တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၂၇

 

ကျောင်းသား လူငယ်များအားမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပ ဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက် လာခဲ့မှုအခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက် ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။

 

ဆက်လက်၍ တပ်မတော်(ကြည်း)ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက်ပြတိုက်တာဝန်ရှိသူများက လာရောက် လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များပေးဝေကြသည်။

 

ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

 

ဆက်လက်၍ ယနေ့လေ့လာ မှတ်သားခဲ့သည့်ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

 

ထိုကဲ့သို့ လေ့လာရေးလာရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊ လေ)မှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ လေယာဉ်ပျံတွေ၊ သင်္ဘောတွေ၊ စတင်ဖွဲ့စည်းခဲ့တဲ့ ခုနှစ်တွေ၊ စက်ပစ္စည်းအစိတ် အပိုင်းတွေနဲ့ပတ်သက်ပြီး မသိခဲ့တာတွေ အများကြီးသိခဲ့ရပါတယ်။ တာဝန်ရှိသူတွေကလည်း အများကြီးရှင်းပြတဲ့အတွက် မသိတာတွေအများကြီး သိလိုက်ရတယ်။ တခြားမောင်ငယ် ညီမငယ်တွေကိုလည်း ပြန်ပြောနိုင်လောက်အောင် အသိအမြင်အများကြီး ရလိုက်ပါတယ်။ မမြင်ဖူးတာတွေ၊ မသိခဲ့တဲ့ သမိုင်းတွေကိုလည်း သေသေချာချာရှင်းပြတဲ့အတွက် အကုန်လုံးကို သိလိုက်ရပါတယ်။

 

၂။ စစ်သမိုင်း ပြတိုက်ကို ဘာကြောင့်လေ့လာရသလဲဆိုတော့ ကျွန်တော်တို့ နေနေတာ မြန်မာနိုင်ငံဆိုတော့ မြန်မာနိုင်ငံရဲ့ အကြောင်းအရာတွေ၊ ပြီးတော့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေရဲ့ စစ်ပညာတွေလေ့လာရ တဲ့အတွက်ကြောင့် နောင်ကျရင် လေတပ်မှာ ပါဝင်ချင်လည်းရတယ်။ ကြည်းတပ်မှာပါဝင်ချင်ရင်လည်း ပါဝင်လို့ရတဲ့ အခွင့်အရေး အလားအလာတွေကို သိရှိခွင့်ရခဲ့ပါတယ်။ အဲဒါကြောင့် အများကြီးဝမ်းသာမိပါတယ်။ ပြီးတော့ ကိုယ်နေတဲ့မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဘုရင်တွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်ကြီးတွေရဲ့ အကြောင်းအရာတွေကို လေ့လာရတဲ့အတွက် စာတွေ့သာမက အပြင်ပတ်ဝန်းကျင် ဗဟုသုတတွေရရှိတဲ့အတွက် ဝမ်းသာမိပါတယ်။ နောက်ပြီးကျောင်းသား ကျောင်းသူတွေလည်း လာခဲ့ပါလို့၊ လိုက်ရှင်းပြတဲ့ ဗိုလ်ကြီးတွေကအစ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနဲ့ ကျွန်တော်တို့သိချင်တာ အကုန်လုံးကိုလည်း ရှင်းပြပေးတယ်။ အဲဒီလိုရှင်းပြပေးတဲ့အတွက် ကျွန်တော်တို့သိချင်တာတွေ သိရှိခဲ့ရတယ်။ လူငယ်ဘဝမှာ လိုအပ်တဲ့ဗဟုသုတတွေလည်းရရှိတာ ဖြစ်တဲ့အတွက်ကြောင့်လာခဲ့ပါလို့ ကျောင်းသား ကျောင်းသူတွေကို ဖိတ်ခေါ်ပါတယ်။

သတင်းစဉ်

 ၂102820261028 ၁_1102820261029