တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၁

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပြုပြင်ပေးနိုင်ရေး၊ ဘောလုံးကွင်းများ တည်ဆောက်ပေးနိုင်ရေး၊ ပျက်စီးဆုံးရှုံးခဲ့သည့် မြို့ရွာများနှင့် ယာယီနေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ တရားမဝင်ဂိတ်ကြေး ကောက်ခံနေမှုများ ပပျောက်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဝင်ကျေးရွာများအဖြစ် သတ်မှတ်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း ၇ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆို ၁ ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်၏ ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ နှစ်ထပ်အဆောက်အအုံကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် ရုံးပိုင်အဆောက်အအုံများ ဆောက်လုပ်ခွင့်ရရှိရေးနှင့် ပြင်ဆင်ထိန်းသိမ်းခွင့်ရရှိရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ပေးလျက်ရှိရာ ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဖွင့်လှစ်ရန် ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ချမ်းမြသာစည်ရပ်ကွက် ကွင်းအမှတ် (၇၀၄-N) မြေကွက်အမှတ် ၁/ A ကက-၂၈ ဧရိယာ သုညဒသမ ၃၁၉ ဧကရှိ မြေပေါ်တွင် အလျား ၁၀၂ ပေ၊ အနံ ၂၆ ဒသမ ၅ ပေနှင့် အမြင့် ပေ ၂၀ ရှိသော သစ်သား-အုတ်ညှပ်၊ အုတ်ကြွပ်မိုး နှစ်ထပ်အဆောက်အအုံဟောင်းတစ်လုံးကို ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရရှိခဲ့ပါကြောင်း၊ ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရရှိသည့် အဆောက်အအုံဟောင်းကို ပြင်ဆင်ထိန်းသိမ်းရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အဆောက်အအုံပြင်ဆင်ထိန်းသိမ်းစရိတ်ရန်ပုံငွေ ၆၇ သိန်း ၆ သောင်း ခွဲဝေပေးခဲ့ပြီး ပြင်ဆင်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါအဆောက်အအုံ ထပ်မံပြင်ဆင်နိုင်ရေးအတွက် လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ လျာထားတင်ပြတောင်းခံမည်ဖြစ်ပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိပါက အဆောက်အအုံပြင်ဆင်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ် ဘောလုံးကွင်းအား ပွဲကြည့်စင်နှင့် အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) နတ်တလင်းခရိုင် သဲကုန်းမြို့နယ် အားကစားကွင်းသည် အမှတ် (၄) ရပ်ကွက်တွင် တည်ရှိပြီး စုစုပေါင်းမြေဧရိယာ ၅ ဒသမ ၉၇ ဧကရှိပြီး အဆိုပါအားကစားကွင်းအား အားကစားရေးရာဝန်ကြီးဌာနပိုင်အမည်ဖြင့် အခမဲ့မြေလွှဲအမိန့် ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားကွင်းအတွင်းတွင် ရုံးနှင့်နေအိမ် တွဲလျက်အဆောက်အအုံ အလျား ပေ ၄၀ ၊ အနံပေ ၃၀ တစ်လုံးအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေမှ ကျပ် ၁၆ ဒသမ ၈ သန်းဖြင့် ဆောက်လုပ်ထားရှိပြီးဖြစ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ သဲကုန်းမြို့နယ် ဘောလုံးကွင်းအတွင်း ပွဲကြည့်စင် တည်ဆောက်ပေးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ (အလျား ပေ ၁၅၀ x အနံ ပေ ၂၀) RC နှစ်ထပ်ပွဲကြည့်စင် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် သန်း ၉၀၀ အား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားထားရှိပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အဆင့်မီအားကစားကွင်းအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ရေးအတွက် ကျန်ရှိသည့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် လျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်း၏ မှော်ဘီမြို့နယ် အားကစားကွင်းအား ခရိုင်အားကစားကွင်းအဖြစ် မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အားကစားကွင်းအား ခရိုင်အဆင့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ကနဦးအနေဖြင့် မီတာ ၄၀၀ ပြေးလမ်း ကျောက်မှုန့်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လက်ရှိပြေးလမ်းတွင် ဘောလုံးကွင်းထက်နှစ်ပေခန့် နိမ့်ကျနေသဖြင့် ပြေးလမ်းအား Level မြှင့်တင်ခြင်း၊ အပြင်ရေနုတ်မြောင်း တည်ဆောက်ခြင်းနှင့် အပြင်ကတ်တုံးတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် စုစုပေါင်း ခန့်မှန်းကုန်ကျငွေကျပ် ၉၄၇ ဒသမ ၅၁ဝ သန်းအား၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားထားရှိပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား သင့်လျော်သော ဘဏ္ဍာရေးနှစ်များတွင် ခွင့်ပြုရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် လျာထားတင်ပြ တောင်းခံပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

နောင်ချိုမဲဆန္ဒနယ်မှ ဦးကျော်မြင့်နိုင်၏ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များအပါအဝင် အချို့မြို့ရွာများ၌ ပျက်စီးခဲ့ရသည့် ဆုံးရှုံးမှုနှင့်ပတ်သက်၍ မည်သို့ကုစားဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်များတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်သူလူထုနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာ ရုံး/ အဆောက်အအုံ အချို့ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုများ ယာယီနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများ၏ အိုးအိမ်အဆောက်အအုံများ၊ သာသနိကအဆောက်အအုံများ၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း။

