နေပြည်တော် အောက်တိုဘာ ၂၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေး၊ မြို့ရှောင်လမ်းဖောက်လုပ်ပေးနိုင်ရေး၊ မီးရထားပြေးဆွဲပေးနိုင်ရေး၊ သက်တမ်းလွန် မော်တော်ယာဉ်/ဆိုင်ကယ်များအား မှတ်ပုံတင်ခွင့်ပြု နိုင်ရေး၊ လျှပ်စစ်ဓာတ်အားပေးမီးစက် ပံ့ပိုးပေးနိုင်ရေး၊ တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်ပေးနိုင်ရေး၊ လက်ထောက်ဆရာဝန် (အထူးကု) တာဝန်ချထားပေးနိုင်ရေး၊ ကျောက်စီ ကွန်ကရစ်ရေသွယ်မြောင်းနှင့် ကျောက်စီမြေထိန်း နံရံပြုလုပ်ပေးရန်တို့နှင့် စပ်လျဉ်း၍ မေးခွန်း ၁၅ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ လေရှီးမဲဆန္ဒနယ်မှ ဦးဗွီးဆန်း၏ လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ထမံသီ- လေရှီး- ပန်ဆပ်- ဆွမ္မရာလမ်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လေရှီးမြို့နယ်အတွင်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ ဒသမ ၅ ဖာလုံ၊ ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်း၊ တံတားချဉ်းကပ်လမ်းနေရာအား ကျောက်တောင်မိုင်းခွဲလမ်းချဲ့၍ ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း၊ ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း တံတားတစ်စင်း တည်ဆောက်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါကြောင်း။
ထို့ပြင် ထမံသီ- လေရှီး- ပန်ဆပ်- ဆွမ္မရာလမ်း၏ လေရှီးနှင့် ဆွမ္မရာအကြား ရာသီမရွေးသွားလာနိုင်ရေး လမ်းအဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ ၂၀၃၁-၂၀၃၂ ဘဏ္ဍာ ရေးနှစ်အထိ (၅)နှစ် စီမံချက်ရေးဆွဲထားပြီး နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် လမ်းပျက်စီးမှုများပြားသော နေရာများတွင် လမ်းချောမွေ့စွာ သွားလာနိုင်ရေး ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းအတက်အဆင်း မတ်စောက်သောနေရာများတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ လိုအပ်သောနေရာများတွင် ကျောက်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်းတံတားများ တည်ဆောက်ခြင်း၊ ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းများအား ရန်ပုံငွေလျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်၏ မင်းလှမြို့နယ် သဲကောရွာမှ ထန်းပင်ကုန်းတံတားအထိ ပျက်စီးနေသောလမ်းအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းပိုင်းသည် မင်းလှမြို့နယ်နှင့် မိုးညိုမြို့နယ်တို့အား ဆက်သွယ်ထားသည့် ၁၇ မိုင် ၁ ဖာလုံအရှည်ရှိသော ရှမ်းတော- မင်းလှ- အင်းဘုတ်ကုန်း- မိုးညိုလမ်း၏ အစိတ်အပိုင်းဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် သဲကောရွာမှ ထန်းပင်ကုန်းရွာအထိ လမ်းပိုင်း၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ၁ ဖာလုံ၊ အနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၂ ဖာလုံ လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ သဲကောရွာအနောက်ထိပ်မှ ထန်းပင်ကုန်းတံတားအထိ လမ်းပိုင်းတွင် ပျက်စီးမှုဖြစ်ပေါ်နေသော နေရာများအား သွားလာမှုအဆင်ပြေ ချောမွေ့စေရန် လမ်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နှစ်အလိုက်ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးကျော်ကျော်အောင်၏ ဗလမင်းထင် တံတားအဆင်းမှ ဝိုင်းမော်မြို့နယ် နောင်တာလော ရွာအထိလမ်းအား နိုင်လွန်ကတ္တရာ သို့မဟုတ် ကတ္တရာထပ်ပိုးလွှာခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်တာလောကျေးရွာမှ ဗလမင်းထင် တံတားအဆင်းအထိ လမ်းအရှည် ၃ မိုင် ၄ ဖာလုံလမ်းပိုင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၃ ဖာလုံအား ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း၊ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ၃ ဖာလုံနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ၂ မိုင် ၆ ဖာလုံ ကတ္တရာကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရန် ရန်ပုံငွေလျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျောက်ဆည်မဲဆန္ဒနယ်မှ ဦးအောင်မြင့်သန်း၏ ကျောက်ဆည်မြို့နှင့် ဆက်သွယ်သောလမ်း ရွှေဒါး-သပြေဝန်းလမ်းပိုင်းအား မည်သည့်ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးမည်ကို သိရှိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျောက်ဆည်မြို့နယ်အတွင်းရှိ အရှေ့ငယ်တိုး ကျေးရွာ၊ ရွှေဒါးကျေးရွာ၊ သပြေဝန်းကျေးရွာတို့မှ ခရိုင်ချင်းဆက်လမ်းအမှတ်(၂)သို့ ဆက်သွယ်သွားလာနိုင်သည့် အဆိုပါလမ်းအား ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် မူလကျောက်လမ်းအရှည် ၇ ဖာလုံအား ကတ္တရာခင်းခြင်း၊ ပျက်စီးနေသော ကျောက်လမ်း အရှည် ၄ ဖာလုံအား ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို နှစ်အလိုက် ဆက်လက်လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုးနဲမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းလင်း၏ ကျိုင်းတောင်း-ဆိုင်းခေါင်လမ်းပိုင်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် စတင်မည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကျိုင်းတောင်း-ဆိုင်းခေါင်လမ်းပိုင်း အရှည် ၂၅ မိုင်သည် တစ်ကြောင်းထိုး မြေသားလမ်း အဆင့်သာရှိပြီး နယ်မြေအခြေအနေအရ သွားလာရန်ခက်ခဲခြင်းတို့ကြောင့် ခရီးသွားလာမှုမရှိသလောက် နည်းပါးပါကြောင်း၊ အဆိုပါ မြေသားလမ်းပိုင်းအား သတ်မှတ်လမ်းအကျယ် ရရှိစေရန် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ မြေသားတာပေါင်ချဲ့ခြင်း၊ လိုအပ်သောနေရာများတွင် တံတား/ရေပြွန်များ တည်ဆောက်ခြင်း၊ မြေလမ်းအဆင့်မှ ကတ္တရာလမ်းအဆင့်သို့ အဆင့်ဆင့်တိုးမြှင့် တည်ဆောက်ပေးနိုင်ရန်နှစ်အလိုက် ရန်ပုံငွေ လျာထားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။
ပင်းတယမဲဆန္ဒနယ်မှ ဦးဝင်းဇော်၏ ပင်းတယမြို့ရှောင်လမ်းကို မည်သည့်ဘဏ္ဍာနှစ်တွင် ဖောက်လုပ်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပင်းတယ မြို့ရှောင်လမ်းဖောက်လုပ်မည်ဆိုပါက လမ်းအူကြောင်းရှာဖွေခြင်း၊ ဒီဇိုင်းတိုင်းတာ ပုံထုတ်ခြင်း၊ စီမံကိန်း တန်ဖိုးတွက်ချက်ခြင်းနှင့် ခွင့်ပြုချက်တင်ပြတောင်းခံခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်လမ်း နယ်နိမိတ်အကျယ် ရရှိနိုင်မှု ရှိ၊ မရှိ၊ မြေယာပိုင်ဆိုင်မှုနှင့် မြေယာလျော်ကြေး ကိစ္စများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရေးအတွက် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ဖောက်လုပ်မည့် ကုန်ကျစရိတ်များစသည့် အချက်အလက်များကို တွက်ချက် စဉ်းစားသုံးသပ်ပြီးမှသာလျှင် ဆောင်ရွက်ရမည် ဖြစ်ပါသဖြင့် လတ်တလောတွင် ပင်းတယမြို့ရှောင်လမ်း ဖောက်လုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
မချမ်းဘောမဲဆန္ဒနယ်မှ ဦးငွါးရဲ့ဆဲ၏ မချမ်းဘောမြို့တွင်း လမ်းပိုင်းအား မည်သည့်ဘဏ္ဍာနှစ်တွင် တိုးချဲ့ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မချမ်းဘော မြို့တွင်းလမ်း၏ ကတ္တရာလမ်း ၃ မိုင်တွင် ၁၈ ပေ အကျယ်လမ်းချဲ့ပြီး ၆ ဖာလုံရှိပါကြောင်း၊ ၁၈ ပေ အကျယ်ချဲ့ရန် ကျန် ၂ မိုင် ၂ ဖာလုံအတွက် လမ်းခင်းပစ္စည်းများ သယ်ယူရရှိနိုင်မည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မော်လမြိုင်မဲဆန္ဒနယ်မှ ဒေါ်ဥမ္မာဌေး၏ မော်လမြိုင်မြို့နှင့် နေပြည်တော်သို့ ဆက်သွယ်သော မီးရထားအား မည်သည့်အချိန်တွင် စတင်ပြေးဆွဲမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မော်လမြိုင်မြို့နှင့် နေပြည်တော်သို့ ဆက်သွယ်ထားသော နေပြည်တော်- တောင်ငူ- အိမ်ခြေလေးဆယ်-ဆတ်သွားကုန်း- မော်လမြိုင် ရထားလမ်းပိုင်းသည် ၂၀၀၇ ခုနှစ် ဧပြီလမှစ၍ နေပြည်တော်-မော်လမြိုင် ရထားနှင့် အမှတ်(၁၈/၁၇) မော်လမြိုင်-နေပြည်တော် ရထားများပြေးဆွဲပေးခဲ့ပြီး ခရီးသည်စီးနင်းမှု နည်းပါးသည့်အတွက် နိုင်ငံတော်မှ အရှုံးခံပြေးဆွဲ၍ ဝန်ဆောင်မှုပေးခဲ့ပါကြောင်း။
သို့သော်လည်း နေပြည်တော်- မော်လမြိုင် တိုက်ရိုက်ရထားများ ပြေးဆွဲပေးခြင်းမရှိသေးသော်လည်း ရန်ကုန်- ပဲခူး- မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်- ပဲခူး- တောင်ငူ- နေပြည်တော် ရထားလမ်းပိုင်းတို့တွင် ခေတ်မီ DEMU ရထားတွဲဆိုင်းများနှင့် ပုံမှန်အမြန်ရထားများ၊ ခရီးတိုရထားများအဖြစ် RBE၊ BEMU များနှင့် ပဲခူး- တောင်ငူ- နေပြည်တော်လမ်းပိုင်းတွင် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိသည့်အတွက် မော်လမြိုင်မှ ပဲခူး၊ ပဲခူးမှ နေပြည်တော်အထိ အဆင်ပြေချောမွေ့စွာ ချိတ်ဆက်၍ ခရီးသွားလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မော်လမြိုင်မှ နေပြည်တော်သို့ တိုက်ရိုက်ရထားများ ပြေးဆွဲပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားသည်။
ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဒေါ်မော်မော်ခိုင်၏ သက်တမ်းလွန် မော်တော်ယာဉ်/ ဆိုင်ကယ်များအား မှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်နှင့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင် သက်သေခံလက်မှတ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မှတ်ပုံတင်ထားသည့် (၅)နှစ်ကျော် သက်တမ်းလွန် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၁ (က) ပုဒ်မခွဲ ၃ အရ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေး၍ မရပါကြောင်းနှင့် နယ်မြေဒေသ လုံခြုံရေးအခြေအနေ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် မှတ်ပုံတင်ထားသည့်ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသော မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်များကိုသာ နယ်မြေဒေသ အခြေအနေအပေါ်မူတည်၍ အထူးကိစ္စတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်၊ မှတ်ပုံတင် သက်သေခံလက်မှတ် ပျက်စီး၊ ပျောက်ဆုံးခြင်းများအတွက် သတ်မှတ်ထားသည့် အထောက်အထားများအား စိစစ်၍ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားသည်။
မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ မြို့နယ်ပြည်သူ့ဆေးရုံအတွက် လျှပ်စစ်ဓာတ်အားပေးမီးစက် ပံ့ပိုးရန်မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက မိုးညိုမြို့နယ်ဆေးရုံအတွက် လိုအပ်သော 25 KVA Generator ကို ကုသရေးဦးစီးဌာနမှ 25 KVA Generator (၁)လုံး ထောက်ပံ့ပေးပြီး ယခုအခါ တပ်ဆင်ပြီးစီးကြောင်း ပြန်လည်ဖြေကြားသည်။
ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ ဒေါင့်ကြီးတိုက်နယ်ဆေးရုံအား ပြန်လည်တည်ဆောက်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းအိမ်ရာအသစ် တည်ဆောက်ပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ကျောင်းကုန်းမြို့နယ် ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်း ၄ ခုအား ၂၀၁၈-၂၀၁၉ မှ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်း ၃၈ ရာခိုင်နှုန်းစီ ပြီးစီးခဲ့၍ ငွေပေးချေခဲ့ပြီးဖြစ်ပါကြောင်း၊ ကုမ္ပဏီမှလုပ်ငန်းများ ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ငန်းစဉ်များအား တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှစိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ၏ ကျန်ရှိလုပ်ငန်းများအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေပြန်လည်လျာထားပေးမည်ဖြစ်ပြီး တိုက်နယ်ဆေးရုံအဆောက်အအုံကို ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်၏ ဝေါမြို့နယ်ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန် (အထူးကု)တစ်ဦးကို မည်သည့်အချိန်တွင် တာဝန်ချထားပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့်အတူ လက်ထောက်ဆရာဝန်လေးဦး၊ သွားနှင့်ခံတွင်းဆရာဝန် တစ်ဦး၊ သူနာပြု ၁၃ ဦးနှင့် အခြားကျန်းမာရေးဝန်ထမ်း ၃၀ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဝေါမြို့နယ်ပြည်သူ့ဆေးရုံသည် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံဖြစ်ပါသဖြင့် အထူးကုဆရာဝန်များ ခန့်ထားရန်အတွက် ဖွဲ့စည်းပုံမရှိသေးပါကြောင်းပြန်လည် ဖြေကြားသည်။
မိုင်းယောင်းမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ခမ်း၏ မိုင်းယောင်းမြို့နယ် နမ့်ဟင်းချောင်း လက်ရိုက်ရေလွှဲဆည်အား ကျောက်စီကွန်ကရစ် ရေလွှဲဆည် တည်ဆောက်ပေးရန် မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုင်းယောင်းမြို့နယ်ရှိ နောင်ဘိုးကျေးရွာအနီး နမ့်ဟင်းချောင်းပေါ်တွင် ဒေသခံတောင်သူများ၏ ကိုယ်ထူကိုယ်ထ လက်ရိုက်ရေလွှဲဆည်ဖြစ်သည့် နောင်ဘိုးလက်ရိုက်ရေလွှဲဆည်အား အခိုင်အမာ ကျောက်စီကွန်ကရစ် ရေလွှဲဆည်အဖြစ်အဆင့်မြှင့် တင်တည်ဆောက်ပေးရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို သင့်လျော်ရာဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် မိုင်းနုန်းကျေးရွာ နမ့်နုန်ချောင်း ခမ်းနွဲ့ရေလွှဲဆည် ချောင်းဘေးကမ်းပါး ပြိုကျပျက်စီးမှုနှင့် ကျန်ရှိသည့် ကျောက်စီရေသွယ်မြောင်းအား မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုင်းခတ်မြို့နယ် နမ့်နုန်ချောင်း ခမ်းနွဲ့ရေလွှဲဆည် ချောင်းဘေးကမ်းပါးသည် ၂၀၂၆ ခုနှစ်တွင် ချောင်းရေတိုက်စားမှုကြောင့် ချောင်းပေါင် အလျား ပေ ၆၀ ခန့်ထပ်မံကျိုးပေါက်ခဲ့ပါကြောင်း၊ ထို့ကြောင့် နမ့်နုန်ချောင်း ချောင်းလမ်းကြောင်း ပြောင်းလဲစီးဆင်းမှုအား ပြန်လည်ပိတ်ဖို့ခြင်း၊ ချောင်းအတွင်းပို့ချလျက်ရှိသည့် သဲနုန်းများအား တူးဖော်၍ ချောင်းပေါင်ဆင့်ခြင်း၊ ရေပေးမြောင်း ထပ်မံထိခိုက်ပျက်စီးမှု မဖြစ်စေရေးအတွက် ရေပေးမြောင်းပေတိုင် သဲထုတ်ရေတံခါးနှင့် ရေဆိုးထုတ်မြောင်း တည်ဆောက်ခြင်းနှင့် တူးမြောင်းအား သဲနုန်းပြန်လည်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။
