နေပြည်တော် အောက်တိုဘာ ၂
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးဒသမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘုရားပတ်ဝန်းကျင်နှင့် ဆိပ်ကမ်းသန့်ရှင်း သာယာလှပရေး၊ ပြည်သူ့စစ်မှုထမ်း ပြီးစီးသူများအား ပြည်ပအလုပ်အကိုင်ရရှိရေး၊ နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ်ခံစားခွင့်ရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ တောင်သူတိုင်းရရှိရေးနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ကုန်ခြောက်ပစ္စည်းများနှင့် ထောက်ပံ့ကြေးများ ထောက်ပံ့ပေးရေးနှင့် လမ်းအဆင့်မြှင့်တင်ပေးနိုင် ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်းကိုးခုမေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဦးဉာဏ်ဝင်းထိုက်၏ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်၊ ဘုရားပတ်ဝန်းကျင်နှင့် ဗိုလ်တထောင် ဆိပ်ကမ်းတို့အား သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းအောင်က သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ကြီး သန့်ရှင်းသပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပရိဝုဏ်အတွင်း/အပြင် သန့်ရှင်း သပ်ရပ်ကြည်ညိုဖွယ်ဖြစ်စေရေး လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များအားလုံးသို့ ညှိနှိုင်းမေတ္တာရပ်ခံခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများသို့ ညွှန်ကြားထားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သမိုင်းဝင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ကြီး သန့်ရှင်းသပ်ရပ်သာယာလှပစေခြင်းနှင့် ဘုရားကြီးအနီးရှိ ဗိုလ်တထောင်ဆိပ်ကမ်းအား ဘုရားဖူးလာရင်းနှင့် တစ်ဆက်တည်း အပန်းဖြေသွားလာနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ သန့်ရှင်းသပ်ရပ်သာယာလှပ စေခြင်းတို့အား ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လေ့လာသုံးသပ်လျာထား လျက်ရှိပါကြောင်း ဖြေကြားသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင် ခဲ့သူများအနက် ဆန္ဒရှိသူများအား ပြည်ပအလုပ်အကိုင်ရရှိရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ်ကာလ ပြည့်မြောက်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူများအနက် ပြည်ပတွင်အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသူများအား ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာတွင် ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေး၊ ဝန်ဆောင်ခများသက်သာစေရေး သို့မဟုတ် အလုပ်ရှင်၏ ကုန်ကျစရိတ်ဖြင့် သွားရောက်အလုပ် လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများဖြင့် ချိတ်ဆက်ညှိနှိုင်းပြီး အလုပ်အကိုင်ရှာဖွေပေးခြင်း၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ စာရင်းပြုစုခြင်း၊ သွားရောက်လိုသည့် နိုင်ငံအပေါ်မူတည်၍ အရည်အချင်းစိစစ်ခြင်း၊ ကျွမ်းကျင်မှုသင်တန်း များပို့ချခြင်း၊ ပြည်ပသို့စေလွှတ်ရေးလုပ်ငန်းစဉ်များအား လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်၍ ပြည်ပသို့စေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ ကလေးဝမြို့နယ်တွင် ဒေသစရိတ်ခံစားခွင့်မရှိသည့် နေရာများသို့ ပြောင်းရွှေ့တာဝန်ထမ်းနေရသော နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ် ခံစားခွင့်ရရှိနိုင် ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသ/ကျေးရွာများမှ ဒေသစရိတ်ခံစားခွင့်မရှိသည့် ဒေသ/မြို့များသို့ ယာယီပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ အတွက် ဒေသစရိတ်ခံစားခွင့်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ နည်းဥပဒေ ၁၅၃ နည်းဥပဒေခွဲ(ခ)အရ ဒေသစရိတ် ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ်ခံစားခွင့်မရှိသည့် ဒေသသို့ ယာယီပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် ကာလအတွင်း၌ သတ်မှတ်ချက်များနှင့်ညီညွတ်မှသာလျှင် ဒေသစရိတ် ဆက်လက်ခံစားခွင့်ရှိပါကြောင်း၊ အဆိုပါသတ်မှတ်ချက်များမှာ ယာယီပြောင်းရွှေ့ သည့်ကာလသည် ကူးပြောင်းချိန်မပါဝင်ဘဲ လေးလ ထက်မကျော်လွန်ခြင်း၊ ယာယီပြောင်းသည့်ကာလ ကုန်ဆုံးလျှင် ဝန်ထမ်းအား ဒေသစရိတ်ခံစားခွင့်ရှိသည့် ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန် ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့်တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊ ယာယီပြောင်းရွှေ့သည့်ကာလတွင် ဝန်ထမ်းနှင့်အတူနေပြီး ဝန်ထမ်းအပေါ်တွင် လုံးဝမှီခိုနေရသည့် ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများ (လင်ပါမယားပါသားသမီးများနှင့် တရားဝင်မွေးစား သားသမီးများအပါအဝင်) ဖြစ်သော မိသားစုသည် မူလရာထူးတည်ရာဖြစ်သည့် ဒေသစရိတ်ခံစားခွင့်ရှိသော ဒေသ၌ ဆက်လက်နေထိုင်လျက်ရှိခြင်းတို့ ဖြစ်ပါကြောင်းနှင့် လက်ရှိစစ်ကိုင်းတိုင်းဒေသကြီး အခြေအနေအရ ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသ/ ကျေးရွာများမှ ဒေသစရိတ်ခံစားခွင့် မရှိသည့်ဒေသ/မြို့များသို့ ယာယီပြောင်းရွှေ့ (တွဲဖက်) တာဝန်ထမ်းဆောင် နေကြရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ(ခ)ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိလျှင် ဒေသစရိတ်ကို ခံစားခွင့်ရှိမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ၏ စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ပေးနေသော်လည်း ပုံစံ (၇) အမည်ကွဲမှုကြောင့် ချေးငွေမရ ခြင်းအား ထုတ်ချေးပေးနိုင်ရေး စီစဉ်ပေးရန်နှင့် တောင်သူတိုင်းရရှိနိုင်ရေးအတွက် မည်သို့ပြုလုပ်သွားမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ခရိုင်/မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများအနေဖြင့် (ပုံစံ-၇) အမည်ပေါက် ကွဲလွဲသူတောင်သူများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်ရှိပိုင်ဆိုင်သူ အမည်သို့ အမည်ပေါက်ပြောင်းလဲရေးကို မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခြင်း၊ အမည်ပြောင်း လျှောက်ထားရာတွင် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာလုပ်ကိုင်သူ တောင်သူများအနေဖြင့် ၎င်းတို့၏ လယ်ယာမြေ ပိုင်ဆိုင်မှု စနစ်တကျခိုင်မာစေရန်၊ လယ်ယာမြေ ပိုင်ဆိုင်မှုကိစ္စ အငြင်းပွားမှုမဖြစ်စေရန်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရန်အတွက်(ပုံစံ-၇)အမည်ပြောင်းဆောင်ရွက်ခြင်း၊ (ပုံစံ-၇)မရရှိသေးသည့် တောင်သူများအနေ ဖြင့်လည်း ပုံစံ-၇ ရရှိအောင်ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့်လည်း နိုင်ငံ့ ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် (ပုံစံ-၇) မူရင်းရရှိပြီးသည့် တောင်သူတိုင်း စိုက်ပျိုးစရိတ် ချေးငွေလက်လှမ်းမီရရှိနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် တောင်သူများသို့ စိုက်ပျိုးစရိတ် ချေးငွေတိုးမြှင့်ထုတ်ချေးရာတွင်(ပုံစံ-၇)အမည် ကွဲလွဲနေသော်လည်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ ချေးငွေထုတ်ချေးခွင့်ရရှိစေရေး ဖြေလျှော့ဆောင်ရွက်ထားပြီး စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးလျက်ရှိပါကြောင်း ဖြေကြားသည်။
စမ်းချောင်းမဲဆန္ဒနယ်မှ ဦးမျိုးသန့်၏ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့်ဝန်ထမ်းများအတွက် ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို ထောက်ပံ့ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်းက နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက် ပစ္စည်းများနှင့် စတုတ္ထအကြိမ်ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးနိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေ၊ ဘတ်ဂျက် ခံနိုင်ရည်ရှိမှုအခြေအနေနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့အပေါ်မူတည်၍ စိစစ်သုံးသပ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် အငြိမ်းစားယူမည့်ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာအပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှားစရိတ်၊ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ဒေသစရိတ်များ၊ တာဝန်ဖြင့် ခရီးသွားလာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်၊ ခရီးသွား နေ့တွက်စရိတ်၊ တည်းခိုစရိတ်နှင့် သီးခြားသတ်မှတ် ချက်များဖြင့် ခံစားခွင့်ပြုထားသည့် စရိတ်များနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာအပြင် အပိုထောက်ပံ့ကြေးတို့ကို ခံစားခွင့်ပြုလျက်ရှိနေ ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ်ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရမှ လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
