နေပြည်တော် အောက်တိုဘာ ၃
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင် မြေပြိုကျ၍ လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုက်ပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါရေကြီးမှုကြောင့် ထားဝယ်-လောင်းလုံးလမ်းပေါ်ရှိ ပြိုကျနေသော မြေကြီးများကို ဖယ်ရှားရှင်းလင်းရန်နှင့် လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များပါဝင်သော ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့မှ စတင်ထွက်ခွာခဲ့ရာ ထားဝယ်-လောင်းလုံးမြို့ လမ်းတစ်လျှောက်ရှိ လမ်းပေါ်သို့ ပြိုကျနေသော မြေကြီးများကို စက်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများပြုပြင်ပေးခြင်း၊ တံတားများတွင် ပိတ်ဆို့နေသောအမှိုက်များအား ရှင်းလင်းပေးခြင်း၊ လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


