တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ အစိုးရအကြီးအကဲများအကြား ပုံမှန်တွေ့ဆုံဆွေးနွေးရေးကော်မတီ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ

ပေကျင်း      အောက်တိုဘာ     ၁၉

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ  အစိုးရအကြီးအကဲများအကြား  ပုံမှန်တွေ့ဆုံဆွေးနွေးရေးကော်မတီ၏ အကြိမ်(၃၀)မြောက်  အစည်းအဝေးကို တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းနှင့် ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်   ဒီမီထရီ   ချာနီရှန်ကိုတို့အကြား အောက်တိုဘာ ၁၉ ရက်တွင်  ဗီဒီယို ကွန်ဖရင့် ဖြင့်  ကျင်းပခဲ့ကြောင်း သိရသည်။

နိုင်ငံခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသည့် အရေးကြီးသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်နှင့် တရုတ် - ရုရှား အစိုးရအကြီးအကဲများ၏ (၃၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း  တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန်းက အဆိုပါ အစည်းအဝေးတွင် ပြောကြားသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ နျူကလီးယားစွမ်းအင်၊ လေကြောင်းနှင့်  အာကာသယာဉ်ကဏ္ဍ စသည့်နယ်ပယ်များတွင်  ရုရှားနိုင်ငံနှင့်  ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းအောင် ပြုလုပ်ရန်  အသင့်ရှိနေသလို သဘာဝပတ်ဝန်းကျင်နှင့်  သဟဇာတဖြစ်သော  အစိမ်းရောင်နှင့်  ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော   ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်စီးပွားရေးတို့တွင်လည်း  ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နှစ်ဖက်စလုံးအနေဖြင့်  ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန်၊  ဘက်ပေါင်းစုံပါဝင်သည့် ကုန်သွယ်မှုစနစ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကဏ္ဍအသီးသီးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၌ တိုးတက်မှုအသစ်များ ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရေး အတွက် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံဖလှယ်မှုများ ပိုမိုနီးကပ်လာခြင်းနှင့် နိုင်ငံစုံပလက်ဖောင်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုအားကောင်းလာခြင်းတို့ကို ထောက်ပြလျက် ရုရှားနိုင်ငံအနေဖြင့်  တရုတ်နိုင်ငံနှင့်အတူ  ပူးပေါင်းဆောင်ရွက်မှုကို ပမာဏပိုင်းတွင်သာမက အရည်အသွေးပိုင်းတွင်ပါ  ပိုမိုခိုင်မာအားကောင်းလာစေရန်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ရုရှားနိုင်ငံ  ဒုတိယဝန်ကြီးချုပ် ဒီမီထရီ ချာနီရှန်ကိုက ပြောကြားသည်။ 

ဆင်ဟွာ