နေပြည်တော် ဇူလိုင် ၂၉
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနား အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက် အထိနှင့် ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီးတစ်ခု အဆင့်ဆင့်ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင် ရွာဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် ထင်းဇင်ရွာ၏မြောက်ဘက် မီတာ ၆၂၀၀ ခန့်အကွာရှိ ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက် ရရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်စွာ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ အမြန်ဆုံးပြန်လည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသခံများ မိုင်းအန္တရာယ် ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


