နေပြည်တော် အောက်တိုဘာ ၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူငယ်များအတွက် မျိုးချစ်စိတ်မြှင့်တင်ရေး၊ ချောင်းဖြောင့်တူးဖော်ပေးရေး၊ မြေငှားဂရန်လျှောက်ထားမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြီးသတ်ဆောင်ရွက်ပေးရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကိုထိခိုက်စေသော လုပ်ရပ်များအပေါ် အရေးယူပေးနိုင်ရေး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ရုံး အမြန်ဆုံးတည်ဆောက်ပေးရေး၊ ယာယီနေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ သရက်ချောင်းမဲဆန္ဒနယ်မှ ဦးရဲထွန်းဝင်း၏ လူငယ်များအကြား မျိုးချစ်စိတ်မြှင့်တင်ရေး ကျယ်ပြန့်စွာ ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် Auto Repair သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူငယ်များဘာသာရေးနှင့် ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့အတွက် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း(၂၀၄)ကြိမ်၊ လူငယ်ဖိုရမ်(၁)ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး လူငယ်စုစုပေါင်း ၄၇၁၁၉ ဦးတက်ရောက်ခဲ့ကြပါကြောင်း၊ လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း စသည့်အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ Job Ready Skills Workshop & Career and Opportunity Fair အခမ်းအနားများ၊ လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိစေရန် Interim ဖန်တီးဖော်ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရှေ့ဆက်လက်ပြီး အထူးအလေးပေးရမည့် လူငယ်များ အသက်မွေးဝမ်းကျောင်းမှုပညာများကို လက်လှမ်းမီသင်ကြားနိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပုံဖော်ပေးခြင်း၊ သာတူညီမျှအခွင့်အရေးနှင့် လုပ်ငန်းခွင်အတွင်း စိတ်ချလုံခြုံမှုရှိစေရေးတို့ကို မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့်ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
လူငယ်များကို ဘာသာရေးနှင့် ယဉ်ကျေးမှုအခြေပြု မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း YMBA အသင်းခွဲများ ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ယဉ်ကျေးလိမ္မာသင်တန်းများ၊ ဓမ္မစကူးလ်သင်တန်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွင့်လှစ်ခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများကျင်းပဖြေဆိုခြင်း၊ အဘိဓမ္မာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးဘာသာချစ်မြတ်နိုးတတ်စေရန်နှင့် စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း YMBA အသင်းကြီးများကဲ့သို့ အခြားသောလူမှုရေးအသင်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်ကျေးရွာအုပ်စုအဆင့်များအထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များအလိုက် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း။
လူငယ်များမူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်သကဲ့သို့ လမ်းမှားရောက်နေသည့် လေလွင့်လူငယ်များ မူးယစ်ဆေးစွဲလူနာများအား မူးယစ်သံသရာအတွင်း ပြန်လည်မရောက်ရှိစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ မူးယစ်ဆေးစွဲလူငယ်များကို ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်၍ ဆေးဖြတ်ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများတွင် သက်မွေးသင်တန်း(၄၆)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းဆင်း ၄ဝဝ တို့အား သင့်လျော်သည့် အလုပ်အကိုင်များရရှိရေး စီစဉ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၏ အဝေရာဆည်တာပေါင်အနီး၊ ငလိုက်ချောင်းအား ချောင်းဖြောင့်တူးဖော်ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်က နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆင်သေချောင်းရေလမ်းပိုင်း(၂၀)၊ ဇီးကုန်းတံတား ရေလမ်း၊ ရေလမ်းပိုင်း(၂၃)၊ ရှားစေးဖို ရေလမ်းနှင့် ရေလမ်းပိုင်း(၂၄)၊ အေးမြင့်သာယာရေလမ်းတို့တွင် သောင်တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ရန်ပုံငွေတို့ ခွင့်ပြုပါရှိပြီးဖြစ်သဖြင့် ပွင့်လင်းရာသီတွင် လုပ်ငန်းများ စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျွန်းဦးရွာ၊ စက်ရုံရွာ၊ နှမ်းတောရွာ၊ သစ်ဆိမ့်ပင်ရွာနှင့် ဇီးဖြူပင်ရွာ စသည့် ကျေးရွာများရှိ ရေလမ်း ပိုင်းသည် ငလိုက်ချောင်း-ဆင်သေချောင်း ရေလမ်းပိုင်း(၂၈)၊ ဆင်သေရေလမ်းတွင် ပါဝင်ပြီး