တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မန္တလေး စက်တင်ဘာ ၂၄

 

တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၃ ရက်‌ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးခန်းမ၌ ကျင်းပသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးလှသိန်းက ယခုဆွေးနွေးပွဲသည် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၉ မဟာဗျူဟာစီမံကိန်းပါ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နစ်နာသူများအပေါ် ဥပ‌ဒေနှင့်အညီ အကာအကွယ်ရရှိရေးသည် အရေးကြီးကြောင်း၊ အမှုများကို မှန်ကန်မြန်ဆန်ပြီး အဂတိကင်းစွာ ဆောင်ရွက်သွားရန်၊ တရားစွဲ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့‌ပြေးဥပဒေရုံး (Pilot Law Office) လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်မွန်က တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်နှင့် မြို့နယ်ဥပဒေရုံး ခုနစ်ရုံးမှလည်း Zoom Meeting ဖြင့် အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလင်းသစ်