တရုတ်နိုင်ငံက မောင်းသူမဲ့အာကာသယာဉ်တစ်စင်း အောင်မြင်စွာလွှတ်တင်

ပေကျင်း ၃၁ မေ

တရုတ်နိုင်ငံက ၎င်း၏အာကာသစခန်းသစ်တည်ဆောက်ရေးတွင် အသုံးပြုမည့်ထောက်ပံ့ရေးပစ္စည်းများအား သယ်ဆောင်သော မောင်းသူမဲ့ အာကာသယာဉ်တစ်စင်းကို ယမန်နေ့ တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအာကာသယာဉ် Tianzhou-2 ကို သယ်ဆောင်သည့်ဒုံးပျံအား ဟိုင်နန်ကျွန်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ယမန်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ် အာကာသအေဂျင်စီက ပြောကြားသည်။

ယင်းအာကာသယာဉ်သည် အာကာသစခန်းသို့ ယမန်နေ့တွင် ရောက်ရှိခဲ့ပြီး အာကာသအတွင်းရှိ အာကာသ စခန်းနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အာကာသယာဉ် Tianzhou-2 သည် ၁၀ မီတာအရှည်ရှိပြီး အချင်း ၃ ဒသမ ၃ မီတာရှိကာ ခြောက်တန်ခန့် သယ်ဆောင်နိုင်ကြောင်း သိရသည်။

အာကာသယာဉ် Tianzhou-2 သည် အာကာသအတွင်း စူးစမ်းလေ့လာမှုများကို ဆောင်ရွက်မည့် အာကာသယာဉ်မှူးများအတွက် ဝတ်စုံများနှင့် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်သွားကြောင်း သိရသည်။

တရုတ်အစိုးရက အာကာသအတွင်း၌ အာကာသစခန်းသစ်တစ်ခုကို လာမည့်နှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသည်။ အာကာသစခန်းသစ်တွင် တာဝန်ထမ်းဆောင်မည့် အာကာသယာဉ်မှူး သုံးဦးအား လာမည့် လအတွင်း အာကာသအတွင်းသို့ စေလွှတ်ရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံသည် အာကာသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်လာစေရန် အာကာသဆိုင်ရာဆောင်ရွက် ချက်များကို အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။

လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံ၏ မောင်းသူမဲ့စူးစမ်း ရှာဖွေရေးယာဉ်တစ်စင်းသည် လကမ္ဘာပေါ်မှ ကျောက်ခဲ များကို သုတေသနပြုရန် ကမ္ဘာမြေပေါ်သို့ ပြန်လည်သယ် ယူလာနိုင်ခဲ့သည်။ ထို့ပြင် ယခုလအတွင်း အင်္ဂါဂြိုဟ်ပေါ်သို့ အာကာသယာဉ်တစ်စင်း အောင်မြင်စွာ ခြေချနိုင်ခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ / ဘာသာပြန် - အောင်ကျော်ကျော်