ဓနုဖြူမဲဆန္ဒနယ်မှ ဦးနိုင်ဝင်း၏ ဓနုဖြူမြို့နယ် အလမျိုးကျေးရွာထိပ်မှ အလမျိုးအခြေခံပညာ အထက်တန်းကျောင်းရှေ့ထိ လမ်းပိုင်းအား ပြန်လည် အဆင့်မြှင့်တင်ပြင်ဆင်ပေးနိုင်ခြင်း အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အလမျိုး ကျေးရွာအဝင်လမ်းထိပ်မှ အလမျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့ထိ လမ်းပိုင်းသည် အလမျိုး-တောင်စုလမ်းအတွင်းပါဝင်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် Class (A) လမ်းဖြစ်၍ ဒုတိယဦးစားပေးအဆင့် တွင် ပါဝင်ပါကြောင်း၊ အဆိုပါ အလမျိုး-တောင်စုလမ်းသည် စုစုပေါင်းလမ်းအရှည် ၁ မိုင်ရှိပြီး ၇ ဒသမ ၁၂ ဖာလုံမှာ ကွန်ကရစ်လမ်းဖြစ်၍ ကျန် ၀ ဒသမ ၈၈ ဖာလုံမှာ ကျောက်ကြမ်းလမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၁၀ ပြည့်နှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ပြီး နှစ်ကာလကြာမြင့်လာပြီဖြစ်သည့်အတွက် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
အဆိုပါ အလမျိုးကျေးရွာအဝင်လမ်းထိပ်မှ အလမျိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရှေ့ထိ အရှည်ပေ ၂၀၀၀ အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ခန့်မှန်းငွေကျပ် ၄၁၈ ဒသမ ၁၄၀ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းအရှည် ပေ ၈၀၀ အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၏ ကျိုက်လတ်မြို့နယ် အောက်ဆင်ကူး - ပေချောင် ကျေးရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက အောက်ဆင်ကူး - ပေချောင် ကျေးရွာချင်းဆက်လမ်းသည် အမာခံလမ်း ၃ ဖာလုံ၊ မြေသားလမ်း ၄ မိုင် ၀ ဒသမ ၅ ဖာလုံ စုစုပေါင်း အရှည် ၄ မိုင် ၃ ဒသမ ၅ ဖာလုံရှိ Class-C အဆင့် လမ်းဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၁ ဖာလုံ အမာခံလမ်းခင်းခြင်း လုပ်ငန်းအား တိုင်းဒေသကြီး (ပြင်/ထိန်း) ရန်ပုံငွေဖြင့် ဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ ကျေးလက်လမ်း မဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သော လမ်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၃ ဖာလုံအား တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား လတ်တလော ဦးစားပေးအစီအစဉ်တွင် မပါဝင်သေးပါကြောင်း ဖြေကြားသည်။
ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးသန့်ဇော်၏ ကွမ်းခြံကုန်းမြို့နယ် ကြခတ်ကုန်းလေးနှင့် မြိုင်သာယာ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ်မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ကြခတ်ကုန်းလေးကျေးရွာနှင့် မြိုင်သာယာကျေးရွာချင်းဆက်လမ်းသည် ၂ မိုင် ၂ ဒသမ ၁၈ ဖာလုံရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသော Class B အဆင့် မြေသားလမ်းဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြေသားလမ်း ၂ မိုင် ၂ ဒသမ ၁၈ ဖာလုံ ဆောင်ရွက်ခဲ့ပြီး ယခုအခါ သွားလာရန် ခက်ခဲလျက်ရှိပါကြောင်း၊ အဆိုပါလမ်းအား မြေသားတာပေါင်ပြုပြင်ခြင်းနှင့် ကျောက်ချော လမ်းခင်းခြင်းအား ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ၂ မိုင် ၂ ဒသမ ၁၈ ဖာလုံအနက်မှ ၁ မိုင် ၄ ဒသမ ၅၃ ဖာလုံအား ကျောက်ချောခင်း ခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေတွင် လျာထားသွား မည်ဖြစ်ပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းအား လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အိမ်မဲမဲဆန္ဒနယ်မှ ဦးတင်ဦး၏ အိမ်မဲမြို့နယ် အိမ်မဲ - ဝါးခယ်မကားလမ်းမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာအုပ်စုချင်းဆက်လမ်း၏ မြေသားလမ်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက အိမ်မဲ-ဝါးခယ်မ ကားလမ်းမှ ကြာတန်းလမ်းသည် ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class-A အဆင့်ဖြစ်ပြီး ကျောက်ချော လမ်း ၁ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅ မိုင် ၃ ဒသမ ၅၂ ဖာလုံ စုစုပေါင်း ၆ မိုင် ၅ ဒသမ ၅၂ ဖာလုံ ရှိပါ ကြောင်း၊ အဆိုပါလမ်းအား ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် ၇ ဖာလုံ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၃ ဖာလုံ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အရှည် ၂ ဖာလုံ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်ကုန်တွင် ကျောက်ချောလမ်းအရှည် စုစုပေါင်း ၁ မိုင် ၄ ဖာလုံ ဆောင်ရွက်ပြီးစီးမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော မြေသားလမ်း အရှည် ၅ မိုင် ၁ ဒသမ ၅၂ ဖာလုံမှာ မိုးရာသီကာလတွင် သွားလာရခက်ခဲလျက်ရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ မြေသားလမ်းမှ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဆွေတင်သွင်းသည့် “မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအား ရိုးရာလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဥပဒေတစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်း၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဟေသားကြီးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့် အတွက် လယ်ယာကဏ္ဍတိုးတက်ခြင်းသည် လယ်သမားများ၏ ဝင်ငွေတိုးတက်ရေး တစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံစားနပ်ရိက္ခာ ဖူလုံရေး၊ ပြည်တွင်းစီးပွားဖွံ့ဖြိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတို့အတွက် အရေးကြီးပါကြောင်း၊ သို့သော် ယနေ့အချိန်ထိ လယ်ယာလုပ်ငန်းအများ အပြား၌လူအား၊ တိရစ္ဆာန်အားနှင့် ရိုးရာလယ်ယာ ကိရိယာများကို အားထားရဆဲဖြစ်ကြောင်း၊ ယင်းသို့ လုပ်ကိုင်ရခြင်းကြောင့် လုပ်သားလိုအပ်ချက် များပြားခြင်း၊ အချိန်ကြာမြင့်ခြင်း၊ ထုတ်လုပ်မှုကုန်ကျ စရိတ်မြင့်မားခြင်းနှင့် ရာသီအလိုက် လုပ်သားရှားပါးမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ယင်းကြောင့် စက်မှု လယ်ယာစနစ်ကို ဥပဒေ၊ ဘဏ္ဍာရေး၊ နည်းပညာ၊ လူ့စွမ်းအားနှင့် ဈေးကွက်တို့တစ်ပြိုင်တည်း ချိတ်ဆက်ပေးသည့်စနစ်တစ်ခုအဖြစ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ရိုးရာလယ်ယာစနစ်မှ ခေတ်မီစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခြင်းဆိုသည်မှာ လယ်သမားများ ၏အချိန်ကို တန်ဖိုးထားခြင်း၊ လုပ်အားကိုသက်သာစေခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချခြင်း၊ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ခြင်း၊ စားနပ်ရိက္ခာ ဖူလုံရေးကို ခိုင်မာစေခြင်းနှင့် ကျေးလက်စီးပွားရေးကို ခေတ်မီအောင်ပြောင်းလဲခြင်းတို့ ဖြစ်ပါကြောင်း၊ လယ်သမားများကို ဗဟိုပြု၍ စက်ယန္တရားငှားရမ်း ခြင်းဝန်ဆောင်မှု၊ ချေးငွေနှင့် ထောက်ပံ့ရေးစနစ်၊ လယ်ယာအခြေခံအဆောက်အအုံ၊ လူ့စွမ်းအားဖွံ့ဖြိုးရေး၊ စက်ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာဝန်ယူမှုရှိသော ဈေးကွက်စနစ်တို့ကို တစ်စုတစ်စည်းထည့်သွင်းထားသည့် ဥပဒေတစ်ရပ်ရေးဆွဲရန် အထူးလိုအပ်လျက်ရှိပါ ကြောင်းနှင့် အဆိုကို လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦးက လယ်ယာလုပ်ငန်းတွင် အချိန်သည် အလွန်အရေးကြီးပါကြောင်း၊ စိုက်ချိန်နောက်ကျလျှင် ရိတ်သိမ်းချိန်နှင့် ထွက်နှုန်းကိုပါ ထိခိုက်နိုင်ပါကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာ ဆိုသည်မှာ စက်ယန္တရားတစ်စီး ဝယ်ပေးခြင်းမျှမဟုတ်ဘဲ တောင်သူ၏အလုပ်ကို အချိန်မီပြီးမြောက်စေပြီး တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်ကို ထိန်းချုပ်ပေးနိုင်သည့် စနစ်တစ်ရပ် ဖြစ်ပါကြောင်း၊ ယနေ့တောင်သူများအတွက် စက်ယန္တရားကို တစ်ဦးချင်းဝယ်ယူပိုင်ဆိုင်ရန် မလွယ်ကူနိုင်ကြောင်း၊ ထို့ကြောင့် ဥပဒေတွင် “တောင်သူတိုင်း စက်ပိုင်ရှင်ဖြစ်ရမည်” ဆိုသည့်ပုံစံထက် “တောင်သူတိုင်း လိုအပ်သည့်အချိန်တွင် စက်အသုံးပြုခွင့်ရရှိရမည်” ဆိုသည့်မူကို အခြေခံသင့်ပါကြောင်း၊ ထို့ကြောင့် စက်ငှားရမ်းဝန်ဆောင်မှုစနစ်၊ စက်ဝန်ဆောင်မှုစခန်းများ၊ အရစ်ကျငွေပေးချေမှု၊ သင့်လျော်သောချေးငွေ၊ စက်ပြုပြင်ရေးနှင့် အပိုပစ္စည်း ရရှိရေးတို့ကို ဥပဒေဖြင့် အားပေးသင့်ပါကြောင်း။