 

ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍအပါအဝင် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းနှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ ဆက်သွယ်ရေး (ဖုန်း/ အင်တာနက်) လိုင်းများကောင်းမွန်စွာ အသုံးပြုနိုင်ရေး ပြင်ဆင်ပြုပြင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် ကျောင်းပေါင်း ၃၆၀ ကျော် ဖွင့်လှစ်သင်ကြားလျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံများဖွင့်လှစ်၍ ကုသပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ သာသနိကဆိုင်ရာ အဆောက်အအုံများနှင့် ဓာတ်အားလိုင်းများ၊ နိုင်ငံတော်အစိုးရမှ ကူညီထောက်ပံ့ပြုပြင်မှုများ ဆောင်ရွက်နေသည့်အပြင် တရားဥပဒေ စိုးမိုးရေးအတွက်လည်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၏ နေရပ်စွန့်ခွာသူများ၏ အခက်အခဲနှင့် ဆက်လက်ရပ်တည်နိုင်ရေးအပေါ် အစိုးရ၏အစီအစဉ်များ ထုတ်ဖော်ပြောကြားပေးရန် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက နိုင်ငံတော်အစိုးရအနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လတ်တလော နေထိုင်စားသောက်ရေး အဆင်ပြေမှုရှိစေရန် ယာယီခိုလှုံရာစခန်းများ ဖွင့်လှစ်ပေးခြင်း၊ နေရပ်စွန့်ခွာပြည်သူများကို လစဉ်ငွေကြေးများ ထောက်ပံ့ပေးအပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ ဆန်၊ ဆီ၊ ဆား အစရှိသည့်အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ ယာယီခိုလှုံရာစခန်းများတွင် ခေတ္တခိုလှုံနေထိုင်စဉ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများ၏ သားသမီးများ ပညာသင်ကြားခွင့် ဆုံးရှုံးမှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် နယ်မြေအေးချမ်းမှုရှိသည့် နေရာများတွင် ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိနေထိုင်ရာဒေသသို့ ဘေးကင်းစွာ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရန် မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ရာတွင် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ တိုက်ပွဲများကြောင့် ပျောက်ဆုံး/ ပျက်စီးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြန်လည်စိစစ်ထုတ်ပေးခြင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ ပြန်လည်ရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် ပညာသင်ယူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် တပ်မတော်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများကို နိုင်ငံပိုင်သတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများတွင် အများပြည်သူသိရှိစေရန် ထုတ်လွှင့်ခြင်း၊ ရေးသားဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ရေးမဲဆန္ဒနယ်မှ ဒေါ်မြင့်သန်း၏ မွန်ပြည်နယ်ရှိ စစ်ဆေးရေးဂိတ်များမှ တရားမဝင် ဂိတ်ကြေးကောက်ခံနေမှုပပျောက်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကုန်စည်စီးဆင်းမှု အဟန့်အတားမဖြစ်စေရေး ငွေကြေးတောင်းခံမှုများ မရှိစေရေးနှင့် ပြည်သူများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများအလိုက် တာဝန်ရှိသူအဆင့်ဆင့်မှ အလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ငွေကြေးကောက်ခံမှုများရှိ၍ တိုင်ကြားလာပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ ဇေယျာသီရိမြို့နယ်ရှိ သာယာအေးနှင့် ရွှေကံသာကျေးရွာများ၊ ဒက္ခိဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာနှင့် စိုက်ခင်း (၃) ကျေးရွာများအား တရားဝင်ကျေးရွာများအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဇေယျာသီရိမြို့နယ်ရှိ သာယာအေးကျေးရွာ၊ ရွှေကံသာကျေးရွာနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ သီရိမင်္ဂလာကျေးရွာ၊ စိုက်ခင်း (၃) ကျေးရွာတို့ကို ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၄ (ခ)နှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက ကျေးရွာမြေများအဖြစ် အသုံးပြုခွင့်ရရှိရန် ခွင့်ပြုမိန့်၊ ပယ်ဖျက်မိန့်များရရှိနိုင်ရေး နေပြည်တော်ကောင်စီက ဆောင်ရွက်ပြီး ခွင့်ပြုမိန့်များရရှိမှသာလျှင် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေး ကျေးရွာတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ နေပြည်တော်ကောင်စီက ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ထို့နောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဒေါက်တာရွှေပြည်စိုးက “အမျိုးသားဘာသာ၊ စာပေနှင့်ယဉ်ကျေးမှု၊ ရိုးရာထုံးစံများ မပျောက်မပျက်စေရေးအတွက် အမျိုးသားဘာသာ၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာမူဝါဒနှင့် အမျိုးဘာသာစာပေရေရှည်ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေ/ နည်းဥပဒေ (တစ်ခု) ရေးဆွဲပြီး တိတိကျကျ ပြဋ္ဌာန်းသင့်ကြောင်းအဆို”ကို တင်သွင်းရာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေးက ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးဥပဒေကြမ်း”ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့