နေပြည်တော် ဩဂုတ် ၁၇
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များအား မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ ယှဉ်တွဲလေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ရေဆင်း) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။ ထို့ပြင် ပြင်ပ ပြကွက်များတွင် ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများကိုပါ လေ့လာခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
လေ့လာရေးသွားရောက်ခဲ့သည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။
၁။ ကျွန်မကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ရေဆင်း) မှ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်ခင်မြတ်နိုးဖြစ်ပါတယ်။ ကျွန်မက G-8 ကျောင်းသားတွေရဲ့ တာဝန်ကြီးကြပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းမှုအနေနဲ့ လိုက်လာတာဖြစ်ပါတယ်။ ကျွန်မရဲ့ ပထမဦးဆုံးလေ့လာရေး အတွ့အကြုံခရီးလည်းဖြစ်ပါတယ်။ ကလေးတွေက သမိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အရင်တုန်းကဆိုရင် သင်ခန်းစာထဲမှာပဲ သင်ကြားခဲ့ရပါတယ်။ အခုဆိုရင် သင်ခန်းစာနဲ့ ပတ်သက်ဆက်စပ်တဲ့ လက်တွေ့မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေ၊ တပ်မတော်ရဲ့သမိုင်းတွေ အကုန်လုံးကို ဒီစစ်သမိုင်းပြတိုက်မှာ လက်တွေ့လာရောက် ဆက်စပ်ပြီး လေ့လာခွင့်ရတာကြောင့် ကလေးတွေအတွက် ဗဟုသုတတွေ ပိုပြီးတိုးပွားစေလို့ ကျွန်မကပိုပြီး ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ ကျောင်းတွေကို တပ်မတော်စစ်သမိုင်းပြတိုက်ကို လေ့လာရေးခရီးစဉ်တွေ စီစဉ်ပေးတဲ့အတွက် တာဝန်ရှိတဲ့ အကြီးအကဲတွေရော တာဝန်ရှိတဲ့ သက်ဆိုင်ရာလူကြီးမင်းတွေ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်ရှင်။
၂။ သမီးကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ရေဆင်း) G-9 မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ မအိမြတ်ကျော် ဖြစ်ပါတယ်ရှင်။ သမီးအရင်က ဒီနေရာကို တစ်ခါမှ မလေ့လာဖူးပါဘူးရှင်။ ဒါပထမဆုံး ရောက်ဖူးတာပါရှင်။ အခုလို တပ်မတော်စစ်သမိုင်းပြတိုက်ကို ပထမဆုံးလေ့လာခွင့်ရတဲ့အတွက် အလွန်ပျော်ပါတယ်။ ဗဟုသုတတွေလည်း အများကြီးရပါတယ်။ လေယာဉ်အမျိုးအစားတွေကို အများကြီးတွေ့ရှိလေ့လာခွင့် ရပါတယ်။ အခုလို သမီးတို့ကို လေ့လာခွင့်ရအောင် ဆောင်ရွက်ပေးတဲ့ ဆရာ ဆရာမများ အပါအဝင် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။
သတင်းစဉ်


