တည်ငြိမ်အေးချမ်းသာယာသည့် နှစ်သစ်ဦး

mdn

သတင်းဆောင်းပါး - နီမော်

 

မြန်မာနှစ်သစ်ကူးနေ့ရက်သည် တန်ခူးလ အတာရေ သဘင်ပွဲအပြီးဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဖြစ်ပါ၏။ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ခြင်း၊ မကောင်းသော စိတ်ထားများကို နှစ်ဟောင်းတွင်ထားခဲ့ပြီး နောက်နှစ် သစ်တွင် စိတ်သစ်တည်ဆောက်ခြင်းတို့ဖြင့် နှစ်သစ်ကူးကြသည်။

 

နှစ်သစ်ကူးနှစ်ကြိမ်

 

မြန်မာနှစ်ကူးပြောင်းခြင်းသည် ဧပြီလ၌ ကျရောက်လေ့ရှိသည်။ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော ခရစ်နှစ် ကူးပြောင်းခြင်း မှာတော့ နှစ်တစ်နှစ်၏ အဆုံးဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည သန်းခေါင်ကျော်တွင် ကျရောက်ပါ၏။ သို့ပါသောကြောင့် မြန်မာတို့အဖို့ တစ်နှစ်တွင် နှစ်သစ်ကူးနှစ်ကြိမ် ကျရောက်လေ့ရှိသည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ စတင်ဝင်ရောက် သည့်အခါတိုင်းတွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်ကိုက်ညီသော ပွဲတော်များကို ကျင်းပခြင်း၊ ဘာသာတရားကိုသိရှိရန်နှင့် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များကို နာကြားကြရန်အတွက် တရားသဘင်များ ကျင်းပလေ့ရှိသည်။ မိမိတို့နေထိုင်ရာ လမ်းတိုင်းတွင် စုပေါင်းကျင်းပလေ့ရှိကြသလို အစိုးရကလည်း ကြီးမှူး ကျင်းပလေ့ရှိကြသည်။ အစိုးရနှင့်အတူ တရားပွဲ ဖြစ်မြောက်ရေး မတည်အလှူရှင်များပါ ပူးပေါင်း၍ ပွဲဖြစ်မြောက်ရေးကော်မတီနှင့်အတူ ဦးဆောင်ကာ ဆောင်ရွက်ကြသည်။

 

ဗုဒ္ဓဘာသာ၏ ဓလေ့ထုံးစံအရ ငွေကြေးဒါန၊ ရုပ်ဝတ္ထုဒါနတို့အပြင် လုပ်အားဒါနပါ ပါဝင်သည့် တရားပွဲ များဖြစ်ပါသည်။ "တစ်ဦးဆောင်သော်မရ၊ အများဆောင် သော်ရ၏"ဟူသော စကားပုံအတိုင်းပင် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြပါ၏။ မည်သည့်အလုပ်မဆို အကောင်းနှင့် အဆိုး၊ အဆင်ပြေချောမွေ့သည်နှင့် ခက်ခဲသည်များ ရှိတတ်ကြလေရာ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ညှိနှိုင်းခြင်း၊ လေးစားယုံကြည်ခြင်း၊ အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်း၊ စည်းကမ်းကျနခြင်းတို့ကြောင့် အဆုံးတွင် အောင်မြင်မှုကို ဆွတ်ခူးရရှိသည်သာဖြစ်သည်။

 

ခရစ်နှစ် ၂၀၁၉ ခုနှစ်ကုန်ဆုံး၍ ၂ဝ၂ဝ ပြည့်နှစ်ဝင်စ ဖြစ်သော ဇန်နဝါရီ(၁၊၂၊၃)ရက်နေ့တို့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တရားပွဲ သဘင်ကြီးကို ရန်ကုန်မြို့ ပြည်လမ်းဘေးရှိ ပြည်သူ့ ရင်ပြင်ဝင်းကြီးအတွင်း၌ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး ဖြစ်သည်။

 

 

ပြည်သူ့အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစ၍ ရွှေတိဂုံစေတီတော်ကြီးအား အနေကဇာတင်ခြင်းနှင့်အတူ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ စုစုပေါင်းအပါး ၁၈၀ဝ၀ ကို ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းနှင့် နဝကမ္မလောင်းလှူ ခြင်းတို့ပြုခဲ့ကြပြီးပေပြီ။ ယခုကဲ့သို့သော ညတရားပွဲကြီးကို လည်း တတိယအကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါသည်။

 

စိတ်အေးချမ်းကြည်လင်မှုကိုရရှိ

 