နေပြည်တော် ကောင်စီ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရေကြီးရေလျှံမှုလျော့ပါးရေး ရေလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း အလျား ၁၃၀၀ မီတာ၊ ၄၂၆၅ ပေအတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၃၀၆၉ ဒသမ ၃၀၀ အား ပထမဦးစားပေးဆောင်ရွက်ရန် ရန်ပုံငွေလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး အဆိုပါရေလမ်းပိုင်း ပိုမိုထိရောက်နိုင်စေရေးအတွက် ဆင်သေချောင်းရေလမ်းပိုင်း(၂၆)၊ ရုံးပင်ဇောင်းရေလမ်းနှင့် ရေလမ်း ပိုင်း(၂၇)၊ ညောင်ပင်ကြီးရေလမ်းတို့တွင်လည်း ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေလမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း အလျား ၈၆၇၀ မီတာ၊ ပေ ၂၈၄၅၀ အတွက် ခန့်မှန်းကုန်ကျငွေကျပ်သန်း ၂၁၉၈၈ ဒသမ ၂၀၀ အား ပထမဦးစားပေးဆောင်ရွက်ရန် ရန်ပုံငွေလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
စဉ့်ကိုင်မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ စဉ့်ကိုင်မြို့နယ် မြေငှားဂရန်လျှောက်ထားမှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ မည်မျှကာလအတွင်း အပြီးဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက မြေငှားဂရန်ခွင့်ပြုပေးနိုင်ရေး သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အချက်အလက်ပြည့်စုံစွာဖြင့် လျှောက်ထားလာပါက အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပြီး လျှောက်ထားမြေနေရာသည် မြေငှားဂရန်ခွင့်ပြုထုတ်ပေးနိုင်သည့် အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ ဟုတ်/ မဟုတ် မြေစာရင်းဦးစီးဌာန၏ မြေရာဇဝင်စိစစ်ချက်ရယူခြင်း၊ လမ်းနယ်နိမိတ်နှင့်လွတ်ကင်းမှု ရှိ/မရှိ လမ်းဦးစီးဌာန၊ စည်ပင်သာယာအဖွဲ့များ၏ ထောက်ခံချက်များရယူခြင်း၊ မြေနေရာတည်ရှိမှုအပေါ်မူတည်ပြီး အခြားဆက်စပ်ဌာနများ၏ သဘောထားများရယူခြင်း၊ သက်ဆိုင်ရာဌာနများနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်ရပါကြောင်း။
ထို့နောက် မြေငှားဂရန်လျှောက်ထားသည့်မြေသည် မြေပိုင်ဆိုင်မှုခိုင်မာသည့်အပြင် အငြင်းပွားမှုမရှိသည့် မြေနေရာများဖြစ်ပါက မြေဧရိယာ ၁ ဧက အထိကို ခရိုင်အုပ်ချုပ်ရေးမှူးက ၃၂ ရက်ဖြင့်လည်းကောင်း၊ မြေဧရိယာ ၁ ဧက အထက်မှ ၅ ဧက အထိကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ၄၈ ရက်ဖြင့်လည်းကောင်း၊ မြေဧရိယာ ၅ ဧကအထက်ကို ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ၇၃ ရက်ဖြင့်လည်းကောင်း တည်ဆဲမြေယာစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေငှားဂရန်များ ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ လူနေထိုင်ရန်အတွက် မြေငှားဂရန် လျှောက်ထားမှုများအပေါ် မြေပိုင်ဆိုင်မှုခိုင်မာသည့်အပြင် အငြင်းပွားမှုမရှိသည့် မြေနေရာများဖြစ်ပါက တည်ဆဲမြေယာစီမံခန့်ခွဲရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ကာလအတွင်း မြေငှားဂရန်များ ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်းနှင့် စက်မှု/စီးပွား မြေငှားဂရန် လျှောက်ထားလာသည့် မြေများအား လုပ်ငန်းအမှန်တကယ်ဆောင်ရွက်နေမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံသူ/နိုင်ငံသားတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှုတို့ အပေါ်မူတည်ပြီး ခွင့်ပြုသည့် နည်းလမ်းများအတိုင်း အသုံးပြုပါက တည်ဆဲမြေယာ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဒေါ်သန်းသန်းအေး၏ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ယိမ်းယိုင်စေရန်နှင့် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသည့် လုပ်ရပ်များအပေါ် အရေးယူရန်အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက ပြည်ပနိုင်ငံများတွင်ခိုလှုံ၍ နိုင်ငံတော်အစိုးရအပေါ် ဆန့်ကျင် ရန်နှင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ပြုလုပ်သူများ၊ အားပေးကူညီသူများကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း၊ အမှုဖွင့်လှစ်ပြီးပါက သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့လာသည့် ဖမ်းဝရမ်း(နိုတြီ)များကို အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(INTERPOL)၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စည်းမျဉ်းများနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်၍ တရားစွဲဆိုခံရရန် သို့မဟုတ် ပြစ်မှုဆိုင်ရာပြစ်ဒဏ်ကျခံရန် လိုအပ်နေသူတစ်ဦးနှင့်စပ်လျဉ်း၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Interpol