တရုတ်–ဘယ်လာရုစ် ခရီးသွားလုပ်ငန်းဖိုရမ် စတင်ဖွင့်လှစ်

အောက်တိုဘာ ၂၂

တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်သည့် တရုတ်–ဘယ်လာရုစ် ခရီးသွားလုပ်ငန်းဖိုရမ်ကို ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့တွင် အောက်တိုဘာ  ၂၀ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါဖိုရမ်သို့ တရုတ်နှင့် ဘယ်လာရုစ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်အတွင်း အုပ်စုလိုက်ဆွေးနွေးပွဲများ၊ စီးပွားရေးလုပ်ငန်းအချင်းချင်း တွေ့ဆုံညှိနှိုင်းမှုများ (B2B) အပြင် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များကိုလည်း ကျင်းပရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး အလက်ဇန္ဒား ချာဗျာကော့ဗ်က နှစ်နိုင်ငံအကြား ရာသီမရွေး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အလေးထား ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် နှစ်နိုင်ငံပြည်သူများအချင်းချင်း ပိုမိုနားလည်လာစေရန်၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန် အထောက်အကူပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယခုဖိုရမ်သည် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပေးမည့် အရေးပါသော အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး တက်ရောက်လာသူများ၏ အတွေ့အကြုံများ၊ ထူးခြားသည့် အမြင်များနှင့် အပြုသဘောဆောင်သော အကြံပြုချက်များကလည်း အကျိုးရှိမည်ဟု ၎င်းကပြောကြားခဲ့သည်။

ဘယ်လာရုစ်နိုင်ငံရှိ တရုတ်သံရုံးမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သံတမန်အကြံပေး ယန်ကျွန်းခဲ (Yang Junke) ကလည်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်–ဘယ်လာရုစ် ဆက်ဆံရေးသည် အားကောင်းသည့် အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားကြောင်းနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပြည်သူအချင်းချင်း ဖလှယ်ဆက်ဆံရေးနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့လည်း ပိုမိုနက်ရှိုင်းလာကြောင်း ၎င်းက ပြောကြားသည်။

နှစ်နိုင်ငံအကြားအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်မူဝါဒများနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များစွာ ဖွင့်လှစ် ထားခြင်းကြောင့် ခရီးသွားလာမှုပိုမိုအဆင်ပြေလာပြီး ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာကြောင်းနှင့် ယခုဖိုရမ်မှတစ်ဆင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာလာပြီး အပြန်အလှန် ခရီးသွားလာမှုများ တိုးမြင့်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိုဖိုရမ်ကို အောက်တိုဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို