တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ် နိုင်ငံ့စီးပွားမြင့်မားရေး ကြိုးပမ်းဆောင်ရွက်

မြန်မာနိုင်ငံသည် ပူအိုက်စွတ်စိုသည့် မုတ်သုံရာသီရှိသည့်ဒေသဖြစ်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နိုင်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် အသက်မွေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များအသုံးပြုပြီး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလို အခြားစီးပွားရေးကဏ္ဍလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

 

မျက်မှောက်ကာလတွင် ကမ္ဘာ့လူဦးရေ တိုးတက်များပြားလာမှုနှင့်အတူ အရေးကြီးသည့်စိန်ခေါ်မှုမှာ စားရေရိက္ခာလုံခြုံရေးဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံများသည် စက်မှုနည်းပညာကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာမှုနှင့်အတူ စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းကို အဆင့်မြှင့်တင်ထုတ်လုပ်လျက်ရှိသည်။ မြင့်မားလာသောနည်းပညာကိုအသုံးပြု၍ ကန္တာရဒေသများတွင်ပင် စိုက်ပျိုးမွေးမြူရေးဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ထုတ်လုပ်လျက်ရှိသည်။

 

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရှေးအစဉ်အဆက် သမားရိုးကျနည်းလမ်းများဖြင့် လုပ်ကိုင်လာခဲ့ကြရာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် နောက်ကျကျန်ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နည်းပညာ၊ အတတ်ပညာ၊ အသိပညာများမျှဝေပေးပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ကြသည့် လုပ်ငန်းများတွင် နည်းပညာ၊ အတတ်ပညာနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် လိုအပ်ချက်များရှိနေသည်။ ဥပမာအားဖြင့် ပြည်တွင်းထုတ်ကုန် အသီးအနှံဈေးကွက်တွင် အလားတူ ပြည်ပမှတင်သွင်းသည့် အသီးအနှံများအား မယှဉ်နိုင်သည်ကို တွေ့ရသည်။ အရည်အသွေး၊ အရွယ်အစား အဆင်းသဏ္ဌာန် အရသာမှအစ ကွာခြားနေသည်။ ယင်းသည် နည်းပညာကွာခြားမှုပင်ဖြစ်သည်။

 

အဆိုပါလိုအပ်ချက်များကို နိုင်ငံတော်သမ္မတအနေဖြင့် အခါအခွင့်အခြေအနေပေးလာသည့်အခါတိုင်း နိုင်ငံ့အနာဂတ် စီးပွားရေးကောင်းမွန်လာရန်အတွက် အစွမ်းကုန် ဖြည့်ဆည်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းထုတ်ကုန်၊ ပြည်ပပို့ကုန်လုပ်ငန်းများမှ ပြည်တွင်းဝင်ငွေ၊ နိုင်ငံခြားဝင်ငွေတိုးတက်ရရှိပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မြှင့်တက်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိနိုင်ရေးနှင့် ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိစဉ် အဆိုပါနိုင်ငံများမှ ရှင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသုံးစက်ယန္တရားများ၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာများ၊ စိုက်ပျိုးရေးသုတေသနလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာရှိကြောင်း၊ ထို့အတူမြန်မာနိုင်ငံအနေဖြင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဖိတ်ခေါ်နေကြောင်း၊ ထို့ကြောင့် ရုရှား၊ ဘယ်လာရုစ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်း၍ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ အသီး အနှံ၊ စားသုံးဆီ၊ စားသောက်ကုန်၊ အသားနှင့် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်ခြင်း စသည့်တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုစက်ရုံများ တည်ထောင်ခြင်း၊ စက်ရုံများနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ယန္တရားများ ထုတ်လုပ်ခြင်းနှင့် နည်းပညာအခြေပြု စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ခဲ့သည်။

 

အဆိုပါနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံတွင် အဆိုပါလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် ကတိကဝတ်များပြုခဲ့ကြသည်။ ထိုကဲ့သို့ နှစ်နိုင်ငံ စီးပွားရေးဖက်စပ်လုပ်ငန်းများ ထူထောင်နိုင်ခြင်းဖြင့် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်သလို ဒေသတွင်းနှင့် နိုင်ငံတကာဈေးကွက်များသို့ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည့်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပြည်တွင်းထုတ်ကုန်များ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေးအတွက် ဖန်တီးဖော်ဆောင်ပေးခဲ့သည့် အခွင့်အလမ်းကောင်းများ အနာဂတ်တွင် ပေါ်ထွက်လာတော့မည်ဖြစ်ရာ ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ကြသူများအနေဖြင့် အခွင့်အလမ်းများကို အခွင့်အရေးအဖြစ် ထိမိစွာအသုံးချပြီး နိုင်ငံခြားဝင်ငွေရရှိရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။