ထို့ပြင် စက်မှုလယ်ယာသည် တောင်သူ၏ လုပ်အားကို သက်သာစေခြင်း၊ အချိန်မီလုပ်ငန်း ဆောင်ရွက်နိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ခြင်းနှင့် ဝင်ငွေတိုးတက်ရေးတို့နှင့် တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ထို့ကြောင့် အဆိုသည် စက်ဝယ်ယူရေးအဆိုမဟုတ်ဘဲ တောင်သူများ၏ ထုတ်လုပ်မှုစွမ်းအားနှင့် စီးပွားရေးအခြေအနေ မြှင့်တင်ရေးအဆိုဖြစ်ပါကြောင်း၊ အလားတူ စက်ဝန်ဆောင်မှုစခန်း၊ ငှားရမ်းခနှုန်းထား ဆိုင်ရာ မူဝါဒ၊ စက်ပြုပြင်ထိန်းသိမ်းရေးနှင့် တောင်သူအခွင့် အရေးများကို ထည့်သွင်းပြဋ္ဌာန်းပေးရန် အကြံပြုအပ်ပါကြောင်း၊ တောင်သူတိုင်း စက်မပိုင်နိုင်သော်လည်း တောင်သူတိုင်း စက်အသုံးပြုခွင့်ရရှိနိုင်ရေးသည် စက်မှုလယ်ယာဖွံ့ဖြိုးရေး၏ အခြေခံရည်မှန်းချက် ဖြစ်သင့်ပါကြောင်း၊ စက်မှုလယ်ယာကူးပြောင်း ရေးတွင် “ဘဏ္ဍာရေးစနစ်” သည် အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ထို့ကြောင့် စက်ဝယ်ယူရန် ချေးငွေ၊ အရစ်ကျစနစ်၊ ငှားရမ်း ဝယ်ယူစနစ်နှင့် စက်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အရင်းအနှီးပံ့ပိုးမှုတို့ကို စနစ်တကျ တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် စက်မှုလယ်ယာဖွံ့ဖြိုးရေးအတွက် သီးခြားဘဏ္ဍာရေး မူဝါဒတစ်ရပ် ချမှတ်သင့်ပါကြောင်းနှင့် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မြဝတီ မဲဆန္ဒနယ်မှ ဦးခင်မောင်ချင်းက စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို စနစ်တကျ ပြဋ္ဌာန်း အကောင်အထည်ဖော်နိုင်ပါက လယ်ယာ လုပ်ငန်းများ၏ စက်မှုလယ်ယာအသုံးပြုမှု တိုးတက်လာပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန် ထိရောက်လာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်သား လိုအပ်ချက်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်း၊ သီးနှံရိတ်သိမ်းချိန် နောက်ကျမှုနှင့် ရိတ်သိမ်းပြီးနောက် ဆုံးရှုံးမှုများကို လျှော့ချနိုင်ခြင်း ထိုမှတစ်ဆင့် တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူမှုစီးပွားရေးဘဝ တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် စက်မှုလယ်ယာကဏ္ဍ၏ လက်ရှိလိုအပ်ချက်များနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ တောင်သူလယ်သမားများ၏ စက်မှုလယ်ယာနည်းပညာနှင့် စက်ယန္တရားများ အသုံးပြုနိုင်မှုတိုးတက်စေရန်၊ လယ်ယာထုတ်လုပ်မှုမြှင့်တင်ရန်၊ နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို သီးခြားဥပဒေတစ်ရပ်အဖြစ် ပြဋ္ဌာန်းသင့်ပါကြောင်း အကြံပြုရင်း အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်းက စက်မှုလယ်ယာဖွံ့ဖြိုးရေးဥပဒေတွင် တောင်သူများအတွက် စက်ယန္တရား ဝယ်ယူရန် ချေးငွေနှင့်ငွေကြေးပံ့ပိုးမှုစနစ်များ၊ စက်ယန္တရားငှားရမ်းအသုံးပြုနိုင်သည့် စနစ်များ၊ ကျေးလက်ဒေသ အလိုက် စက်ယန္တရား ဝန်ဆောင်မှုစင်တာများ တည်ဆောက်ပေးခြင်း၊ စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးနှင့် အပိုပစ္စည်း ရရှိရေးစနစ်များနှင့် စက်ယန္တရားအသုံးပြုသူများအတွက် လက်တွေ့ကျွမ်းကျင်မှုနှင့် ဘေးကင်းလုံခြုံ ရေးသင်တန်းများ စသည့် လက်တွေ့ကျသည့်အချက်များပါဝင်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် တောင်သူတစ်ဦးချင်းစီ စက်ဝယ်နိုင်ရေးထက် တောင်သူများလိုအပ်သည့်အချိန်တွင် စက်ယန္တရားကို အလွယ်တကူအသုံးပြုနိုင်ရေးကို ပိုမိုအလေးထားသင့်ပါကြောင်း၊ ထို့အပြင် စက်မှုလယ်ယာဖွံ့ဖြိုး လာပါက စက်ပြုပြင်ရေး၊ အပိုပစ္စည်းထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်လာနိုင်သဖြင့် ကျေးလက်ဒေသတွင် အလုပ်အကိုင်နှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း များလည်း တိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူများအတွက် စက်ယန္တရား၊ ငွေကြေး၊ နည်းပညာနှင့် ဝန်ဆောင်မှုများကို တစ်စုတစ်စည်းတည်း ပံ့ပိုးပေးနိုင်မည့် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေတစ်ရပ် အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းရန် တိုက်တွန်းသည့် ယခုအဆိုကို အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကျေးသီးမဲဆန္ဒနယ်မှ ဒေါ်နန်းတင်ဦးက ယနေ့ခေတ် လယ်ယာစိုက်ပျိုးရေးသည် ရိုးရာလုပ်သားအင်အားနှင့် စက်ယန္တရားအသုံးပြုမှုအဆင့်တွင်သာ မရပ်တန့်တော့ဘဲ တိကျသောနည်းပညာ၊ သတင်းအချက်အလက်နှင့် အလိုအလျောက်စနစ်များ အသုံးပြုသည့် ခေတ်မီလယ်ယာစနစ်သို့ ကူးပြောင်းလာနေပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း ထွန်စက်၊ ရိတ်သိမ်းစက်များ အသုံးပြုခြင်းမှစ၍ မြေ၊ ရေ၊ မျိုးစေ့၊ မြေဩဇာနှင့် သီးနှံအခြေအနေများကို အချက်အလက်အပေါ်အခြေခံ၍ စီမံခန့်ခွဲသည့် လယ်ယာစနစ်များအထိ တဖြည်းဖြည်း တိုးတက် သွားရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် စက်ယန္တရားများ တင်သွင်းအသုံးပြုခြင်း တစ်ခုတည်းဖြင့် မလုံလောက်ဘဲ စံချိန်စံညွှန်း၊ စမ်းသပ်စစ်ဆေးမှု၊ ဘေးကင်းလုံခြုံရေး၊ နည်းပညာသုတေသန၊ ကျွမ်းကျင်လုပ်သားနှင့် ပြည်တွင်းစက်မှုလုပ်ငန်းတို့ကို တစ်ပြိုင်တည်း ဖွံ့ဖြိုးစေရန် လိုအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက် ရေးဥပဒေတစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပြီး နည်းပညာ၊ စံချိန်စံညွှန်း၊ လူ့စွမ်းအား၊ ပြည်တွင်း စက်မှုလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ပေးရန် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ တင်သွင်းသည့် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် တိုက်တွန်းသည့်အဆိုကို အလေးအနက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မိုင်းကိုင်မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းမွှေးက စက်မှုလယ်ယာ၏ အကျိုးကျေးဇူးကို လယ်သမား အနည်းစုသာရရှိပြီး တောင်သူအများစုမရရှိပါက နိုင်ငံ၏ စက်မှုလယ်ယာကူးပြောင်းရေးရည်မှန်းချက် မပြည့်စုံနိုင်ပါကြောင်း၊ ထို့ကြောင့် တောင်သူငယ်များအတွက် စက်ငှားရမ်းရေး၊ ငွေကြေးအထောက်အပံ့၊ စက်ဝန်ဆောင်မှုနှင့် နည်းပညာလက်လှမ်းမီရေးတို့ကို ဥပဒေတွင် တည့်သွင်းပေးရန် ထောက်ခံအပ်ပါကြောင်း၊ စက်မှုလယ်ယာဖွံ့ဖြိုးရေးကို ဆွေးနွေးရာတွင် တောင်သူများ၏ လုပ်သားအင်အားအခန်းကဏ္ဍကို လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ ကျေးလက်ဒေသတွင် လယ်ယာလုပ်သားရှားပါးလာခြင်း၊ အလုပ်သမားစရိတ် မြင့်တက်လာခြင်းတို့သည် လယ်ယာကုန်ထုတ်လုပ်မှုအပေါ် သက်ရောက်နိုင်ပါကြောင်း၊ စက်မှုလယ်ယာသည် လုပ်အားလိုအပ်ချက်ကို လျှော့ချနိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ သို့သော် စက်မှုလယ်ယာကြောင့် လူအလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ဆိုသည့် စိုးရိမ်မှုကိုလည်း လျစ်လျူရှု၍ မရပါကြောင်း၊ အမျိုးသမီး တောင်သူများအတွက်လည်း လေးလံသောလုပ်အား လိုအပ်သည့် လယ်ယာလုပ်ငန်းများကို စက်ဖြင့်လျှော့ချနိုင်ခြင်းသည် အကျိုးရှိနိုင်ပါကြောင်း၊ ထို့ကြောင့် စက်ငှားရမ်းရေးနှင့် သင်တန်းများတွင် အမျိုးသမီးများနှင့် လူငယ်များလက်လှမ်းမီနိုင်ရေးကို ထည့်သွင်းသင့်ပါကြောင်း၊ စက်မှုလယ်ယာသည် လူကိုဖယ်ရှားရန်မဟုတ်ပါကြောင်း၊ လူ၏လုပ်အားကို ပိုမိုတန်ဖိုးရှိသော နည်းပညာနှင့်စီမံခန့်ခွဲမှု လုပ်ငန်းများသို့ ပြောင်းလဲပေးရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်မှုလယ်ယာဥပဒေတွင် လူငယ်နှင့်အမျိုးသမီးများအတွက် လေ့ကျင့်ရေးနှင့် လုပ်ငန်းအခွင့်အလမ်းများထည့်သွင်းပေးရန် ဒေါက်တာ ကျော်ဆွေ(တောင်တွင်းကြီးမဲဆန္ဒနယ်) မှ တင်သွင်းသည့် စက်မှုလယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေရေးဆွဲပြဋ္ဌာန်း ရန် တိုက်တွန်းသည့်အဆိုကို အလေးအနက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တမူး မဲဆန္ဒနယ်မှ ဦးအောင်ကိုလတ်က စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ပါက လုပ်သား လိုအပ်ချက်လျှော့ချနိုင်ခြင်း၊ အချိန်မီ ထွန်ယက်/ စိုက်ပျိုး/ ရိတ်သိမ်းနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျ စရိတ်လျှော့ချနိုင်ခြင်း၊ စိုက်ပျိုးချိန်/ရိတ်သိမ်း ချိန် နောက်ကျမှုကြောင့်ဖြစ်သော ဆုံးရှုံးမှုများလျှော့ချနိုင်ခြင်း၊ လယ်ယာထုတ်ကုန်အရည်အသွေး မြှင့်တင်နိုင်ခြင်း၊ လူငယ်များလယ်ယာကဏ္ဍသို့ နည်းပညာဖြင့် ပြန်လည်ဝင်ရောက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်ပါကြောင်း၊ တောင်သူတစ်ဦးချင်းစီအတွက် လယ်ထွန်စက်၊ ရိတ်သိမ်းစက်၊ အခြောက်ခံစက်တို့ကို ပိုင်ဆိုင်ရန်ထက် မိမိလိုအပ်သည့်အချိန်တွင် အရည်အသွေး ကောင်းမွန်သောစက်ကို သင့်တင့်သောဈေးနှုန်းဖြင့် အသုံးပြုနိုင်ခြင်းက ပို၍အရေးကြီးပါကြောင်း၊
