ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာတွင် တည်ငြိမ်အေးချမ်းမှုရှိခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့် ကြိုးစားအားထုတ်မှုရှိခြင်းတို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက “မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဝင်ယုံကြည်မှုများနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ တူညီသည့်နိုင်ငံများဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အခက်အခဲများစွာကို ကြုံတွေ့ဖြတ်ကျော်ခဲ့ရသည့် နိုင်ငံများဖြစ်သည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် စစ်ပွဲများဒဏ်နှင့် အရေးယူပိတ်ဆို့ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှု မူဝါဒကို နှစ်ပေါင်း ၄၀ အကောင်အထည်ဖော်ပြီးနောက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည့်နိုင်ငံဖြစ်သည်။ မဟာဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ခေတ်မီစက်မှုလုပ်ငန်းနှင့် အထက်တန်း-အလယ်အလတ်ဝင်ငွေရှိသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လာစေရန်နှင့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် အခက်အခဲပေါင်းများစွာကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့ရပြီး ယခုအခါ ဖွံ့ဖြိုးတိုးတက်လာသည်ကိုတွေ့ရသည်။ အခက်အခဲများ၊ ပိတ်ဆို့မှုများကြားမှ နိုင်ငံချစ်စိတ်၊ အမျိုးကိုမြှင့်တင်လိုစိတ်များဖြင့် အမှန်တကယ်ကြိုးပမ်းအားထုတ်အလုပ်လုပ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လာသည်ကို အတုယူဖွယ်တွေ့မြင်ရသည်။ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကြိုးစားအားထုတ်မှုရှိခြင်းတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနေသည်ကို မြင်တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက်က ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့် စွမ်းရည်စွမ်းအားရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံ့စီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်းတံတားနှင့် အခြေခံအဆောက်အအုံများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင်နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ခေတ်အဆက်ဆက်နိုင်ငံတည်ဆောက်ရေးတွင် “သမင်မွေးရင်းကျားစားရင်း” ဖြစ်နေသဖြင့် နိုင်ငံအတွက် ကြီးမားသော သမိုင်းသင်ခန်းစာများအဖြစ် တွေ့နိုင်သည်။ ၎င်းတို့ဖျက်ဆီးခဲ့သည့် လူသားအရင်းအမြစ်များကို ပြန်လည်မွေးမြူနေရခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်ခြင်းသည် နိုင်ငံအတွက် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများပင်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်မှုရရှိရေးအတွက် ဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းဖြင့် နိုင်ငံ့အကျိုးကိုရှေးရှု၍ ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါသည်။ နိုင်ငံတော်သမ္မတသွားရောက်ခဲ့သည့် နိုင်ငံများ၏ နယ်ပယ်ပေါင်းစုံမှ တွေ့မြင်လေ့လာသိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံသည်လည်း ထိုနိုင်ငံများကဲ့သို့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်များဖြင့် မိမိနိုင်ငံတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုက်ညီသည်များကို အတုယူဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။


