တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် လျှပ်စစ်မီးရရှိရေး၊ ဝန်ထမ်းအိမ်ရာများ၊ ကျောင်းဆောင်သစ်များနှင့် ပညာရေး အထောက်အကူပြုသိုလှောင်ရုံ ဆောက်လုပ်ပေးရေး၊ ပညာသင်စရိတ်ချေးငွေများ ထုတ်ချေးပေးရေး၊ တက္ကသိုလ်များ နိုင်ငံတကာအဆင့်မီအောင် ဆောင်ရွက်ပေးရေး၊ ဘွဲ့နှင်းသဘင်ခန်းမတည်ဆောက်ပေးရေး၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို အသစ်ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းပေးရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း ၁၀ ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုနှစ်ခုဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ဦးစွာ တီးတိန်မဲဆန္ဒနယ်မှ ဦးဆလိုင်းအောင်ပြည့်၏ မဟာဓာတ်အားလိုင်း ၆၆ ကေဗွီလိုင်းအား ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တီးတိန်မြို့အား မဟာဓာတ်အားလိုင်းစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီကလေး-တီးတိန်-သိုင်းငင်း ဓာတ်အားလိုင်း မိုင် ၄၀ နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်နိုင်ငံ JICA (MY-P30) ချေးငွေစီမံကိန်းအသစ်တွင် ထည့်သွင်းလျာထားခဲ့သော်လည်း ချေးငွေစီမံကိန်းအသစ်မှာ အကောင်အထည်မဖော်နိုင်ဘဲ ဆိုင်းငံ့လျက်ရှိပါသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းတောင်းဆိုမှုအရ တီးတိန်မြို့သို့ မဟာဓာတ်အားလိုင်းစနစ် အမြန်ဆုံးရောက်ရှိနိုင်စေရေးအတွက် ၆၆ ကေဗွီ ကလေး-သိုင်းငင်း-တီးတိန် ဓာတ်အားလိုင်း မိုင် ၄၀ တည်ဆောက်ခြင်းအစား လျှပ်စစ်ဓာတ်အားရောက်ရှိပြီး ဖြစ်သည့် ၆၆ ကေဗွီ ဂန့်ဂေါ-ဟားခါး-ဖလမ်း-သိုင်းငင်း ဓာတ်အားလိုင်းမှ ဆက်လက်ချိတ်ဆက်၍ ၆၆ ကေဗွီ သိုင်းငင်း-တီးတိန် ဓာတ်အားလိုင်း ၁၆ ဒသမ ၃ မိုင်နှင့် ၆၆ ကေဗွီ တီးတိန်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်မှစတင်၍ လျာထားဆောင်ရွက်ခဲ့ပါကြောင်း။

 

၆၆ ကေဗွီဓာတ်အားလိုင်း ၁၆ ဒသမ ၃ မိုင် တည်ဆောက်ခြင်းအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပထမအသုတ် တာဝါတိုင်များအား ငွေကျပ်သန်း ၁၂၉၂ ဒသမ ၉၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ဒုတိယအသုတ် တာဝါတိုင်များ၊ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံပစ္စည်းများအား ငွေကျပ် ၄၆၇၅ ဒသမ ၀၇၉ သန်းဖြင့်လည်းကောင်း စုစုပေါင်းငွေကျပ် ၅၉၆၇ ဒသမ ၉၉၉ သန်းဖြင့် တင်ဒါခေါ်ဝယ်ယူခဲ့သော်လည်း နယ်မြေအခြေအနေအရလုပ်ငန်းခွင်သို့ ပစ္စည်းပေးပို့နိုင်မှု မရှိသေးသဖြင့် နေပြည်တော်၊ ဌာနစတိုတွင်ပစ္စည်းများအား စုဆောင်းသိမ်းဆည်းထားရှိပြီး တည်ဆောက်ရေးလုပ်ငန်းများ လျာထားဆောင်ရွက်ခြင်းအား ရပ်နားထားခဲ့ပါကြောင်း။

 

