နေပြည်တော် အောက်တိုဘာ ၆
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၄၂ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၇၉ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသည့် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ်အမည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်၊ ၅/၂၀၂၆ ထုတ်ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦးက ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်များဖြစ်သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုစရိုက်လက္ခဏာ များကို တာဝန်ကျေပွန်စွာ အပတ်တကုတ်ကြိုးစားထိန်းသိမ်းရင်း တစ်ဖက်ကလည်း ယနေ့နိုင်ငံတော် တွင်ကျင်းပရန်ပြင်ဆင်နေသည့် “မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများ”ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပေးခြင်း၊ အရှေ့တောင်အာရှအဆင့်သာမက ကမ္ဘာကပါအံ့အားသင့်ရသည့် 27th SEA Games အရှေ့တောင် အာရှအားကစားပွဲတော်ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားကြီးများတွင် နိုင်ငံကိုကိုယ်စားပြုပြီး အိမ်ရှင်နိုင်ငံအဖြစ်အောင်မြင်စွာ တာဝန်ယူကျင်းပပေးခြင်းစသည့် အမျိုးသားရေးတာဝန်များကို အောင်မြင်ထင်ရှားစွာထမ်းရွက်နိုင်ခဲ့သည့် ဝန်ကြီးဌာနလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမျိုးသားရေးတာဝန်ကျေပွန်ပြီး မြန်မာအမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထာဝရတည်ရှိအောင် စဉ်ဆက်မပြတ်ကြိုးပမ်းနေသည့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံကြီးများရှိ ယဉ်ကျေးမှုဝန်ကြီးဌာနများကဲ့သို့ အမည်နာမခိုင်ခိုင်မာမာနှင့် ရပ်တည်ဖွဲ့စည်းထားရှိခြင်းသည် နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်ဒြပ်အဖြစ် သင့်လျော်ထိုက်တန်မှုရှိပါကြောင်း။
ယခုကဲ့သို့ အစဉ်အလာရှိစွာနှင့် တာဝန်ကျေခဲ့သည့် ဝန်ကြီးဌာနတစ်ခုအနေဖြင့်ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး “အရိုးပေါ်အရွက်မဖုံးရအောင်” နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသည့် ယခင်“ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန” အမည်ကို “ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန”အဖြစ်သို့ အမြော်အမြင်ကြီးစွာ အမည်နာမပြောင်းလဲသတ်မှတ်ခြင်းနှင့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၅/၂၀၂၆)ကို ထိုက်ထိုက်တန်တန်ပြဋ္ဌာန်းထုတ်ပြန်ပေးခဲ့ခြင်းမှာ အမျိုးသားရေးအစဉ်အလာကြီးပြီး ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် မိမိတို့နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့်ကိစ္စဖြစ်သည့် အားလျော်စွာ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၅/၂၀၂၆)ကို ထုတ်ပြန်ခြင်းအပေါ် နိုင်ငံသားတစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာဂုဏ်ယူရင်း အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး(ခ)ဦးတင်ဦးက ယနေ့ခေတ် အနောက်တိုင်းယဉ်ကျေးမှုပုံစံများ ကမ္ဘာအရပ်ရပ်သို့လွှမ်းမိုးကြီးစိုးဝင်ရောက်နေသည့်အတွက် ယဉ်ကျေးမှုကိုယ်ခံအား အတော်များများ ကျဆင်းဆုတ်ယုတ်နေချိန်တွင် ယဉ်ကျေးမှုဆိုသည့် Soft Power မျက်နှာစာမှာ အထူးအလေးထားဝီရိယစိုက်ပြီး အားဖြည့်ကာကွယ်သည့်အနေအားဖြင့် ဖြစ်မည်ဆိုလျှင် ယဉ်ကျေးမှုဝန်ကြီးဌာန သို့မဟုတ် ယဉ်ကျေးမှုထိန်းသိမ်းကာကွယ်မြှင့်တင်ရေး ဝန်ကြီးဌာနဟု ဝန်ကြီးဌာနတစ်ခုသီးခြားတည်ထောင်ဖွဲ့စည်းသင့်သည်ဟု မိမိတို့အနေဖြင့် ယူဆပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကပေးပို့ထားသော ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ထုတ်ပြန်ထားချက်ကို လွှတ်တော်မှအတည်ပြုပေးနိုင်ပါရန် လေးလေးနက်နက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဒေါ်စမ်းစမ်းဌေးက ယဉ်ကျေးမှုသည် နိုင်ငံတစ်ခုနှင့် အမျိုးသား လူမျိုးစုတစ်ခုလုံး၏ အသက်သွေးကြောဖြစ်ပြီး ငြင်းပယ်ရန်မရနိုင်လောက်အောင် အလွန်အရေးပါ သောကဏ္ဍတွင်ရှိနေပါကြောင်း၊ အမျိုးသားရေးကိုဖော်ပြခြင်း၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ခိုင်မာ စေခြင်း၊ အမျိုးသားစရိုက်နှင့်လက္ခဏာပုံသွင်းပေးခြင်း၊ စီးပွားရေးနှင့်ခရီးသွားကဏ္ဍကို အထောက်အကူပြုခြင်းနှင့်အတူ Soft Power တည်ဆောက်ပေးနိုင်ခြင်းနှင့် ယနေ့ခေတ်ကမ္ဘာ့ရေးရာတွင် ယဉ်ကျေးမှုသည် ထိရောက်သောသံတမန်ရေးရာတစ်ခုအဖြစ်၊ အနုပညာ၊ ဂီတ၊ ရုပ်ရှင်နှင့် အစားအသောက်များကတစ်ဆင့် တခြားနိုင်ငံများအပေါ် ကောင်းမွန်သော ဩဇာလွှမ်းမိုးမှုနှင့် ချစ်ကြည်ရေးကို တည်ဆောက်နိုင်သည့်အနေအထားရှိပါကြောင်း။
သို့ဖြစ်၍ ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်ဖော်ထုတ်ဆောင်ရွက်ပြီး နိုင်ငံ၏ယဉ်ကျေးမှုကိုပါ ပြသနိုင်သည့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဖော်ဆောင်ထား သည့် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပြောင်းလဲသတ်မှတ်ခြင်းအား လေးနက်စွာ ထောက်ခံအပ်ပါကြောင်း ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၆) ဦးအေးပိုင်က ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါ ပျောက်မည်ဟူသော ရှေးလူကြီးများပြောဆိုခဲ့သည့် ဆိုရိုးစကားအတိုင်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ စာပေ၊ ဂီတ၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာဓလေ့၊ ဘာသာစကားများကို ဝိုင်းဝန်းကာကွယ်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံနှင့်လူမျိုး ကို မပျောက်ကွယ်ရလေအောင် နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကြီးမားစွာနှင့် စဉ်းစား တွေးခေါ်ကာ “ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန”ဟု အမည်ပြောင်းလဲသတ်မှတ်ခြင်းကို ဝမ်းမြောက်စွာဖြင့် ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဟု ပြောင်းလဲခြင်းမှာ နိုင်ငံတော်၏မူဝါဒဖြစ်သည့် ယဉ်ကျေးမှုကိုမြှင့်တင်ခြင်းဖြင့် ဟိုတယ်ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ခြင်းဟူသော မူဝါဒနှင့်လည်း ကိုက်ညီပါကြောင်း၊ ထို့ပြင် ယဉ်ကျေးမှုမြှင့်တင်ခြင်းဖြင့် ခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ဒေသန္တရ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်းနှင့် ကမ္ဘာသို့ချပြခြင်းတို့ဖြင့် ခရီးသွားကဏ္ဍကို အားပေးနိုင်ပါကြောင်း၊ ရိုးရာမပျက် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ၊ သမိုင်းဝင်နေရာများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများကို ဖော်ထုတ်ပြသခြင်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ထူးခြားသည့် ရိုးရာအစားအစာများနှင့် တိုင်းရင်းသားဝတ်စားဆင်ယင်မှုများကို ဖော်ထုတ်ပြသခြင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြပွဲများ၊ ရိုးရာပွဲတော်များ ပြသခြင်းဖြင့်လည်းကောင်း ခရီးသွားများစိတ်ဝင်စားလာစေမည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများကို မြှင့်တင်ဖော်ထုတ်နိုင်လာမည်လည်း ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအမည်ကို နိုင်ငံတော်အစိုးရက ယဉ်ကျေးမှုကိုတည်မှီပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည့်အခန်းကဏ္ဍအဖြစ် သတ်မှတ်ထားသည့်အတွက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခြင်းမှာ သင့်လျော်မှန်ကန် မှုရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်က သဘောတူပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအမည်အား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအမည်အဖြစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၅/၂၀၂၆ ထုတ်ပြန်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးနေရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီး ကိုကိုဦးအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခြင်းနှင့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၆/၂၀၂၆ ထုတ်ပြန် ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏အတည်ပြုချက်ရယူရာ ကန့်ကွက်သူမရှိသည့်အတွက် လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ အဆိုပြုတင်ပြထားသော ဒေါက်တာမျိုးဝင်းအောင်နှင့် ဦးစောမျိုးမျိုးတို့အား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရာ ကန့်ကွက်သူမရှိသည့်အတွက် လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ဒီဇယ်ဆီ HSD(500ppm)နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေက အခွန်ကင်းလွတ်ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်များမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မမြင့်တက်စေရေး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်လျှော့ချရေးနှင့် လျှပ်စစ်ဓာတ်အားခမမြင့်တက်စေရေးအတွက် ဖြစ်သည်ဟု ရှင်းလင်းဖော်ပြထားပါကြောင်း၊ သို့ရာတွင် အခွန်ကင်းလွတ်ခွင့်မှရရှိသည့် အကျိုးကျေးဇူးသည် အမှန်တကယ်ပြည်သူများထံ မည်မျှအထိရောက်ရှိသွားသည်ကို တိုင်းတာစစ်ဆေးရန် လိုအပ်ပါကြောင်း၊ အခွန်ကင်းလွတ်ခွင့်သည် တင်သွင်းသူများ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများအနေဖြင့် အကျိုးအမြတ်ကိုသာ တိုးမြှင့်ရရှိခြင်းမဖြစ်စေရန် စောင့်ကြည့်ထိန်းချုပ်မှု၊ ဈေးနှုန်းထုတ်ဖော်ပြသမှုနှင့် စာရင်းစစ်ဆေးမှုများ ပြုလုပ်သင့်ပါကြောင်း။
ရေရှည်တွင် လောင်စာဆီအားလုံးကို အခွန်ကင်းလွတ်ပေးထားခြင်းထက် အမှန်တကယ်လိုအပ် သောကဏ္ဍများကို အဓိကထား၍ သက်သာခွင့်ပေးသည့်စနစ်သို့ ကူးပြောင်းသင့်ပါကြောင်း၊ NLG အခွန်ကင်းလွတ်ခွင့်၏ အကျိုးခံစားသူသည် ပြည်သူများ ဟုတ် မဟုတ်၊ တင်သွင်းသူများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများဟုတ် မဟုတ်ဆိုသည်ကိုလည်း ခွဲခြားတိုင်းတာနိုင်သည့်စနစ် လိုအပ်ပါကြောင်း။