ထို့ကြောင့် ကျေးရွာအုပ်စုအလိုက်၊ သမဝါယမအဖွဲ့အလိုက်၊ တောင်သူအဖွဲ့အလိုက် စက်ယန္တရားများကို ပူးပေါင်းအသုံးပြုနိုင်သည့် စနစ်တစ်ရပ် ဖော်ဆောင် ပေးရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ဤအဆိုသည် “တောင်သူတိုင်း စက်ပိုင်ရှင်ဖြစ်ရေး” မဟုတ်ဘဲ “တောင်သူတိုင်း စက်မှုလယ်ယာဝန်ဆောင်မှုကို အပြည့်အဝရရှိ အသုံးပြုနိုင်ရေး” ဖြစ်သင့်ပါကြောင်းနှင့် စက်မှုလယ်ယာဖွံ့ဖြိုးရေး ဥပဒေပြဋ္ဌာန်းခြင်းသည် စက်ယန္တရားများ ပိုမိုဝယ်ယူအသုံးပြုရန်အတွက်သာမဟုတ်ဘဲ မြန်မာ့လယ်ယာကဏ္ဍ၏ စိုက်ပျိုး၊ ထုတ်လုပ်မှုစနစ်တစ်ခုလုံးကို ရိုးရာစနစ်မှ ခေတ်မီထိရောက်ပြီး ယှဉ်ပြိုင်နိုင်သော စိုက်ပျိုးရေးစနစ်သို့ ပြောင်းလဲရန်အတွက်ဖြစ်သည့်အတွက် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ပင်းတယမဲဆန္ဒနယ်မှ ဦးဝင်းဇော်က စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ရာတွင် စက်ယန္တရားများကို ဝယ်ယူတင်သွင်းပေးရုံဖြင့် ရေရှည်တည်တံ့သော စက်မှုလယ်ယာစနစ်တစ်ရပ် မဖြစ်နိုင်သည့်အတွက် စက်ယန္တရားထုတ်လုပ်နိုင်သည့် နိုင်ငံသို့ တဖြည်းဖြည်းကူးပြောင်းရန် လိုအပ်ပါကြောင်း၊ ယနေ့လယ်ယာကဏ္ဍတွင် စက်များ ပိုမိုအသုံးပြုလာသည်နှင့်အမျှ ပြည်တွင်းစက်ယန္တရား ထုတ်လုပ်ရေး၊ အပိုပစ္စည်းထုတ်လုပ်ရေး၊ တပ်ဆင်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို အားပေးသည့် မူဝါဒထည့်သွင်းသင့်ပါကြောင်း၊ တောင်သူများ၏ အမှန်တကယ်လိုအပ်ချက်နှင့်ကိုက်ညီသည့် စက်များကို ပြည်တွင်းတွင် ထုတ်လုပ်နိုင်ပါက လယ်ယာ ကဏ္ဍတစ်ခုတည်းကိုသာ အကျိုးပြုမည်မဟုတ်ဘဲ သံမဏိ၊ လျှပ်စစ်၊ စက်မှုထုတ်လုပ်ရေး၊ အင်ဂျင်နီယာ၊ အပိုပစ္စည်းထုတ်လုပ်ရေးနှင့် နည်းပညာဝန်ဆောင်မှု ကဏ္ဍများကိုပါ အကျိုးသက်ရောက်စေမည်ဖြစ်ပါကြောင်း။
စက်မှုလယ်ယာဖွံ့ဖြိုးရေးတွင် စက်ယန္တရားသည် အရင်းအနှီးကြီးမားသည့် ပစ္စည်းတစ်ခုဖြစ်ပြီး အန္တရာယ်နှင့်လည်း ဆက်စပ်နေသည့်အတွက် စက်မှုလယ်ယာဥပဒေကိုပြုစုရာတွင် စက်ယန္တရား ဝယ်ယူရေးအတွက် ငွေကြေးထောက်ပံ့မှုနှင့်အတူ စက်ယန္တရားအာမခံ၊ သဘာဝဘေးအန္တရာယ်နှင့် ချေးငွေအန္တရာယ်စီမံခန့်ခွဲရေးကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါကြောင်း၊ ထို့ကြောင့် ဥပဒေတွင် အစိုးရ၊ ဘဏ်များ၊ အာမခံလုပ်ငန်းများနှင့် တောင်သူ အဖွဲ့များပူးပေါင်း၍ စက်မှုလယ်ယာအတွက် သင့်လျော်သည့် အာမခံနှင့်အန္တရာယ်စီမံခန့်ခွဲရေး စနစ်များဖော်ဆောင်နိုင်ရန် အခြေခံမူများ ထည့်သွင်းသင့်ပါကြောင်း ဆွေးနွေးသည်။
တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လွန်ခဲ့သောနှစ်ပေါင်း(၁ဝဝ)ကျော်ခန့်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်နှင့်အညီ ယနေ့ခေတ် စက်ယန္တရားများ အသုံးပြုမှု၊ ငှားရမ်းဝန်ဆောင်မှု၊ စက်ပြုပြင်ထိန်းသိမ်းမှု၊ စက်ပစ္စည်းအရည်အသွေးနှင့် လုံခြုံရေးများ၊ နည်းပညာသင်တန်းနှင့် ပုဂ္ဂလိကကဏ္ဍပါဝင်မှုများသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကျယ်ပြန့် ဖွံ့ဖြိုးတိုးတက်လာနေသည့်အတွက် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသည် အတိအကျ လိုအပ် နေပြီဖြစ်ပါကြောင်း၊ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း အကျိုးရှိစေပြီး အထောက်အပံ့ကောင်းများစွာ ဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း။
ထို့ပြင် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးကို ရေရှည်တည်တံ့စေမည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာနိုင်ငံမြေမျက်နှာသွင်ပြင်၊ မြေအမျိုးအစား၊ ရာသီဥတု၊ သီးနှံပုံစံတို့နှင့် ကိုက်ညီစေမည့် စက်ယန္တရားများကို သုတေသနများပြုလုပ်ပြီး ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစက်ယန္တရား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေး၊ တောင်သူလယ်သမားများအတွက် လက်တွေ့အသုံးဝင်စေမည့် နည်းပညာများ ဖြန့်ဝေထောက်ပံ့ပေးနိုင်စေရေးကို အလေးအနက်ထားကာ ဥပဒေများဖြင့် အကာအကွယ်ပေး အားပေးအားမြှောက်ပြုရမည် ဖြစ်သည့်အတွက်အဆိုကို အပြည့်အဝထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်၊ မြို့သစ်မဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးသန်းရွှေ၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးမိုးတင်နှင့် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်တို့က ဆက်လက် ဆွေးနွေးကြသည်။
ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိကအခြေခံထားပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် မှီတင်းနေထိုင်လျက်ရှိကြပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် စိုက်ပျိုးရေးကဏ္ဍသည် အဓိကအရေးပါသော အခန်းကဏ္ဍမှပါဝင်နေသဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းတွင် စက်ယန္တရားနှင့် ခေတ်မီနည်းပညာများကို ထိရောက်စွာ အသုံးချနိုင်ရေးသည် အရေးကြီးသော လိုအပ်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် လူအင်အားအပေါ် အလွန်အကျွံမှီခိုအသုံးပြုမှုကို လျှော့ချနိုင်ရန်၊ လယ်ယာလုပ်ငန်း၏ ထုတ်လုပ်မှု စွမ်းရည်နှင့်ထိရောက်မှုကို မြှင့်တင်နိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ပြီး တောင်သူ ဝင်ငွေတိုးစေရန်၊ ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန်၊ တောင်သူလယ်သမားများအတွက် စက်ယန္တရားအသုံးပြုနိုင်မှုကို တိုးမြှင့်နိုင်ရန်တို့အတွက် ခေတ်မီစက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