ကျန်ရှိသည့် တတိယအသုတ်တာဝါတိုင်နှင့် ဆက်စပ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်းများနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ မြို့ပြနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်စရိတ်များအတွက် ငွေကျပ် ၆၂၆၆ ဒသမ ၀၂၃ သန်းအား ထပ်မံလျာထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လတ်တလော နယ်မြေအခြေအနေအရ ပစ္စည်းများပို့ဆောင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဆက်လက်လျာထားဆောင်ရွက်နိုင်ခြင်း မရှိပါသဖြင့် နယ်မြေအခြေအနေအရ လုပ်ငန်းဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအား ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ အင်္ဂပူမြို့နယ်ရှိ ထူးကြီးဒေသ၊ ချောင်းခွ၊ ညောင်ပင်ကြီးကွင်း၊ တစ်တီတူးကွင်း စသည့်ကျေးရွာအုပ်စုများ၌ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးဒေသရှိ ချောင်းခွကျေးရွာအုပ်စုတွင် ကျေးရွာငါးရွာ၊ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စုတွင် ကျေးရွာခြောက်ရွာနှင့် တစ်တီတူးကွင်းကျေးရွာအုပ်စုတွင် ကျေးရွာသုံးရွာ စုစုပေါင်း ကျေးရွာ ၁၄ ရွာရှိပြီး အဆိုပါ ကျေးရွာ ၁၄ ရွာအနက် ညောင်ပင်ကြီးကွင်း ကျေးရွာအုပ်စု ဘန့်ဘွေးကုန်းကျေးရွာနှင့် တစ်တီတူး ကွင်းကျေးရွာအုပ်စု တစ်တီတူးကွင်းကျေးရွာတို့သည် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပြီးဖြစ်ပါကြောင်း။

 

အင်္ဂပူမြို့နယ်ရှိ ထူးကြီးဒေသ၊ ချောင်းခွအုပ်စု၊ ညောင်ပင်ကြီးကွင်းအုပ်စု၊ တစ်တီတူးကွင်းအုပ်စုတို့မှ မီးလင်းရန်ကျန်သည့် ကျေးရွာ ၁၂ ရွာ ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ ဒသမ ၇၆ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ထရန်စဖော်မာ ၁၂ လုံး တည်ဆောက်ခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အဆင့်ဆင့်လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျေးရွာများအတွင်း ဗို့ ၄၀၀ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ကျေးရွာမှကိုယ်ထူကိုယ်ထဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ မလှိုင်မြို့နယ် အ.ထ.က (ခွဲ)ဝါးခွ၊ အ.မ.က (ရေစင်)နှင့် အ.ထ.က(ခွဲ) ထန်းပင်ကန်တို့တွင် ကျောင်းဆောင်အသစ်တစ်လုံးစီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဝါးခွ-အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင်ငါးဆောင်၊ စာသင်ခန်း ၁၅ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်းလေးခန်းလိုအပ်ကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါလိုအပ်သော စာသင်ခန်းလေးခန်းအတွက် ပေ ၁၂၀ x ၃၀ RC တစ်ထပ်ကျောင်းဆောင်အား အသစ်ဆောက်လုပ်ရန် နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း​။

