မော်လမြိုင် ဩဂုတ် ၁၃
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ယနေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း ခြောက်ခုကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးက ရှင်းလင်းဆွေးနွေးကာ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ယင်းနောက် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်ကို အနှစ်ချုပ်တင်ပြပြီး တတိယပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)