စက်ကိရိယာများကို ထိရောက်စွာ အသုံးပြုခြင်းဖြင့် အချိန်တိုအတွင်း စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ကာ သီးထပ်စွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်သကဲ့သို့ ရိတ်သိမ်းချိန်မှန်ကန်ခြင်းနှင့် လေလွင့်ပြုန်းတီးမှုကို လျှော့ချပေးနိုင်သဖြင့် သီးနှံထုတ်လုပ်မှုတိုးတက်လာပြီး သီးနှံအရည်အသွေးကိုလည်း ပိုမိုကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တောင်သူများ စက်ပစ္စည်းဝယ်ယူပိုင်ဆိုင်ခြင်းကိုသာ အခြေခံခြင်းမပြုဘဲ ငှားရမ်းအသုံးပြုခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ သမဝါယမနှင့် စုပေါင်းအသုံးပြုခြင်း၊ သင့်လျော်သော ငွေကြေးထောက်ပံ့မှု၊ နည်းပညာသင်တန်း၊ အရည်အသွေးစစ်ဆေးမှု၊ လေ့ကျင့်ရေး၊ ပြည်တွင်းထုတ်လုပ်မှုနှင့် တောင်သူအခွင့်အရေး ကာကွယ်မှုတို့ကို တစ်ခုတည်းသော စက်မှုလယ်ယာစနစ် လွှမ်းခြုံဖော်ဆောင်နိုင်အောင် ဥပဒေတစ်ရပ်ကို ခိုင်မာစွာပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းဖြင့် စက်ကိရိယာဝယ်ယူလိုသည့် တောင်သူများအတွက် သက်သာသော အတိုးနှုန်းဖြင့် ရေရှည်ချေးငွေစနစ်များ၊ အရစ်ကျစနစ်များနှင့် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒများကို တရားဝင်အကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဥပဒေတွင် စက်မှုလယ်ယာဝန်ဆောင်မှု အခန်းကဏ္ဍထည့်သွင်းရေးဆွဲခြင်း၊ လယ်ယာသုံးစက်ကိရိယာများ၏ အရည်အသွေးစမ်းသပ်ခြင်း၊ အကဲဖြတ်ခြင်း၊ မှတ်ပုံတင်ခြင်း၊ စံသတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အသုံးပြုမည့် တောင်သူလယ်သမားများ၏ စိတ်ချယုံကြည်မှုကို ရရှိစေမည်ဖြစ်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည့်အပေါ်တွင်လည်း ဝန်ကြီးဌာနအနေဖြင့် များစွာအသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးအကြံပြုချက်များကို လိုအပ်သလို ဖြည့်စွက်ထည့်သွင်းရေးဆွဲသွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်က ချမှတ်ထားသော စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေး မူဝါဒနှင့်အညီ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် လယ်ယာ ကုန်ထုတ်စွမ်းအားမြင့်မားပြီး တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရောက်ရှိစေရန်၊ တောင်သူ လယ်သမားများနှင့် ဒေသခံလယ်သမား အစုအဖွဲ့များက ခေတ်မီလယ်ယာစိုက်ပျိုးရေးစနစ်ထူထောင်နိုင်သည့် သင့်လျော်သော လယ်ယာသုံးစက်ကိရိယာများ အသုံးပြုရေးကို ပံ့ပိုးကူညီပြီး အားပေးမြှင့်တင်ရန်၊ လယ်ယာသုံးစက်ကိရိယာများကို အရည်အသွေး အာမခံချက်ပြည့်မီစွာ ပြည်တွင်း၌ ထုတ်လုပ်နိုင် ရေးနှင့် တောင်သူများ လက်လှမ်းမီစွာ ဝယ်ယူ၊ ငှားရမ်းအသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်က ထောက်ပံ့ကူညီပေးနိုင်ရန်၊ သမားရိုးကျ လက်မှုလယ်ယာစနစ်မှ ရေရှည်တည်တံ့သည့် စက်မှုလယ်ယာ စနစ်သို့ စနစ်တကျကူးပြောင်းနိုင်ရန် စသည့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေမည့် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးကျေးဇူးများ ကြီးမားစွာ ဖြစ်ထွန်းစေနိုင်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့်လည်း လက်ရှိတွင် အခန်း(၁၆) ခန်း ပါရှိ သည့် စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော် ရေးဆွဲလျက်ရှိပြီး ဆက်လက်၍လည်း ထပ်မံဖြည့်စွက်သင့်သည့် အချက်များကို ဖြည့်စွက်ရေးဆွဲသွားမည်ဖြစ်ပါသဖြင့် ဝန်ကြီးဌာနမှ ရည်မှန်းဆောင်ရွက်နေမှုနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ အဆိုတင်သွင်းမှုမှာ ကိုက်ညီမှုရှိပြီး အလွန်တရာအကျိုးရှိသော အဆိုတစ်ရပ်လည်းဖြစ်သည့်အတွက် အဆိုအပေါ် ထောက်ခံပါကြောင်းနှင့် ဥပဒေအမြန်ဆုံးပေါ်ပေါက်ရေး အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ သည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