ရေလွှဲဆည်ချောင်းကမ်းပါး ပြိုကျပျက်စီး၍ ချောင်းလမ်းကြောင်းပြောင်းလဲသည့် နေရာအား ပြန်လည်ပိတ်ဖို့ခြင်းနှင့် သဲနုန်းတူးဖော်ပေါင်ဆင့်ခြင်း လုပ်ငန်း၊ ရေပေးမြောင်းတွင် သဲထုတ်ရေတံခါး၊ ရေဆိုးထုတ်မြောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် တူးမြောင်းပုံစံကျ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် အနီးစပ်ဆုံး သင့်လျော်ရာဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဦးမောင်ရွှေ၏ မိုးဗြဲရေကာတာမှ မှုံပြာကျေးရွာအထိ မြောင်းတစ်လျှောက် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ပေးရန်နှင့် ရေမိုင်နာ မြောင်းများပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိုးဗြဲတမံမှ မှုံပြာရွာအထိ လက်ဝဲမြောင်းမကြီးအလျား ၅၆၂၃၄ ပေမှ လိုအပ်သည့်နေရာများ၌ အပိုင်းလိုက်အလျား ပေ ၁၈၀၀ ခန့်ကို ကွန်ကရစ်လိုင်နင်စီထားပြီး ဖြစ်ပါကြောင်း။
ထို့ပြင် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လက်ဝဲမြောင်းမကြီးမှ သဲနုန်းတူးဖော်ရန် လိုအပ် သည့်အပိုင်းအလိုက် အလျားပေ ၂ဝ၂၅ဝ အား မြောင်းပုံစံကျ တူးဖော်ပြုပြင်ခြင်း၊ လက်တံ(၁) မြောင်းမှ လိုအပ်သည့် အပိုင်းအလိုက် အလျားပေ ၂၅၀၀ အား မြောင်းပုံစံကျ တူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်စီခြင်း၊ လက်တံ(၂)မြောင်းမှ လိုအပ်သည့်အပိုင်းအလိုက် အလျား ပေ ၂၆ဝဝ အား မြောင်းပုံစံကျ တူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ် လိုင်နင်စီခြင်း၊ လက်တံ(၃)မြောင်းမှ လိုအပ်သည့် အပိုင်းအလိုက် အလျား ပေ ၁၄၀၀ အား မြောင်းပုံစံကျ တူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်စီခြင်း လုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိုးဗြဲဆည် ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်းများ ရေရှည်တည်တံ့ပြီး ထိရောက်အကျိုးရှိစွာ စိုက်ပျိုးရေပေးဝေနိုင်ရေးအတွက် မြောင်းပုံစံကျ သဲနုန်းတူးဖော်ပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်စီခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ လျာထားစီမံဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး တင်သွင်းသည့် “စာပေနှင့် ယဉ်ကျေးမှု၊ ရိုးရာထုံးစံများ မပျောက်မပျက်စေရေးအတွက် စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ မူဝါဒနှင့် စာပေ ရေရှည်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ/နည်းဥပဒေ (တစ်ခု) ရေးဆွဲပြီး တိတိကျကျပြဋ္ဌာန်းသင့်ကြောင်း အဆို”နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်က လူမှုကွန်ရက်စာမျက်နှာများပေါ်က မြန်မာစာအရေးအသားများကို အထောက်အထားပြု၍ နိုင်ငံသုံးဘာသာ၊ သင်ကြားရေးဘာသာ၊ ဆက်သွယ်ရေးဘာသာဆိုသည့် အင်္ဂါရပ်သုံးခုဖြင့် ပြည့်စုံသောမြန်မာစာသည် နိမ့်ကျရုံမျှမက ပျက်စီးစပြုနေပြီဆိုသည့် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုတွင် မြန်မာဟူသည် ဂုဏ်ယူနိုင်လောက်သည့် ထိပ်တန်းစာရင်းဝင်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်ပြီး လူမျိုးပျောက်လျှင် နိုင်ငံပါပျောက်မည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာ သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းရမည့် အမျိုးသားဇာတိဥပဓိ ဖြစ်ပါကြောင်း။
