ပေကျင်း စက်တင်ဘာ ၂၄
တရုတ်အလုပ်သမားနှင့် လယ်သမားတပ်နီတော်၏ ခရီးရှည်ချီတက်ပွဲ အောင်ပွဲ နှစ်(၉၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲကြီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ တရုတ်ပြည်သူ့တော်လှန်ရေး စစ်သမိုင်းပြတိုက်၌ ခမ်းနားစွာကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးရှည်ချီတက်ပွဲအောင်ပွဲသည် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပြီး သမိုင်းမှတ်တမ်းတွင် ထင်ရှားခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် စိုင်ချီက အဆိုပါအခမ်းအနားဖွင့်ပွဲတွင် ပြောကြားသည်။ အဆိုပါခရီးရှည်ချီတက်ပွဲသည် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့တော်လှန်ရေးအတွက် ကြီးကျယ်သည့် အပြောင်းအလဲတစ်ခုဖြစ်ခဲ့ပြီး တရုတ်အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နုပျိုဆန်းသစ်လာခြင်းဆိုင်ရာ သမိုင်းဝင်ဖြစ်စဉ်တွင် ကြီးမားခမ်းနားသော မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ခရီးရှည်ချီတက်ပွဲအောင်ပွဲသည် ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သော တပ်နီတော်က ကူမင်တန်တပ်ဖွဲ့များ၏ ဝန်းရံပိတ်ဆို့မှုကို ထိုးဖောက်တိုက်ခိုက်ချီတက်နိုင်ခဲ့သည့် ကြီးကျယ်ခမ်းနားသော စစ်ရေးချီတက်မှုတစ်ခုဖြစ်သည်။ အဆိုပါဖြစ်စဉ်အတွင်း တပ်နီတော်စစ်သည်များသည် အရှိန်ပြင်းပြင်းဖြင့်စီးဆင်းနေသည့် မြစ်များ၊ နှင်းဖုံးနေသည့်တောင်တန်းများနှင့် အန္တရာယ်များသည့် မြက်ခင်းပြင်များကို ရဲဝံ့စွာဖြတ်သန်းချီတက်ခဲ့ကြပြီး ၎င်းစစ်ရေးအောင်မြင်မှုမှနေ၍ တရုတ်ပြည်သူ့တော်လှန်ရေး အောင်မြင်စေရန်အတွက် အုတ်မြစ်ချပေးခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်များနှင့် တပ်နီတော် တပ်သားများ၏ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်သည် တရုတ်နိုင်ငံသားများအား အခက်အခဲများမှ ကျော်လွှားပြီး အောင်ပွဲတစ်ခုမှ တစ်ခုသို့ ရှေ့ဆက်ရန်တွန်းအားပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။
ယခုပြပွဲသည် မျိုးချစ်စိတ်နှင့် တော်လှန်ရေးဆိုင်ရာ ယဉ်ကျေးမှုများကို အသိပညာပေးသည့် အရေးကြီးသောစင်္ကြံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ရှေ့ခရီးတွင် ခရီးရှည်ချီတက်ပွဲစိတ်ဓာတ်အား သယ်ဆောင်သွားရန် လမ်းပြခဲ့ကြောင်း ၎င်းက ပြောကြားသည်။ ယခုပြပွဲရှိ အဓိကပြခန်းခုနစ်ခန်းတွင် ဇူးယီအစည်းအဝေး၊ အဓိကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ခရီးရှည်ချီတက်ပွဲဆိုင်ရာခိုင်မြဲသည့်အမွေအနှစ်များကို အင်္ဂလိပ်ဘာသာစာတန်းထိုးဖြင့် ပြသထားကြောင်း သိရသည်။
ဆင်ဟွာ


