ဗီယင်ကျန်း စက်တင်ဘာ ၁၀
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့်လာအိုပြည်သူ့တပ်မတော်တို့မှ ဆေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်သည့် The China-Laos “Peace Train-2026” ဟု အမည်ရသည့် ဆေးဘက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်းတွင် ဒရုန်းယာဉ်များနှင့် စက်ရုပ်ခွေးများဖြင့် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်း၌ ကျင်းပသည့် အဆိုပါလေ့ကျင့်မှုတွင် ဉာဏ်ရည်တုနည်းပညာသုံးပစ္စည်းကိရိယာများအား ရှာဖွေကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများပေးပို့ရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တပ်ဖွဲ့ဝင်များအား အကူအညီပေးနိုင်ရန် ဖြန့်ကြက်ထားရှိကာ လေ့ကျင့်ခဲ့ကြောင်း သိရသည်။ ဒရုန်းများ၊ မောင်းသူမဲ့ယာဉ်များနှင့် စက်ရုပ်ခွေးများကို သုံးစွဲခြင်းဖြင့် စစ်မြေပြင်တွင် လူသားတပ်ဖွဲ့ဝင်များ မဝင်ရောက်နိုင်သည့် နေရာများအထိ ၎င်းတို့ကို စေလွှတ်နိုင်ပြီး ဆေးကုသရေးနှင့် ထောက်ပံ့ပစ္စည်းများ အချိန်မီ ပေးပို့နိုင်သည့် အားသားချက်များရှိကြောင်း တရုတ်ဆေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဇူချန်အိုက ပြောကြားသည်။
ယခုလေ့ကျင့်ခန်း၌ ရှေ့တန်းတွင် ထိခိုက်ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို တိကျစွာပို့ဆောင်ပေးခြင်းအပါအဝင် ဆေးဘက်ဆိုင်ရာဌာနများတွင် ထိခိုက်ဒဏ်ရာရရှိသူများအား အလျင်အမြန်ပြောင်းရွှေ့ခြင်း၊ နောက်ဆက်တွဲကုသမှုများ ဆောင်ရွက်ပေးခြင်း စသည်တို့ကို နှစ်ဖက်တပ်ဖွဲ့ဝင်များ လေ့ကျင့်ခဲ့သည်။
ယခုလေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမှ ဆေးတပ်ဖွဲ့အနေဖြင့် လူသားတပ်ဖွဲ့ဝင်များအစား ဉာဏ်ရည်တုနည်းပညာကိုအသုံးပြုသည့် ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးတပ်ဖွဲ့၏ ပေါင်းစပ်စွမ်းရည်ကို ပြသနိုင်ခဲ့ကြောင်း တာဝန်ရှိသူ ချန်ပီဇန်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


