန်ပုံငွေ လွှဲအပ်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စခန်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးစခန်း(မြိတ်)၌ သင်တန်းများ ဆောင်ရွက်နိုင်ချိန်တွင် လိုအပ်ချက်များ စိစစ်ပံ့ပိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပံ့ပိုးကူညီပါက ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မြိတ်) အတွက် ဖြည့်ဆည်းမှုများအား လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး မူးယစ်ဆေးဖြတ်ရန် အမှန်တကယ်လိုအပ်သော လူငယ်ဦးရေကို စစ်တမ်းကောက်ယူခြင်း၊ ဆေးဖြတ်စခန်းဖွင့်လှစ်နိုင်ရန်အတွက် ရှေးဦးစွာ လက်ရှိတည်ရှိနေသော အဆောက်အအုံတွင် လုံခြုံရေးဆိုင်ရာ သံပန်းများ တပ်ဆင်ခြင်း၊ အဆောက်အအုံပတ်ဝန်းကျင်တွင် လက်ရှိသံဆန်ခါတပ်တံတိုင်းအစား အုတ်တံတိုင်းတည်ဆောက် နိုင်ရေးအတွက် အသေးစိတ် တွက်ချက်ကာ နီးစပ်ရာ ဘဏ္ဍာရေးနှစ်များတွင် ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ ထည့်သွင်းတည်ဆောက် လျာထားနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၈) ဦးအောင်တင်မြင့်၏ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဘဲဂရက်ကျေးလက် ကျန်းမာရေးဌာန(ခွဲ) ကိုယ်ထူကိုယ်ထ အဆောက် အအုံမှာ ပျက်စီးယိုယွင်းနေပါသဖြင့် စံကိုက်ကျေးလက်ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ ဘဲဂရက်ကျေးလက်ကျန်းမာရေးဌာနခွဲသည် တကုန်းကြီးကျေးလက် ကျန်းမာရေးဌာန အောက်တွင်ရှိပြီး (၂၀၂၄)ခုနှစ်ကတည်းက အလှူရှင် လှူဒါန်းခဲ့သော မြေနေရာပေါ်တွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်လှူဒါန်းခဲ့သည့် ဓနိနှင့်သွပ်မိုး၊ ဝါးဘိုး ဝါးတိုင်များဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံဖြစ်ပါကြောင်း၊ အဆောက်အအုံသည် အိုဟောင်းပြီး ကြံ့ခိုင်မှုအားနည်းနေပြီဖြစ်ပါကြောင်း၊ အဆိုပါ မြေနေရာသည် ကွင်းအမှတ်(၁၇၅- B)၊ ဦးပိုင် အမှတ်(၁၂၀/၄၈) အလျား ပေ(၁၀၀)၊ အနံပေ (၁၀၀)၊ (၀ ဒသမ ၂၃)ဧကရှိ မြို့မြေအမျိုးအစားဖြစ်ပြီး ကျန်းမာရေးဌာန အမည်ပေါက် ပုံစံ(၁၀၅)/(၁၀၆) ရရှိပြီးဖြစ်ပါကြောင်း။
သို့ပါ၍ အဆိုပါမြေနေရာပေါ်တွင် စံကိုက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံဖြစ်သည့် ဆေးခန်းအဆောက်အအုံ(၁)လုံး၊ (၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာ(၁)လုံး ဆောက်လုပ်ရန် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးတင်မျိုးဇော်၏ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြင်ကွန်းတိုက်နယ်၊ မြင်ကွန်းကျေးရွာအုပ်စုရှိ ကျေးရွာများ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် မြင်ကွန်းကျေးရွာတွင် တိုက်နယ်ဆေးရုံ ချထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်နှင့် ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မြင်ကွန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိပြီး ၎င်းအောက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(၆)ခုဖြင့် ကျေးရွာ ၂၄ ရွာ လူဦးရေစုစုပေါင်း ၂၈၃၄၂ ဦးအား လက်ထောက်ကျန်းမာရေးမှူး ဦးဆောင်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ လူနာများလွှဲပြောင်းပေးပို့ကုသရန် လိုအပ်ပါက မကွေးပြည်သူ့ဆေးရုံကြီးနှင့် ၂၈ မိုင်၊ သစ်ရာကောက် တိုက်နယ်ဆေးရုံနှင့် မိုင် ၂၀၊ မိကျောင်းရဲတိုက်နယ် ဆေးရုံနှင့် ၁၈ မိုင်ခန့် ကွားဝေးပါကြောင်း။