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ရေစင်-အခြေခံပညာမူလတန်းကျောင်းတွင် ပေ ၁၂၀ x ၃၀ အုတ်ညှပ်တစ်ထပ်ဆောင်၌ စာသင်ခန်းခြောက်ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်းသုံးခန်းလိုအပ်ကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါလိုအပ်သော စာသင်ခန်းသုံးခန်းအတွက် ပေ ၆၀ x ၃၀ RC တစ်ထပ် ကျောင်းဆောင်အား အသစ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ထန်းပင်ကန်-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်များအနေဖြင့် ပေ ၁၅၀ x ၃၀ အုတ်ညှပ် တစ်ထပ်၊ ပေ ၁၂၀ x ၃၀ အုတ်ညှပ် တစ်ထပ်၊ ပေ ၁၀၀ x ၃၀ အုတ်ညှပ်တစ်ထပ် စုစုပေါင်း ကျောင်းဆောင်သုံးဆောင်၊ စာသင်ခန်း ၁၂ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်းလေးခန်းလိုအပ်ကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါလိုအပ်သော စာသင်ခန်းလေးခန်းအတွက် ပေ ၁၂၀ x ၃၀ RC တစ်ထပ်ကျောင်းဆောင်အား အသစ်ဆောက်လုပ်ရန် နောင်လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည် ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုင်းရှူးမဲဆန္ဒနယ်မှ ဦးစိုင်းကံ၏ မိုင်းရှူးမြို့နယ် မိုင်းအော့ အ.ထ.က(ခွဲ) ကျောင်း၏ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းဆောင်သစ်တစ်ဆောင်ကို မည်သည့်နှစ်များတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းအော့-အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းဆောင်များအနေဖြင့် အဆိုပါကျောင်းတွင် ၁၅၀ x ၂၅ ပေ သွပ်မိုး၊ အုတ်ညှပ်နှစ်ထပ်၊ ပေ ၁၂၀ x ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် စုစုပေါင်း ကျောင်းဆောင်နှစ်ဆောင်၊ စာသင်ခန်း ၁၀ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်းသုံးခန်း လိုအပ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူး မြို့နယ် မိုင်းအော့-အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းသားဦးရေအရ လိုအပ်သော စာသင်ခန်း သုံးခန်းအတွက် ပေ ၉၀ x ၃၀ RC တစ်ထပ် ကျောင်းဆောင်အား အသစ်ဆောက်လုပ်ရန်၊ အဆိုပါ ကျောင်း၏ ပေ ၁၅၀ x ၂၅ ပေ အုတ်ညှပ်နှစ်ထပ်ဆောင် အမိုးသွပ်ပေါက်ပြဲ၍ မိုးယိုနေခြင်းအား အကြီးစားပြုပြင်ရန်နှင့် ကျောင်းပိုင်မြေသည် ၁ ဒသမ ၁၆၈ ဧကရှိပြီး လိုအပ်လျက်ရှိသည့် ပေ ၂၈၀ အုတ်တံတိုင်းကာရံရန် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိမှုအပေါ် ပြည်နယ်၏ တန်းစီဇယားဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

အဆိုပါကျောင်းတွင် ဝန်ထမ်းအိမ်ရာ ထပ်မံဆောက်လုပ်ရန် မြေနေရာ လုံလောက်မှုမရှိပါကြောင်းနှင့် လက်ရှိ ဝန်ထမ်းအိမ်ရာများအား လုံခြုံမှုရှိစေရေး အမြန်ဆုံး ပြင်ဆင်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

သုံးခွမဲဆန္ဒနယ်မှ ဦးအောင်ကျော်မင်း၏ သုံးခွမြို့နယ် မြို့မ-အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်ဟောင်း ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မြို့မ-အခြေခံပညာအထက်တန်းကျောင်း တွင် စာသင်ခန်း ၂၁ ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားဦးရေအရ စာသင်ခန်း ငါးခန်းလိုအပ်ပါကြောင်း။

 

သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မြို့မ-အခြေခံပညာအထက်တန်းကျောင်းရှိ ခရေဆောင် ပေ ၁၀၀ x ၃၀ (အန္တရာယ်ဆောင်) သည် အင်ဂျင်နီယာထောက်ခံချက်အရ အန္တရာယ်ရှိပါသဖြင့်ဖျက်သိမ်း၍ ၎င်းကျောင်းဆောင်တွင် သင်ကြားနေသော စာသင်ခန်းသုံးခန်းနှင့် ကျောင်းသားဦးရေအရ လိုအပ်သော စာသင်ခန်းငါးခန်း စုစုပေါင်း စာသင်ခန်းရှစ်ခန်းအတွက် ပေ ၁၄၀ x ၃၀ RC နှစ်ထပ် တိုးချဲ့အသစ်ဆောက်လုပ်ရန် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကျုံပျော်မဲဆန္ဒနယ်မှ ဦးဇော်မင်း၏ ကျုံပျော်မြို့နယ်၊ ခရိုင်ပညာရေးမှူးရုံး၌ ပညာရေးအထောက်အကူပြု သိုလှောင်ရုံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်ပညာရေးမှူးရုံး ပေ ၁၀၀ x ၃၀ RC နှစ်ထပ် အဆောက်အအုံအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ပြီး ဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း ၁၅ ဦး၊ အမှုထမ်း ၂၃ ဦး စုစုပေါင်း ဝန်ထမ်း ၃၈ ဦး တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ခရိုင်ပညာရေးမှူးရုံးအနေဖြင့် ခရိုင်အတွင်းရှိ မြို့နယ်များသို့ဖြန့်ဝေမည့် ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဆရာကိုင်ဆရာလမ်းညွှန်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ၊ ဗလာစာအုပ်များ ထားသိုနိုင်ရေးအတွက် လိုအပ်လျက်ရှိသော ပေ ၁၂၀ x ၃၀ RC တစ်ထပ် သိုလှောင်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေဖြင့် တိုင်းဒေသကြီး၏တန်းစီဇယားဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ တက္ကသိုလ်ပညာနှင့် အဆင့်မြင့်ပညာသင်ကြားရန် အခက်အခဲရှိသူများအား ပညာသင်စရိတ်ချေးငွေများ ထုတ်ချေးပေးရန် မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးဝန်ကြီးဌာနသည် အမှန်တကယ် ဆင်းရဲနွမ်းပါးသော မိသားစုများမှ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ထောက်ပံ့ကြေးများကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကပ်လျက်ပညာသင်နှစ်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ် (နေ့သင်တန်း) တက်ရောက်လျက်ရှိသော စုစုပေါင်းကျောင်းသားဦးရေ၏ ၁၀ ရာခိုင်နှုန်းအား ပထမဘွဲ့ရရှိသည်အထိ ပညာသင်နှစ်တစ်နှစ်လျှင် ၁၀ လ၊ တစ်လလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နှစ်စဉ်ချီးမြှင့်လျက်ရှိပါကြောင်း။