 အစိုးရကောင်းတို့သည် ဘာသာသာသနာအတွက် ဆောင်ရွက်ကြရသည်ဖြစ်ရာ နှစ်သစ်အခါသမယ၌ ပြည်သူ လူထုကြီးအား တရားဓမ္မနာယူခြင်းဖြင့် စိတ်အေးချမ်း ကြည်လင်မှုကိုရရှိရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ သံဃာတော် မထေရ်မြတ်ကြီးများ ကလည်း ယခုလက်ရှိအခြေအနေနှင့် ကိုက်ညီသည့် တရားများကို ဟောပြောညွှန်ပြကြပါသည်။ အများသိကြသည့်အတိုင်းပင် ယခုအချိန်သည် နိုင်ငံ တည်ဆောက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေ ကြသည့်ကာလ ဖြစ်ပါသည်။ ရှေးယခင် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းပြည်ဆင်းရဲနိမ့်ကျခဲ့ရသည်ကို ပြန်လည်မြှင့်တင်ရေး အတွက် ပြည်သူပြည်သားတိုင်းတွင် တာဝန်ရှိသည်ဖြစ်ရာ စည်းကမ်းတကျဖြင့် စုပေါင်းဆောင်ရွက်သည့်ဓလေ့ကို ဤတရားပွဲကြီးများက ရရှိစေခဲ့သည်ဖြစ်ပါ၏။

 

နှစ်ဦးတရားဓမ္မသဘင်ကြီးကို အကြောင်းပြု၍ သံဃာ တော်မထေရ်မြတ်ကြီးများနှင့် လူတိုင်းထိတွေ့ခွင့်ရရှိသည်။ တရားနာပရိသတ်အချင်းချင်း အတူတကွ တရားနာရာမှ အပြန်အလှန်လေးစားစိတ်၊ ယုံကြည်စိတ်၊ ကူညီစိတ်တို့ ရရှိလာသည်။ တရားပွဲကျင်းပရန် တစ်လအလိုလောက်မှပင် ကြိုတင်၍ ပြင်ဆင်ခြင်း၊ အခက်အခဲများကို ဖြေရှင်းကြရ ခြင်း လူအများအပေါ် ကောင်းမွန်အေးချမ်းသော အခြေ အနေကို ဖန်တီးပေးခြင်းတို့ကြောင့် ဝီရိယ၊ ခန္တီ၊ မေတ္တာ စသည့် ပါရမီများဖြည့်ကျင့်နေကြသည်ပင် ဖြစ်ပါ၏။

 

ရင်သပ်ရှုမောမဆုံး ဖြစ်ကြ

 

ရန်ကုန်မြို့ ၏ ကျက်သရေဆောင် ရွှေတိဂုံစေတီတော် မြတ်၏ ခြေတော်ရင်း ပြည်သူ့ရင်ပြင်ဝင်းထဲတွင် ကျက် သရေရှိရှိ တင့်တယ်သော တရားဟောစင်မြင့်ကြီး ပေါ်ထွန်း လာခဲ့ရာ လူအပေါင်း ရင်သပ်ရှုမောမဆုံး ဖြစ်ကြရသည်။ တရားပွဲညစဉ်တိုင်း၌ တရားနာပရိသတ်အပေါင်း သူတော် ကောင်းတို့ ဖူးတွေ့ရသည်က ရွှေတိဂုံသည် ညအမှောင်ထု ကိုမမှုဘဲ ရွှေတောင်ကြီး ထွက်နေပုံပင်။ အားကောင်း သော ဆလိုက်မီးလုံးများက ပြည်သူ့ရင်ပြင်ကျယ်ကြီး တစ်ခွင်လုံးကို ထိန်ထိန်လင်းစေသည်ဖြစ်ရာ ပြည်သူ့ရင်ပြင် ၏ အနားသတ်လေးဖက်လေးတန်တွင် တည်ရှိကုန်သော လုံခြုံရေး၊ ဆေးခန်း၊ ကြက်ခြေနီ၊ အလှူခံ၊ ရေသန့်၊ အာဟာရဒါန၊ ဆက်သွယ်ရေးစသည့် မဏ္ဍပ်များ၊ အလှူခံ ပုံများ၊ သန့်ရှင်းသပ်ရပ်သော သန့်စင်ခန်းများ၊ အရေးပေါ် လူနာတင်ယာဉ် စသည်တို့ကို တွေ့မြင်ကြရသည်။

 

တွေ့မြင်သည့် တစ်ခဏ၌ အမောအပန်းပြေပျောက် ကာ စိတ်ရောခန္ဓ၁ပါလုံခြုံနွေးထွေးလာကြပါသည်။ ဤသည် ကား လူတိုင်းထားရှိအပ်သည့် ကရုဏာတရားကို ခံစားရရှိ ခြင်းပင်။ တရားနာပရိသတ်အပေါင်းသည် ရန်ကုန်မြို့တွင်း၊ မြို့ဆင်ခြေဖုံးနှင့် အခြားမြို့ငယ်များကပင် ခရီးအနီး၊ အဝေးကို အမှုမထားဘဲ ကြွရောက်လာကြသည်။ တရား ပွဲတော်ဖြစ်မြောက်ရေးကော်မတီက စီစဉ်ထားသော အကြို၊ အပို့ယာဉ်များကြောင့် သက်သောင့်သက်သာ အိမ်ကို ပြန်ကြရသည်။ မိမိတို့နေအိမ်များမှ ပေါ့ပေါ့ပါးပါး ထွက်လာကြရုံသား အာဟာရဒါနကျွေးမွေးသော စတုဒိသာ မဏ္ဍပ်ကြီးများက အဆင်သင့်စောင့်ကြိုနေသည်။ ထမင်း၊ ဟင်မုန့်၊ ရေသန့်နှင့် ဖျော်ရည်ဘူးများကို မိမိတို့စိတ်ကြိုက် သုံးဆောင်နိုင်ကြ၏။

