“မိမိတို့နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်၍ နိုင်ငံ၏ဂျီဒီပီမှာ သုံးရာခိုင်နှုန်းခန့် တိုးတက် လာသည်ဟု အချက်အလက်များအရသိရှိရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးလျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ် အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအားနည်းပြီး နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးရခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများတွင် စွမ်းအားပြည့် အလုပ်မလုပ်ကြခြင်းများကြောင့်လည်း စီးပွားရေးအရ အားနည်းခြင်းများကို တွေ့ရကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက်နေ့တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပေါ်ပြီး စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေး အရ အကူအညီများမရရှိခြင်း၊ ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာဈေးကွက်တွင် အပြည့်အဝမရရှိခြင်း၊ ကုန်သွယ်မှုများ ကျဆင်းခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် စွမ်းအားပြည့် လုပ်ဆောင်နိုင်ရန် အခက်အခဲများ ရှိခြင်းစသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။ နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့် လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအားနည်းလာခြင်းများ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံ မတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားအနှောင့်အယှက်များ ဖြစ်ပေါ်စေခဲ့သည်။
နယ်မြေ မတည်မငြိမ်ဖြစ်ပေါ်လျက်ရှိသည့် ဒေသများတွင် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများကို ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ခိုးယူသုံးစွဲခြင်းများ ပြုလုပ်၍ ပြည်ပနိုင်ငံများသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် တင်ပို့နေကြသဖြင့် နိုင်ငံအတွက်ထိခိုက်ဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်လျက်ရှိသည်။ ထိုသို့တစ်ဦးချင်းကိုယ်ကျိုးအတွက် တရားမဝင်သည့် နည်းလမ်းများဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေများ ရှာဖွေနေကြခြင်းတို့ကြောင့် တရားဝင် ကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်မှုများအားနည်းပြီး လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အမျိုးမျိုးတို့အနေဖြင့် အဆိုပါ ဒေသများတွင် သက်ဆိုးရှည်တည်မြဲနေခြင်းဖြစ်သည်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်များကြောင့် လမ်း၊ တံတားများနှင့် အခြားသော အခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်တည်ဆောက်ရာတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် အချိန်များစွာတို့ကို ထပ်မံအသုံးပြုရခြင်းကြောင့် မူလရည်မှန်း ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါအခြေအနေသည် “သမင်မွေးရင်း၊ ကျားစားရင်း” ဖြစ်နေသကဲ့သို့ တည်ဆောက်လိုက်၊ ဖျက်ဆီးလိုက်၊ ပြန်လည်တည်ဆောက်လိုက်နှင့် အဆိုးသံသရာလည်ပတ် နေသဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အဟန့်အတား အကန့်အသတ်များ ဖြစ်ပေါ်လျက်ရှိသည်။
နိုင်ငံအတွင်း ကုန်ထုတ်လုပ်ငန်းများ ယခုထက် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်များ များစွာလိုအပ်လျက်ရှိသည်။ လမ်းကြောင်း လွဲမှားရောက်ရှိသွားကြသူများ၊ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေကြသူများလည်းရှိပြီး ပြည်တွင်း ကာယ၊ ဉာဏ အရင်းအမြစ်များ အဟောသိကံဖြစ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ပညာတတ် လူသားအရင်းအမြစ်များ အားနည်းလျက်ရှိပြီး အများစုမှာ ကာယလုပ်သားများဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အနာဂတ်နိုင်ငံတော်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရည် မြှင့်တင်မှုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၌ ပညာရေးအားနည်းချက်များစွာရှိနေသည်။
သို့ဖြစ်ရာ နိုင်ငံ့အရေးနှင့် နိုင်ငံရေးကို ကွဲပြားစွာသိမြင်နိုင်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် ဆောင်ရွက်နေခြင်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးနှင့် စီးပွားရေးကို ကွဲပြားစွာရှုမြင်လုပ်ကိုင်ကြရန် လိုအပ်သည်။ နိုင်ငံမတည်ငြိမ်မှုများကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အနှောင့် အယှက်များကို စည်းလုံးညီညွတ်မှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ရည်မှန်းချက်အတိုင်းရရှိအောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် စိုက်ပျိုးမွေးမြူရေး ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက ကုန်ထုတ်လုပ်ငန်းများ တိုးတက် မြင့်မား လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။ ။