ပုံစံ(၁၀၅)/(၁၀၆) လျှောက်ထားဆဲဖြစ်သော မြင်ကွန်းတိုက်နယ်ဆေးရုံအတွက် လျာထားမြေ နေရာသည် လုံလောက်သောအကျယ်အဝန်း(၄ ဧက)ရှိခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများနှင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းတို့ကြောင့် တိုက်နယ်ဆေးရုံဖွင့်လှစ်ပါက ပတ်ဝန်းကျင်ကျေးရွာမှ လူနာများ လာရောက်ပြသရေးလွယ်ကူမည်ဖြစ်ပြီး အတွင်းလူနာများပါ ကုသပေးနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ မြင်ကွန်းတိုက်နယ်ဆေးရုံ ချထားဆောင်ရွက်ပေးရေးနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြသွား မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးခင်မောင်မြင့်၏ ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် မားသဲကျေးရွာ အုပ်စုရှိ ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် ရှိ၊ မရှိ၊ နန်းလွဲကျေးရွာအုပ်စု မုံပြင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ခွင့်ပြုချ ထားတည်ဆောက်ပေးရန် ရှိ၊ မရှိနှင့် ကျောက်တော ကျေးရွာအုပ်စုတွင် ဗန်းမက် အပါအဝင် ရွာ(၉)ရွာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ခံယူရန်အတွက် ဗန်းမက်ကျေးလက် ကျန်းမာရေးဌာနခွဲ အသစ်ခွင့်ပြုချထား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ရပ်စောက်မြို့နယ် ရေဦးကျေးရွာတွင် အိမ်ခြေ ၂၀၆ အိမ်နှင့် လူဦးရေ ၈၄၈ ဦးရှိပြီး ရေဦးကျေးလက် ကျန်းမာရေးဌာနခွဲကို အင်တောတိုက်နယ် ကျန်းမာရေးဌာနအောက်တွင် ဖွဲ့စည်းထားပါကြောင်း၊ ရေဦးကျေးလက်ကျန်းမာရေး ဌာနခွဲသည် ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေ ၁၄၁၈ နှင့် လူဦးရေ ၆၆၀၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း။
ရေဦးကျေးလက်ကျန်းမာရေးဌာနခွဲမှ ၁၅ မိုင် ကွာဝေးသော ရပ်စောက်ပြည်သူ့ဆေးရုံသို့ မော်တော်ကားဖြင့် ၄၅ မိနစ်ခန့်၊ ၆၁ မိုင်ကွာဝေးသော အင်တောတိုက်နယ်ဆေးရုံသို့ မော်တော်ကားဖြင့် (၃)နာရီခန့် သွားရပါကြောင်း၊ ရေဦးကျေးလက်ကျန်းမာရေး ဌာနခွဲအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်သော ကျေးရွာနှင့် လူဦးရေများပြားခြင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ လာရောက်ရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းတို့ရှိသည့်အတွက် သတ်မှတ်မြေအကျယ်အဝန်း ပိုင်ဆိုင်မှုရှိပါက ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင် ပေးသွားမည်ဖြစ်ပါကြောင်း။