အထူးသဖြင့် လာမည့်အောက်တိုဘာနှင့် နိုဝင်ဘာလများသည် မိုးသီးနှံများရိတ်သိမ်းချိန်နှင့် ဆောင်းသီးနှံများ စတင်စိုက်ပျိုးချိန် ဖြစ်ပါကြောင်း၊ ထိုကာလအတွင်း တောင်သူများသည် ထွန်ယက် ခြင်း၊ ရေသွင်းခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့အတွက် စက်သုံးဆီကို အများအပြားအသုံးပြုရမည်ဖြစ်ပါကြောင်း၊ အခွန်လျှော့ပေါ့မှုကို ချက်ချင်းရပ်ဆိုင်းလိုက်ပါက စက်သုံးဆီကုန်ကျစရိတ်မြင့်တက်ပြီး တောင်သူများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်၊ တောင်သူဝင်ငွေ၊ စိုက်ပျိုးထုတ်ကုန်ဈေးနှုန်းနှင့် စားနပ်ရိက္ခာဈေးနှုန်းများအပေါ် ဆက်တိုက်သက်ရောက်နိုင်ပါကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ၏လောင်စာလိုအပ်ချက်ကို လမ်းပေါ်မော်တော်ယာဉ်များနှင့် တူညီသောစနစ်တစ်ခုတည်းဖြင့် မစီမံသင့်ပါကြောင်း။
ထိုစနစ်ထူထောင်ခြင်းဖြင့် အမှန်တကယ်လယ်ယာလုပ်ငန်းသုံးစွဲသူများကို ကူညီပေးနိုင်သကဲ့သို့ စက်သုံးဆီအလွဲသုံးစားမှုနှင့် ပြန်လည်ရောင်းချမှုများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အချုပ်အားဖြင့် ယခုသဝဏ်လွှာတွင် တင်ပြထားသည့် ဒီဇယ်ဆီ HSD 500 ppm နှင့် LNG အပေါ် အခွန်ကင်းလွတ်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် တစ်လထပ်မံတိုးမြှင့်ခွင့်ပြုရန် တင်ပြချက်ကို ထောက်ခံပါကြောင်း။
သို့သော် စက်တင်ဘာ ၃၀ ရက်နေ့ နောက်ပိုင်းတွင် အခွန်ကင်းလွတ်ခွင့်ကို ထပ်မံတိုးမြှင့်ရန် မလိုအပ် စေရေးအတွက် ရေရှည်တည်တံ့နိုင်သော လောင်စာဆီနှင့် စွမ်းအင်အခွန်မူဝါဒတစ်ရပ်ကို ကြိုတင်ပြင်ဆင် ရမည်ဖြစ်ပါကြောင်း၊ အခွန်ကင်းလွတ်ခွင့်မှ ရရှိသည့်အကျိုးကျေးဇူးများသည် တင်သွင်းသူများထံတွင်သာမကျန်ရှိဘဲ ဒီဇယ်ဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေးခ၊ စားသောက်ကုန်ဈေးနှုန်းနှင့် လျှပ်စစ်ဓာတ်အားခများအပေါ် အမှန်တကယ်သက်ရောက်မှုရှိ မရှိ စောင့်ကြည့် အကဲဖြတ်ရမည်ဖြစ်ပါကြောင်း။
လယ်ယာသုံးစက်ယန္တရားများအတွက် သီးခြားမှတ်ပုံတင်စနစ်၊ Fuel QR စနစ်နှင့် လောင်စာခွဲတမ်းစနစ်တို့ကို အမြန်ဆုံးဖော်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ အခွန်လျှော့ပေါ့မှုကြောင့် လျော့နည်းသွားသော အခွန်ဝင်ငွေများကို ပြန်လည်ဖြည့်ဆည်းရာတွင် ပြည်သူများ၏ အခြေခံစားသောက်ကုန်များနှင့် ထုတ်လုပ်မှုကဏ္ဍအပေါ် ထပ်မံဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စနစ်တကျစီမံရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွန်ကင်းလွတ်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် တစ်လထပ်မံတိုးမြှင့်ခွင့်ပြုရန် အကြံပြုဆွေးနွေးသည်။
ပေါင်းတည်မဲဆန္ဒနယ်မှ ဒေါ်ဆွေဆွေသင်းက စိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများ စိုက်ပျိုးရိတ်သိမ်းရာတွင် အဆင်ပြေစေရေးနှင့် အများပြည်သူအတွက် ဓာတ်အားခမြင့်တက်မှု မရှိစေရေးထိန်းညှိပေးရန် လိုအပ်လျက်ရှိသည့်အတွက် ဒီဇယ်ဆီ HSD (500 ppm) နှင့် ဓာတ်ငွေ့ရည်အပေါ်ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့်ကုန်သွယ်လုပ်ငန်းခွန်တို့ကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၃၇တွင် “ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်အထူးကုန်စည်ခွန်နှင့် ရတနာခွန်ကင်းလွတ် ခွင့်ပေးခြင်း သို့မဟုတ် သက်သာခွင့်ပေးခြင်းကို ဆောင်ရွက်နိုင်သည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။
သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်တို့အပေါ် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို နောက်ဆုံးအကြိမ် (၁) လ (၁.၉.၂၀၂၆ ရက်မှ ၃၀.၉.၂၀၂၆ ရက်အထိ) ထပ်မံတိုးမြှင့်၍ ခွင့်ပြုနိုင်ရေးအတွက် လေးလေး နက်နက်ထောက်ခံကြောင်း ဆွေးနွေးသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ ကုန်စည် ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုရသည့် ဒီဇယ်ဆီ HSD (500 ppm)ကို ကုန်ဈေးနှုန်းတည်ငြိမ်စေရန်၊ အများပြည်သူအတွက် လျှပ်စစ်ဓာတ်အားဈေးနှုန်း မြင့်တက်မှုမရှိစေရန်၊ ကုန်ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင်ပြေ ချောမွေ့စေရေးကို အဓိကဦးတည်ပြီး ဒီဇယ်ဆီ HSD (500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်(LNG)တို့အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ပါကြောင်း။
ထို့အတူ စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအသုံးပြုရ သည့် ဒီဇယ်ဆီ HSD(500 ppm)ကို ကုန်ဈေးနှုန်းတည်ငြိမ်စေရန်၊ လျှပ်စစ်ဓာတ်အားဈေးနှုန်း မြင့်တက်မှုမရှိစေရန်၊ ကုန်ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ရန်နှင့် အခြေခံပြည်သူလူထု၏ လူမှုစီးပွားဘဝအဆင်ပြေချောမွေ့စေရေးကို အဓိကဦးတည်ပြီး ဒီဇယ်ဆီ HSD (500 ppm)နှင့် သဘာဝဓာတ်ငွေ့ရည်(LNG)တို့အပေါ် အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် ထပ်မံ၍တိုးမြှင့်ခွင့်ပြုနိုင်ရေး ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူပေးနိုင်ပါရန် ပြန်လည်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများသည့်အတွက် လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အားအတည်ပြုပါဝင်သည့် စာလွှာကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘော တူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့်စာလွှာကို လက်မှတ်ရေးထိုး၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့ခြင်းဖြင့် အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အမြန်ဆုံးအသက်ဝင်၍ အာဆီယံဒေသတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဖူလုံရေးအစီအမံများ ချမှတ်ခြင်းနှင့် အနာဂတ်ကာလတွင် သဘာဝဘေး/စစ်ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် စွမ်းအင်ပြတ်လပ်မှုအခက်အခဲများကို တစ်နိုင်ငံချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ရေတို၊ ရေရှည် အရေးပေါ်တုံ့ပြန်မှုအစီအမံများ ချမှတ်ရေးဆွဲအကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်အကူအညီများရရှိနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။
အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက် မူဘောင်အသက်ဝင်နိုင်ရေးအတွက် စာချုပ်အား အတည်ပြုပါဝင်သည့်စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ကြိုတင်သဘောတူခဲ့ပြီးဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အာဆီယံရေနံဖူလုံမှုဆိုင်ရာ သဘောတူညီချက်မူဘောင် အသက်ဝင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ဖြင့် စာချုပ်အား အတည်ပြုပါဝင်သည့်စာလွှာကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘယ်လာရုစ်သမ္မတနိုင်ငံ၊ DBRB နှင့် Belinvestbank JSC တို့မှ ပို့ကုန်ချေးငွေရယူရေး ကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပို့ကုန်ချေးငွေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်က ပြည်ပသို့ ကုန်ပစ္စည်းများသို့မဟုတ်ဝန်ဆောင်မှုများ တင်ပို့ရောင်းချရာ၌ ဝယ်ယူသူ/ပစ္စည်းတင်သွင်းသူအနေဖြင့် ကျသင့်ငွေပေးချေရာတွင် ဘဏ်မှချေးငွေရယူ၍ ပေးချေခြင်းဖြစ်ပါကြောင်း၊ ယခု ပို့ကုန်ချေးငွေမှာ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ၊ ခေတ်မီစက်ပစ္စည်းကိရိယာများ၊ နည်းပညာနှင့်ဝန်ဆောင်မှုများကို မြန်မာနိုင်ငံမှ အစိုးရဌာန/ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းများက ဝယ်ယူရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ဘဏ်တစ်ခုခုမှ ချေးငွေရယူ၍ ပစ္စည်းဖိုးပေးချေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်က ဘယ်လာရုစ် သမ္မတနိုင်ငံမှဖြစ်ပြီး သွင်းကုန်လုပ်ငန်းရှင်က မြန်မာနိုင်ငံမှ ဖြစ်ပါကြောင်း။
ဘယ်လာရုစ်သမ္မတနိုင်ငံ၏ ပို့ကုန်ချေးငွေဖြင့် ဝယ်ယူနိုင်မည့် ပို့ကုန်ပစ္စည်းအမျိုးအစားများမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းများ၊ ကြားခံကုန်စည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အခြားကုန် ပစ္စည်းများဖြစ်ပါကြောင်း၊ ပို့ကုန်ချေးငွေရယူရန်အတွက် ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလသည် အများဆုံး(၁)နှစ်ဖြစ်ပြီး ချေးငွေသက်တမ်းမှာ (၁)နှစ်မှ (၅)နှစ်အထိ ဖြစ်ပါကြောင်း၊ ချေးငွေအား ရုရှားရူဘယ်(RUB) သို့မဟုတ် ဘယ်လာရုစ် ရူဘယ် (BYN) သို့မဟုတ် တရုတ်ယွမ်(CNY) သို့မဟုတ် အမေရိကန်ဒေါ်လာ (USD) သို့မဟုတ် ယူရို (EUR)စသည့် ငွေကြေးအမျိုးအစား (၅) မျိုးဖြင့် ရယူနိုင်ပါကြောင်း၊ အတိုးနှုန်းကို ချေးငွေရယူမည့် ငွေကြေး အမျိုးအစားနှင့် ပို့ကုန်ပစ္စည်းအုပ်စုအပေါ်မူတည်၍ သတ်မှတ်ထားပြီးဖြစ်ပါကြောင်း။
ချေးငွေရယူမည့် ငွေကြေးအမျိုးအစားအလိုက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလရှိ အတိုးနှုန်းဖြင့် တွက်ချက်ကြည့်ပါက အတိုးနှုန်းများမှာ အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းမှ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပို့ကုန်ချေးငွေရယူရာတွင် အတိုးနှုန်းအပြင် အာမခံကြေးကိုပါ ပေးဆောင်ရမည်ဖြစ်ပြီး အာမခံကြေးမှာ ချေးငွေသက်တမ်းအနည်း၊ အများအပေါ်မူတည်၍ ပြောင်းလဲမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပြီးဖြစ်ရာ လွှတ်တော်က သဘောတူပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်တို့က ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံးသို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို အောက်တိုဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