 

တက္ကသိုလ်များတွင် One campus, Two-system စနစ်ဖြင့် နေ့သင်တန်းများအပြင် အဝေးသင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောကြောင့် ချို့ငဲ့နွမ်းပါးသော ကျောင်းသား ကျောင်းသူများအနေဖြင့် ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်လျက် တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ယူနိုင်ပါကြောင်း၊ ပညာရေးတက္ကသိုလ်များသို့ တက်ရောက်သော ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်က စားသောက်စရိတ်များ ထောက်ပံ့ပေးအပ်ကာ B.Ed. ဘွဲ့ရရှိပြီးနောက် အထက်တန်းပြဆရာများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်စေလျက်ရှိပါကြောင်း။

 

ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် နိုင်ငံတော်က စားသောက်စရိတ် ထောက်ပံ့ကျွေးမွေးကာ ကျောင်းအိပ်၊ ကျောင်းစား စီစဉ်ထားရှိ၍ စားသောက်ရေး၊ နေထိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးထားပြီး လေးနှစ်သင်တန်းပြီးဆုံးပါက မူလတန်းပြနှင့် အလယ်တန်းပြဆရာများအဖြစ် နိုင်ငံ့တာဝန်ကို ထမ်းဆောင်စေလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ကျောင်းသားလူငယ်များ တက္ကသိုလ်ပညာ၊ အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် လုံလောက်သည့် တက္ကသိုလ်ပညာသင်စရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နေ့သင်တန်းတက်ရောက်နေသော ချို့ငဲ့နွမ်းပါးသည့် ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ထားဝယ်မဲဆန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေး၏ နိုင်ငံတော်က ဖွင့်လှစ်ထားသည့် တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေးမည်သို့ဆောင်ရွက်နေသည်နှင့် ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေးအတွက် သင်ရိုးညွှန်းတမ်းများ နိုင်ငံတကာအဆင့်မီရေးနှင့် ပေါင်းစပ်ဘာသာရပ်များနှင့် အသုံးချဘာသာရပ်များ တိုးချဲ့သင်ကြားရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီ သင်ရိုးများဖြစ်စေရန်အတွက် သင်ရိုးသစ်များ နှစ်စဉ်ပြင်ဆင်ရေးဆွဲခြင်းတို့ကို ဘာသာရပ်သင်ကြားရေးအဖွဲ့များက ဆောင်ရွက် လျက်ရှိပါကြောင်း၊ Tutorials, Assignments, Practicals များကို ပုံမှန်ဆောင်ရွက်စေပြီး တီထွင် ဆန်းသစ်သော သင်ကြားသင်ယူမှုဖြစ်စေရန် Project- based Learning (PBL) အပါအဝင် ကျောင်းသား ဗဟိုပြုသင်ကြားနည်းများ အကောင်အထည်ဖော်ခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု သင်ကြားသင်ယူမှုဖြစ်စေရန် Learning Management System (LMS) တည်ထောင်ခြင်းနှင့် Digital Library များ ဖွင့်လှစ်ထားရှိခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

 

