မုံရွာ ဩဂုတ် ၁၃
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက်ပိုင်းက မုံရွာမြို့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၇ ဦး တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ဆက်လက်၍ ကြယ်ပွင့်ပြထားသည့် မေးခွန်း ၁၁ ခုကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြေကြားကြပြီး ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးကျော်နိုင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူငယ်များ၏ အနာဂတ်လုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်း၏ တည်ငြိမ်အေးချမ်းရေးအတွက် ထိရောက်သော အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုတင်သွင်း၍ ကလေးဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးရဲနောင်က ထောက်ခံဆွေးနွေးကာ အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်/ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဆဋ္ဌမနေ့ကို ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