သို့ဖြစ်၍ စာပေ၊ ယဉ်ကျေးမှု၊ ထိန်းသိမ်းသင့်သည့် ဓလေ့ထုံးစံများ မပျောက်မပျက်စေရေးအတွက် စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုင်ရာ မူဝါဒလောက်မျှဖြင့် မလုံလောက်ပါကြောင်း၊ ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာနှင့် ၎င်း၏ နည်းဥပဒေ တိတိကျကျ ပြည့်ပြည့်စုံစုံ ရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
ကွန်ဟိန်းမဲဆန္ဒနယ်မှ ဦးစိုင်းကျော်လှက အမျိုးသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှုများ မပျောက်ပျက်စေရန် အမျိုးသားအဆင့်မူဝါဒနှင့် သီးခြားဥပဒေ/ နည်းဥပဒေများကို တိကျစွာ ပြဋ္ဌာန်းခြင်းသည် နိုင်ငံ၏မွေးရာပါ အမွေအနှစ်များနှင့် မျိုးဆက်သစ်တို့၏ အသိဉာဏ်အဆင့်အတန်းကို တရားဝင်အာမခံချက်ပေးနိုင်ရန်အတွက် အလွန် အရေးကြီးပါကြောင်း၊ အမျိုးသားဘာသာနှင့် စာပေ ထိန်းသိမ်းရေးလိုအပ်ချက်များ၊ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းခြင်း၊ ဒီဂျစ်တယ်ခေတ်နှင့် နိုင်ငံတကာယဉ်ကျေးမှုများ ဝင်ရောက်လာမှုကြောင့် လူငယ်များစွာသည် မိခင်ဘာသာစကားနှင့် စာပေအပေါ် စိတ်ဝင်စားမှုလျော့နည်းလာခြင်းကို ဥပဒေဖြင့် ကာကွယ်ရန် လိုအပ်ပါကြောင်း။
ခေတ်မီတိုးတက်မှုနှင့် မိမိတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှုစရိုက်လက္ခဏာများ မဆုံးရှုံးစေရန် ပညာရေးသင်ရိုး ညွှန်းတမ်းများတွင် ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို စနစ်တကျ ထည့်သွင်းပြဋ္ဌာန်းသင့်ပါကြောင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို တရားမဝင်ဖျက်ဆီးမှု မှားယွင်းစွာလိမ်လည် ပြောင်းလဲခြင်းအတွက် ဥပဒေအရပြစ်ဒဏ်များ သတ်မှတ်ပေးရမည်ဖြစ်ပါကြောင်း အဆိုကို ထောက်ခံဆွေးနွေးသည်။
ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာလှတင့်က ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ထုံးစံများကို ထိန်းသိမ်းခြင်းသည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရုံဖြင့် ပြီးမြောက်သွားမည့်ကိစ္စမဟုတ်ပါ ကြောင်း၊ မျိုးဆက်သစ်များ လက်ဆင့်ကမ်းအသုံးပြုနိုင်ရေး၊ ပညာရှင်များ၏ အသိပညာကို မှတ်တမ်းတင်ရေး၊ ဒေသခံလူထု၏ ပါဝင်မှုကို အားပေးရေးနှင့် လိုအပ်သော အရင်းအမြစ်များကို ရေရှည်ပံ့ပိုးရေးတို့ဖြင့်သာ အမွေအနှစ်များကို အဓွန့်ရှည်တည်တံ့စေနိုင် မည်ဖြစ်ပါကြောင်း။
မိမိတို့၏ ရည်မှန်းချက်သည် ဥပဒေများ များပြားလာရေးမဟုတ်ဘဲ ဥပဒေများ၏ အကျိုး သက်ရောက်မှုပိုမိုကောင်းမွန်လာရေး၊ ဘဏ္ဍာငွေများ ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်များ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးပင် ဖြစ်သင့်ပါကြောင်း။
စာပေနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့် လက်ရှိအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များကို ပြည့်စုံစွာစိစစ်သုံးသပ်ရန်၊ လက်ရှိဥပဒေများကို အကောင်အထည်ဖော်ရာတွင် လိုအပ်နေသောဘတ်ဂျက်၊ နည်းပညာ၊ သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ဖြည့်ဆည်းပေးရန်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ထပ်နေမှုများကို ရှောင်ရှားပြီး ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဒေသခံလူထုတို့အကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ဥပဒေအသစ်တစ်ရပ် လိုအပ်၊ မလိုအပ်ကို အချက်အလက်နှင့် ဥပဒေရေးရာ စိစစ်ချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ပေးရန်တို့ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေအသစ်ပြဋ္ဌာန်းရေး ချက်ချင်းဆောင်ရွက်ခြင်းထက် လက်ရှိအကောင်အထည်ဖော်မှုကို ဦးစွာစိစစ် သုံးသပ်ပြီး လိုအပ်သည့် အားဖြည့်မှုများကို ဆောင်ရွက်ရန် ဦးစားပေးသင့်ကြောင်း အကြံပြုဆွေးနွေးသည်။
ယင်းနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်းက မြန်မာနိုင်ငံ တိုင်းရင်းသား အားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာထုံးတမ်းစဉ်လာများ၏ သဘောသဘာဝ၊ ထိန်းသိမ်းရေးနည်းလမ်းများ မတူညီကြသဖြင့် ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများလည်း ကွဲပြားပါကြောင်း၊ ထို့ပြင်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့များ ထိန်းသိမ်းမြှင့်တင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မူဝါဒများနှင့် နိုင်ငံတော်အဆင့် စီမံချက်များချမှတ်ထားပြီးဖြစ်သကဲ့သို့ နိုင်ငံတော်အကြီး အကဲကိုယ်တိုင် အားသွန်ခွန်စိုက် ဦးဆောင်ဦးရွက်ပြုပြီး ဝန်ကြီးဌာနများက ဆောင်ရွက်နေကြကာတည်ဆဲဥပဒေများ၊ နည်းဥပဒေများတွင် လိုအပ်သော ပြဋ္ဌာန်းချက်များ ပါဝင်ပြီးဖြစ်ပါကြောင်း။
ယနေ့ပြောင်းလဲလာသည့် ခေတ်ကာလအခြေ အနေများအရ အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များ သည် အဆိုတွင် ပါဝင်သော လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လွှမ်းခြုံနိုင်မှု အားနည်းချက်များ ရှိလာခြင်းအတွက် ပိုမိုထိရောက်သော ပြဋ္ဌာန်းချက် များရှိလာပါက လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုလွှတ်တော်များမှတစ်ဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းတိုင်ပင်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် ပြဋ္ဌာန်းနိုင်ကြပါရန်နှင့် အဆိုပါလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်တော်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများတွင် ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ကြပါရန်၊ ဒေသခံ ပြည်သူများကိုလည်း စည်းရုံးဆောင်ရွက်ပေးနိုင်ကြပါရန်နှင့် အဆိုကိုမှတ်တမ်းအဖြစ်သာ ထားရှိပေးနိုင်ပါရန် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုး တင်သွင်းသည့် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြု ဆွေးနွေးချက်များကို အလေးအနက်ထားကာ သက်ဆိုင်ရာဝန်ကြီးဌာနက မှတ်သားထားရှိပြီး ၎င်းအဆိုပြုချက်အပေါ် မှတ်တမ်းတင်စောင့်ကြည့်သွားသင့်ကြောင်းလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုအား မှတ်တမ်းတင်စောင့်ကြည့်မည် ဖြစ်ကြောင်းကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ရပ်နား လိုက်ပြီး အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို နိုဝင်ဘာ ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