သင်ကြားရေး ဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ ရက်တိုလေ့လာရေးခရီးစဉ်များနှင့် နှစ်ရှည် နိုင်ငံခြားပညာတော်သင်စေလွှတ်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာပညာသင်ဆုများမှတစ်ဆင့် နိုင်ငံခြားတက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေးနှင့် ပါရဂူဘွဲ့ရများ မွေးထုတ်ပေးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း​။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီကိုဖွဲ့စည်းပြီး အရည်အသွေးအာမခံမှုစနစ်လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် Internal Auditing နှင့် External Auditing of ASEAN University Network ၏ "AUN QA Criteria" ကျင့်သုံး လျက် Programme Level နှင့် Institutional Level တို့တွင် အရည်အသွေးအာမခံမှုနှင့် အသိအမှတ် ပြုခြင်းများရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက် စနစ်ဖြစ်သော Times Higher Education (THE) ၏ စံသတ်မှတ်ချက်များဖြစ်သည့် 5 Pillars နှင့် 17 Performance Indicators များကိုအခြေခံပြီး အခြားနာမည်ကြီး ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်သော QS Asia University Rankings ၏ လက်ရှိ စံသတ်မှတ်ချက်ဖြစ်သော 11 Indicators ကိုပြည့်မီရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

 

သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများမျှော်မှန်းချက်ဖြစ်သည့် မြန်မာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေးအတွက် "Quality Education, Digital Transformation, Research & Innovation, Internationalization & Quality Assurance" ဟူသောကဏ္ဍများကို အဓိကထား၍ စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုးညှင်းမဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ မိုးညှင်းတက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က မိုးညှင်းတက္ကသိုလ်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အရှေ့မြောက်ဘက်တွင်တည်ရှိပြီး တက္ကသိုလ်မြေဧရိယာ ဧက ၂၁၀ ကျယ်ဝန်းပါကြောင်း၊ မိုးညှင်းတက္ကသိုလ်တွင် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောင်းသား ကျောင်းသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ဗန်းမော်ခရိုင်တို့မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိပါကြောင်း။

 

မိုးညှင်းဒီဂရီကောလိပ်မှ မိုးညှင်းတက္ကသိုလ်အဖြစ်သို့ ၂၀၂၀ ပြည့်နှစ်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ် ပြီးနောက် ပထမအကြိမ် ဘွဲ့နှင်းသဘင်၊ ဒုတိယ အကြိမ် ဘွဲ့နှင်းသဘင်၊ တတိယအကြိမ် ဘွဲ့နှင်းသဘင်နှင့် စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်နေ့သင်တန်း၊ အဝေးသင်သင်တန်းအပိုင်းခွဲ၍ ဘွဲ့နှင်းသဘင်အခမ်းအနားကို အလျား ပေ ၈၀ ၊ အနံ ပေ ၅၀ အကျယ်ရှိ ဘက်စုံသုံးခန်းမတွင်ကျင်းပပြီး ဘွဲ့များအပ်နှင်း ချီးမြှင့်ခဲ့ပါကြောင်း။

 

တက္ကသိုလ်ဘွဲ့နှင်းသဘင် အဆောက်အအုံသည် တက္ကသိုလ်၏ ဂုဏ်ဒြပ်ဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ စဉ်းစားတွက်ချက်ခြင်း၊ အဆိုပြုနေရာနှင့် အဆိုပြုပုံစံဒီဇိုင်းများရေးဆွဲပြီး ဦးစားပေးအဆင့်အလိုက် သတ်မှတ်ရွေးချယ်ခြင်းတို့ကို ရေရှည်အကျိုးမျှော်ကိုး၍ အဆင့်ဆင့် စနစ်တကျ တည်ဆောက်ကြရပါကြောင်း။

 

