ထားဝယ် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီးသည်နှင့် တစ်ပြိုင်တည်း မီးသတ်ယာဉ်၊ လူနာကူညီ သယ်ဆောင်ရေးယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျောင်းအတွင်းပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာ ပြုစုခြင်းနှင့် ဆေးရုံသို့ ပို့ဆောင်ခြင်း၊ ကျန်ရှိ/ ပျောက်ဆုံးသူများ ရှိ/ မရှိကို စာရင်းကောက်ယူ စိစစ်ဆောင်ရွက်ခြင်းစသည်တို့ကို ဇာတ်တိုက် လေ့ကျင့်ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင် ပါဝင်သော ပူးပေါင်းအဖွဲ့များအား အာဟာရဖြည့်မုန့်နှင့် ရေသန့်ဘူးများ ဝေငှပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


