ရန်ကုန် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်တွင် အခြေခံနွားမွေးမြူရေးသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါမွေးမြူရေးဇုန် ကော်မတီစီမံခန့်ခွဲရေးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
ဦးစွာ တွံတေးမွေးမြူရေးဇုန်ကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ တွံတေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ဝင်းနိုင်ထွန်းက နွားမွေးမြူရေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ပြောကြားပြီး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုအတွက် လိုက်နာဆောင်ရွက်ရန်အချက်များ၊ All in all out စနစ်ဖြင့် မွေးမြူရန်၊ မွေးမြူရေးခြံအား သန့်ရှင်းရေးလုပ်ပြီး စနစ်တကျပုံမှန်ပိုးသတ်ဆေးဖျန်းရန်၊ သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ဆောင်ပြီးပါက လုံခြုံအောင်ပိတ်ပြီး သတ်မှတ်ရက်အတိုင်းထားပြီးမှ တိရစ္ဆာန်အသစ်ထည့်သွင်းမွေးမြူရမည် ဖြစ်ကြောင်း စသည်တို့ကို သင်တန်းသားများအား သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ တွံတေးမွေးမြူရေးဇုန်အတွင်းရှိ နွားမွေးမြူရေးခြံများမှ သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


