တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်းရှစ်ခု မေးမြန်းဖြေကြား

ဘားအံ ဩဂုတ် ၁၀

 

တတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဘားအံမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးက လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း ရှစ်ခုကို မေးမြန်းရာ သက်ဆိုင်ရာပြည်နယ် အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။

 

ဖတ်ကြားတင်သွင်း

 

ဦးစွာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ သဘောထားရယူ၍ အစည်းအဝေး ပထမနေ့ အထမြောက်ကြောင်းနှင့် စတင် ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု  အခြေအနေကို လွှတ်တော်၏ အတည်ပြု ချက်ရယူ မှတ်တမ်းတင်သည်။

 

အစည်းအဝေးတွင် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညီညီဇော်က ကရင်ပြည်နယ် စာကြည့်တိုက်ဥပဒေကြမ်းကို ပြည်နယ်လွှတ်တော်သို့ ဖတ်ကြားတင်သွင်း၍ ပြည်နယ် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြကာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာကာ အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)