တရုတ်နိုင်ငံ၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ချမှတ် ဆောင်ရွက်

ပေကျင်း   စက်တင်ဘာ   ၃

တရုတ်နိုင်ငံသည် ၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်အထိ ငါးနှစ်ကြာကာလအတွင်း  နိုင်ငံအတွင်းရှိ  အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်တစ်ရပ်ချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းစီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တီထွင်ဆန်းသစ်မှုရှိရေးတို့အတွက် ရည်မှန်းချက်များ ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရည်အသွေးနှင့် ပမာဏကြီးထွားလာစေရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းလုပ်ငန်းများ အောင်မြင်ရေးအတွက် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနဆယ်ခုက  ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုအစီအစဉ်အရ ဆောင်ရွက်ပါက နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမည်ဖြစ်ပြီး အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းငယ်များ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး နှစ်စဉ်ပျမ်းမျှအသုံးစရိတ်သည်  ၈ ရာခိုင်နှုန်းကျော် အထိ ရောက်ရှိလာမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ်အရောက်တွင် နိုင်ငံအတွင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအရေအတွက် ၂၂၀၀၀ ရှိလာမည်ဟု သိရသည်။

ယခုအစီအစဉ်အရ SME များ၏ ဝန်ဆောင်မှုစနစ်ကို ဆက်လက်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံနှင့် ပြည်ပမှ SME များအတွက် ပူးပေါင်းဆောင်ရွက်ရေးဇုန်အရေအတွက်ကို ၅၀ အထိ မြှင့်တင်မည်ဖြစ်သည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