ရေဦးကျေးလက်ကျန်းမာရေးဌာန၏ မြေနေရာ ၃ ဒသမ ၃၄ ဧကအား မြေစာရင်း ပုံစံ(၁၀၅) မြေပိုင်ဆိုင်မှုရရှိပါက ရေဦးကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယင်းဌာနအောက်တွင် ဗန်းမက်နှင့် မုံပြင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ(အသစ်)များပါ ဖွင့်လှစ်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင် ရေးအတွက် ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက် လျှော့ချကန့်သတ်နိုင်ရေး ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၂) ဒေါ်ခင်ဆွေကတင်သွင်းရာတွင် ပလတ်စတစ်ပစ္စည်းများ အထူးသဖြင့် ကြွပ်ကြွပ်အိတ်များသည် တစ်ခါသုံးစနစ်ပစ္စည်းများဖြစ်ပြီး စွန့်ပစ်ပြီးသည့်နောက် နှစ်ပေါင်းများစွာ မပျက်စီးဘဲ သဘာဝပတ်ဝန်းကျင်တွင် ကျန်ရှိနေပါကြောင်း၊ ပလတ်စတစ် အမှိုက်များကြောင့် မြေဆီလွှာများပျက်စီးခြင်း၊ ရေမြောင်းများ ပိတ်ဆို့ခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်စေခြင်း၊ ရောဂါပိုးမွှားများ အလွယ်တကူ ပေါက်ဖွားနိုင်ခြင်းတို့ကြောင့် မြေဆီလွှာနှင့် ရေထု၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်းအပြင် တိရစ္ဆာန်များ၏ အသက်အန္တရာယ်များကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ ပင်လယ်သမုဒ္ဒရာထဲရှိ အမှိုက်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ပလတ် စတစ်အမှိုက်များဖြစ်ပါကြောင်း။
အသုံးပြုပြီးသော စွန့်ပစ်ကြွပ်ကြွပ်အိတ်များသည် သဘာဝပတ်ဝန်းကျင်ကို ကြီးမားသော ဝန်ထုပ် ဝန်ပိုးဖြစ်လျက်ရှိပါကြောင်း၊ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်သော စက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာသည် တစ်ကမ္ဘာလုံးတွင် ရှိကြသည့် သဘာဝပတ်ဝန်းကျင် ပညာရှင်များနှင့် အစိုးရများ ရင်ဆိုင်တွေ့ကြုံနေရသည့် အရေးကြီး ပြဿနာတစ်ခုဖြစ်ပါကြောင်း၊ ပလတ်စတစ်အသုံး ပြုမှုများပြားလာသည်နှင့်အမျှ မြေထု၊ လေထု၊ ရေထုကို ညစ်ညမ်းစေပြီး ကမ္ဘာမြေ၏ဂေဟစနစ်ကိုလည်း မတည်မငြိမ်ဖြစ်စေပါကြောင်း၊ ထို့ကြောင့် မြို့ရွာများ သန့်ရှင်းလှပရေး၊ ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အရေးယူ ဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပါကြောင်း။
ပလတ်စတစ်ပစ္စည်းနှင့် ကြွပ်ကြွပ်အိတ်သုံးစွဲမှုများကို လျှော့ချရန် အစားထိုးနည်းလမ်းများအဖြစ် အဝတ်အိတ်၊ စက္ကူအိတ်၊ ငှက်ပျောရွက်၊ ပေါက်ဖက်၊ အင်ဖက်စသည့် သဘာဝပစ္စည်းများ အစားထိုးအသုံး ပြုနိုင်ပါကြောင်း၊ ပြည်သူများ၏ကျန်းမာရေး၊ ရောဂါကာကွယ်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း။
တစ်ခါသုံး ကြွပ်ကြွပ်အိတ်များ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချ၊ အသုံးပြုမှုကို အဆင့်လိုက် ကန့်သတ်လျှော့ချရန်၊ ဇီဝပျက်စီးနိုင်သော အစားထိုး ထုတ်ကုန်များနှင့် ပြန်လည်အသုံးပြုနိုင်သော အိတ်များကိုသုံးစွဲရေး အားပေးမြှင့်တင်ရန်၊ ပလတ်စတစ် အမှိုက်စနစ်တကျ စီမံခန့်ခွဲရေးနှင့် ပြန်လည်အသုံးပြုရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ရန်၊ ပြည်သူများအကြား ပလတ်စတစ် လျှော့ချအသုံးပြုရေး အသိပညာပေးအစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဥပဒေ နည်းဥပဒေများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း အဆိုတင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၉) ဒေါ်ကျင်သိန်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုအား လွှတ်တော်က ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက် မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