မိုးညှင်းတက္ကသိုလ်အဆင့်သို့ တိုးမြှင့်ပြီးနောက် တိုးတက်လာသော ကျောင်းသားဦးရေနှင့်အညီ တက္ကသိုလ်အဆင့် ဘွဲ့နှင်းသဘင်အဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေ၏ ၁၉၈၄ ခုနှစ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို အမျိုးသားရေးဥပဒေ၏ မူဝါဒများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီဂျစ်တယ်သင်ယူမှုပုံစံများနှင့် ကိုက်ညီစေရန် အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းရန် မည်သို့ဆောင်ရွက်ထားသနည်းနှင့် အနာဂတ်တွင် ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ် ဧပြီ ၇ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ပညာရေးကော်မတီ၏ ၁/၂၀၀၃ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဆရာတစ်ဦးသည် ကိုယ်ပိုင်သင်တန်းအများဆုံး သုံးခုအထိ သင်ကြားနိုင်ပြီး ကိုယ်ပိုင်သင်တန်းတစ်ခုလျှင် ကျောင်းသင်ဘာသာရပ် သုံးခုအထိသင်ကြားနိုင်ပါကြောင်းနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို ပြန်လည်စိစစ်ဆဲကာလတွင်ကျင့်သုံးရန် မူအဖြစ်အခြေခံပညာဦးစီးဌာနက ဆက်လက်လိုက်နာဆောင်ရွက်နေဆဲဖြစ်ပါကြောင်း။

 

ဘာသာရပ်သင်ဆရာ အရည်အချင်းသတ်မှတ်ချက်အနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် ဆရာအတတ်ပညာသင်တန်းဆင်း လက်မှတ်ရရှိသူ ဖြစ်ရန်လိုအပ်ပြီး ဘွဲ့သင်တန်းနောက်ဆုံးနှစ်တွင် ဖြေဆိုခဲ့သော ဘာသာရပ် သို့မဟုတ် ဆရာအတတ်ပညာသင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့သော ဘာသာရပ်ကို သင်ကြားရမည်ဖြစ်ပြီး ဆရာကျင့်ဝတ်သိက္ခာနှင့်ကိုက်ညီ၍ ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်း ဆရာမှတ်ပုံတင် လက်မှတ်ရရှိပြီးမှသာ သင်ကြားခွင့်ရရှိမည်ဖြစ်ပါကြောင်း။

 

 ၁၉၈၄ ခုနှစ် ကိုယ်ပိုင်သင်တန်းဥပဒေတွင်ပါရှိသော အသုံးအနှုန်းများနှင့် ပြစ်ဒဏ်သတ်မှတ်ချက် ငွေကြေးနှုန်းထားများမှာ ခေတ်ကာလနှင့်လိုက်လျောညီထွေမရှိခြင်းကြောင့် လိုအပ်ချက်များ ထပ်မံဖြည့်စွက်၍ ပြင်ဆင်နိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနက ပြန်လည်စိစစ်လျက်ရှိပါကြောင်း၊ အွန်လိုင်းနှင့် ဒီဂျစ်တယ်သင်ကြားရေး စနစ်များကိုလည်း ထည့်သွင်းစိစစ်လျက်ရှိပါကြောင်း၊ ဥပဒေပြင်ဆင်ချက်များသည် ယေဘုယျအားဖြင့် မူရင်းဥပဒေပြဋ္ဌာန်းချက်များ၏ ထက်ဝက် သို့မဟုတ် သုံးပုံ နှစ်ပုံ ကျော်နေလျှင် ဥပဒေအသစ်အနေဖြင့် ရေးဆွဲရန်ပြဋ္ဌာန်းထားပါသဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ထို့နောက် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်မောင်၏ “ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများ (ဝိဇ္ဇာချွန်ဆု/ သိပ္ပံချွန်ဆု) ရွေးချယ်၍ အထူးလေ့ကျင့် ပြုစုပျိုးထောင်ရေး အစီအစဉ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အခန်း(၈) နိုင်ငံသား၊ ပုဒ်မ ၃၆၈ နှင့်အညီ ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို” ကို တင်သွင်းရာ မတ္တရာ မဲဆန္ဒနယ်မှ ဦးလှမြင့်က ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ “နိုင်ငံသူနိုင်ငံသား မိဘပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုများကို လျှော့ချပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြင်ပလူနာဌာနကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ရောဂါကြီးများအား နိုင်ငံတကာ အဆင့်မီကုသမှုခံယူနိုင်ရန်အတွက် ဒေသဇုန်ကြီးများအလိုက် အဆင့်မြင့်အထူးကုဆေးရုံကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန် တိုက်တွန်းသည့်အဆို” ကို တင်သွင်းရာ သရက်ချောင်း မဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်းက ထောက်ခံဆွေးနွေးသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို အောက်တိုဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအဖွဲ့