တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တွေ့ဆုံဆွေးနွေး

ဘစ်ရှ်ကက်  စက်တင်ဘာ  ၂

မိမိနှင့် ရုရှားသမ္မတဗလာဒီမာ ပူတင်တို့၏ မဟာဗျူဟာမြောက်သည့် လမ်းညွှန်မှုများနှင့် နှစ်နိုင်ငံအကြား ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသည် ခိုင်မာတည်ငြိမ်မှုရှိကာ တောက်ပသည့်အနာဂတ်ရှိနေကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးပြင်ပတွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က အထက်ပါအတိုင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားသမ္မတဗလာဒီမာ ပူတင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို အရည်အသွေးမြင့်မားပြီး အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်စေရန် မဟာဗျူဟာနှင့် ရေရှည်ရှုထောင့်မှ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး တရုတ်နှင့်  ရုရှား နှစ်နိုင်ငံကြား ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများအနေဖြင့် သိသာထင်ရှားသည့် ရလဒ်များရရှိထားသည့် သဘောတူညီချက်များကို  တက်ကြွစွာအကောင်အထည်ဖော်ဆောင်ရွက်နေပြီး နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာသည့်အဟုန်ဖြင့် ထိမ်းသိမ်းထားနိုင်ခဲ့ကြောင်း  သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

လက်ရှိ နိုင်ငံတကာအခင်းအကျင်းသည်  ရာစုနှစ်တစ်ခုအတွင်း မကြုံစဖူး သိသာထင်ရှားစွာပြောင်းလဲနေကြောင်းနှင့် မရေရာမသေချာမှုများ  သိသာထင်ရှားစွာ ရှိနေသည်ကို မြင်တွေ့နေရသော်လည်း ကမ္ဘာတစ်ဝန်းရှိ လူများ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊  ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ရလဒ်များကို ရှာဖွေနေမှုမှာ မပြောင်းလဲဘဲရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒေသတွင်းတည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည်  အရေးကြီးသောတာဝန်ကို  ထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အဆင့်မြင့်ဖလှယ်မှုများကို ထိန်းသိမ်းရန်၊  ကုန်သွယ်ရေး၊ စွမ်းအင်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့်   သိပ္ပံနှင့်နည်း ပညာကဲ့သို့သော  နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊   ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှုများကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ရလဒ်အသစ်များရရှိရန်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ရုရှားသမ္မတ ဗလာဒီဗာပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်  ကုလသမဂ္ဂ၊ BRICS ယန္တရားနှင့် ဂျီ-၂၀ ကဲ့သို့သော ဘက်စုံယန္တရားများအတွင်း ညှိနှိုင်း ဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်ဆောင်ရွက်ရန်၊ APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ထောက်ခံရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုကို ပူးတွဲထိန်းသိမ်းရန် ဆန္ဒရှိကြောင်း  ၎င်းက ပြောကြားခဲ့သည်။        

ကိုးကား- ဆင်ဟွာ

ဘာသာပြန် - စိုးသူရ