Red Notice ထုတ်ပြန်ခြင်း၊ တရားခံများဖမ်းဆီးပေးခြင်းတို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့သို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၌ တရားခံလွှဲပြောင်းရေးဥပဒေကို ၂၁-၇-၂၀၁၇ ရက်တွင် အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ကို နိုင်ငံတစ်ခုချင်း သီးခြားလက်မှတ်ရေးထိုးချုပ်ဆိုထားခြင်း မရှိသော်လည်း ၁၄-၁၁-၂၀၂၅ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားခံလွှဲပြောင်းရေးစာချုပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးထားပါကြောင်း၊ တရားခံလွှဲပြောင်းရေး ကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ တရားခံလွှဲပြောင်းရေးဥပဒေနှင့်အညီ Case By Case ကိစ္စတစ်ခုချင်းအလိုက် သုံးသပ်ပြီး လွှဲပြောင်း/ လက်ခံ ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ယိမ်းယိုင်ပျက်ပြားစေရန်နှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသူများ၊ နိုင်ငံတော်အစိုးရအား ဆန့်ကျင်မှုများပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေသူများနှင့် ပြည်ပနိုင်ငံများတွင်ခိုလှုံ နေသူများအား ရာဇသတ်ကြီး၊ မတရားအသင်းအက်ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်ခြင်း၊ နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊ အမည်မည်းစာရင်းရေးသွင်းခြင်း၊ စောင့်ကြည့်စာရင်းရေးသွင်းခြင်းနှင့် Interpol Red Notice ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးရန်ကျော်၏ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ရုံးကို နိုင်ငံတော်၏ သီးခြားရန်ပုံငွေဖြင့် အမြန်ဆုံးတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံးပြောင်းရွှေ့ဖွင့်လှစ်ထားသည့် မက်မန်းမြို့သည် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်သည့်အတွက် မက်မန်းခရိုင်အဆင့် ဝန်ထမ်းများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံး ဝန်ထမ်းများသည် ဝန်ထမ်းအိမ်ရာ လုံလောက်မှုမရှိသဖြင့် ပြင်ပတွင်ငှားရမ်းနေထိုင်ရသောကြောင့် မြေပြင်တွင် လတ်တလောလိုအပ်နေသည့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံတစ်လုံး တည်ဆောက်နိုင်ရန်၊ ဆောက်လုပ်မည့် မြေနေရာမှ တောင်သူသုံးဦး၏ သီးနှံနစ်နာကြေးပေးရန်နှင့် မြေနေရာပြုပြင်ခြင်းတို့ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၂၇ - ၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ရုံးကို နိုင်ငံတော်၏ သီးခြားရန်ပုံငွေတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရုံးဝန်ထမ်းများ နေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက်ပေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေတွင် လျာထားဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဦးသန်းဝင်းထွန်း၏ နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်၌ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား မည်ကဲ့သို့ကူညီဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့နေရပ်သို့ စိတ်အေးချမ်းသာစွာ သွားလာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများလွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ရှင်းလင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ရွှေဘိုခရိုင်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအဖွဲ့များနှင့် ပူးပေါင်း၍ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေဒေသတည်ငြိမ်အေးချမ်း မှုရှိလာပါက ယာယီနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏ နေရပ်ဒေသသို့ ပြန်လည်ဝင်ရောက်နေထိုင်စေပြီး အေးချမ်းလုံခြုံစွာ သွားလာနေထိုင် လုပ်ကိုင် စားသောက်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့သော “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ”နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက်(၂)ချက်ကို ဥပဒေကြမ်းကော်မတီဝင်က ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ နည်းဥပဒေများနှင့် စပ်လျဉ်း၍ နည်းဥပဒေတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်၏ အတည်ပြုချက်ရာယူရာ လွှတ်တော်က သဘောတူသည့်အတွက် နည်းဥပဒေတစ်ရပ်လုံးကို အတည်ပြုကြောင်းနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို အောက်တိုဘာ ၇ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းအဖွဲ့


