နေပြည်တော် ဇူလိုင် ၃၁
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့
ထိုသို့ဆောင်ရွက်လျက်ရှိရာ အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းမှ လမ်းပိုင်းများဖြစ်သော အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး ထိန်းချုပ်ထားသည့် ကလေးဝ - ယာကြီး - မုံရွာ လမ်းကြောင်းတစ်လျှောက်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ထမ်းဆောင်မှု ရက် (၁၀၀) ပြည့်မြောက်သည့် ယနေ့တွင် ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား လည်းကောင်း အပြည့်အဝ ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းကြီးအား အလုံးစုံပြန်လည်အသုံးပြု သွားလာနိုင်တော့မည်ဖြစ်သည်။
အဆိုပါ ကလေး - တမူးလမ်းကြောင်းနှင့် ကလေးဝ - ယာကြီး - မုံရွာ လမ်းကြောင်းများသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အရေးပါသော ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောင်းများဖြစ်ပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးသာမက နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်သော လမ်းကြောင်းများဖြစ်သည်။ အဆိုပါလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ကုန်စည်များအား ပြည်ပနိုင်ငံများသို့ ပို့ဆောင်ခြင်းနှင့် ပြည်ပနိုင်ငံများမှ ကုန်စည်များကိုလည်း မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်တင်သွင်းခြင်းများကို လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူ ဖြစ်စေရုံသာမက လမ်းကြောင်း၏ တည်ရှိမှုသည် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း အကျိုးပြုသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများက ယာယီစိုးမိုးထားသော ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ဦးစွာ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ဇွန် ၂ ရက်မှစ၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၇ ရက်တွင် အဆိုပါလမ်းပိုင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော ပြန်လည်ထိန်းချုပ် သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းနှင့် အဆိုပါဒေသများအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဇွန် ၇ ရက်မှစပြီး ဟန်ချက်ညီညီ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရန်တိုင်းအောင်ကျေးရွာ၌ စစ်ကြောင်းများ လက်ချင်းချိတ်ဆက်နိုင်ခဲ့၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသော ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် အိန္ဒိယ - မြန်မာ - ထိုင်း သုံးနိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသည့် မုံရွာ - ယာကြီး - ကလေးဝ - ကလေး - တမူး လမ်းကြောင်း တစ်လျှောက်အား အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်သည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ အခက်အခဲအမျိုးမျိုးကြားမှ ရွပ်ရွပ်ချွံချွံဖြင့် အဆင့်ဆင့်ပြန်လည် တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ၏ အလောင်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသည်။
ယခုအခါ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး - တမူးလမ်းကြောင်းနှင့် ကလေးဝ - ယာကြီး - မုံရွာ လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည့်အတွက် အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သော အစိုးရဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆည်တမံများ၊ လမ်း၊ တံတားများအား တပ်မတော်သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လျှပ်စစ်မီးများရရှိရေး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင် အဆိုပါလမ်းကြောင်းမှတစ်ဆင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်ကာ လူသုံးကုန်၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ အပြန်အလှန် ပြန်လည်စီးဆင်းနိုင်တော့မည်ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ပြည်သူလူထု၏ ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများက နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ် များစွာကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြာင်းများအနေဖြင့် အဆိုပါဒေသများရှိပြည်သူများ ၎င်းတို့၏ မြို့/ ရွာများတွင် အမြန်ဆုံးပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက် သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter – Terrorism Operation) ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


