နေပြည်တော် အောက်တိုဘာ ၂
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ညနေ ပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှု ဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင် ထားဝယ် - မြိတ်-တနင်္သာရီ- ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းကြီးပေါ်ရှိ နေရာအချို့နှင့် မြိတ်-မောတောင် လမ်းမကြီးပေါ်ရှိနေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိတံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် နေရာများရှိ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေး ကူညီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်းတံတားများတွင် ပိတ်နေသည့် မြေကြီးများ၊အမှိုက်များအား ရှင်းလင်းပေးခြင်း၊ သွားလာ၍မရသော နေရာများ၌ လမ်းလွှဲများ ဖောက်လုပ်ပေးခြင်း၊ မြစ်ရေဝင်ရောက်မှုမရှိစေရေး ရေနုတ်မြောင်းများတူးဖော်ခြင်း၊ သစ်ပင်ချုံနွယ်များရှင်းခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ စက်ယန္တရားများအသုံးပြုကာ အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးနှင့် ရေဝင်ရောက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