 

ဆေးဝါးဒါနပြုသူများ၊ ဖိနပ်ထည့်ရန် အိတ်များကို ဆီးကြိုပေးကမ်းသူများ၊ နေရာထိုင်ခင်း ကော်ဇောလိပ်ကြီး များကို လျင်မြန်သွက်လက်စွာ ဖြန့်ခင်းပေးကြသူများဖြင့် ပျားပန်းခပ်မျှ စည်ကားလှသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအလွန်နှစ်သက်ဖွယ် ဖြစ်ရပါ၏။ တိုင်းရင်းသား ပေါင်းစုံတို့စုဝေးရာ ပြည်သူ့ရင်ပြင်ဝင်းကြီး ပြည့်လျှံ အောင်ရှိနေသည့် လူအုပ်ကြီးတွင် အော်ဟစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း အလျှဉ်းမရှိရုံမျှမက တရားအတူ တကွ နာရသဖြင့် လက်ရည်တစ်ပြင်တည်း ချစ်ခင်စည်းလုံး နေကြတော့သည်။ စိတ်ထားဖွေးလက် ဉာဏ်ရည်တက် လာကြ၏။ ပလ္လင်ထက်မှ ဆရာတော်ကြီးများ ညစဉ် ၇ နာရီခွဲအချိန်၌ တရားတော်များ စတင်ဟောကြားပါသည်။

 

ပေးအပ်လှူဒါန်း

 

ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗန်းမော်ဆရာတော်ကြီး ဟောကြားပါသည်။ ဆရာတော်ကြီး ဟောကြားသည့် တရားတော်မှာ စိတ်(၁၈)ပါးအကြောင်းကို ရှင်းပြပြီးနောက် မည်သည့်စိတ်မျှမမြဲဘူး၊ အနိစ္စတရားဖြစ်သည် ဟူ၍ ဟောကြားခြင်းဖြစ်ပါသည်။ ဗန်းမော်ဆရာတော်ကြီးကား တရားနာပရိသတ်အပေါင်းအား ဆံတော်ပွားငါးဆူ အံတော်ပွားလေးဆူနှင့် စေတီခြောက်ဆူတို့ကို ကံစမ်းမဲ ဖောက်ကာ မဲပေါက်သူများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ကြီးအား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများက ဝိသာခါဖောင်ဒေးရှင်း နှင့် လေးကျွန်းသူဖောင်ဒေးရှင်းတို့မှ ပေးအပ်လှူဒါန်း သည့် ကျောက်စီပန်းချီကားနှင့် ဗုဒ္ဓဂယာပန်းချီကားများ ကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

 

အေးချမ်းသောတရားသဘင်ကြီး

 

တရားပွဲသဘင်ကို သုံးရက်ဆက်တိုက်ကျင်းပရာ ဇန်နဝါရီလ ၂ ရက်နေ့တွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသက ဟောကြားသည်။ ဇန်နဝါရီလ ၃ ရက်နေ့ညတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရက နှစ်သစ်ကူးတရားရေအေးကို တိုက်ကျွေး ၏။ ဝိသာခါဖောင်ဒေးရှင်းမှ လှူဒါန်းသည့် LED မီးလုံးကြီးများနှင့် တရားနာပရိသတ်ကြီးများမှာ မည်မျှပင် ပလ္လင်တော်နှင့် စေကာမူ အသံတော်ကို မကြားရမှာလည်း မပူရ။ ဆရာတော်ကြီးများအား မဖူး မြော်ရမှာလည်း မပူကြရပေ။ ပြည့်စုံရုံသာမက အေးချမ်း သောတရားသဘင် ကြီးပင်တည်း။ တရားအလှူသည် အမြတ်ဆုံးအလှူပင်ဖြစ်သည် မဟုတ်ပါလော။ ပြာသိုလ အတွက် အဆိုရှိသည်မှာ နတ်တော်၊ ပြာသို ကြံဖျားချို၊ ပြာသိုလတွင် ကျွဲချိုဖျားပင် အေး၏။ ပြာသိုလတွင် ခွာညိုပန်းနှင့် သဇင်ပန်းများ ပွင့်လန်းကြပေရာ တရား သဘင်နှင့် ပနံရလျက်ရှိပေတော့၏။ ။