တနင်္သာရီတိုင်းဒေသကြီး ရေပိုင်နက်အတွင်း ကမ်းလွန်လုပ်ကွက်အမှတ် M-15 စီမံကိန်း ဆောင်ရွက်မည်

ထားဝယ် သြဂုတ် ၁၀

 

တနင်္သာရီတိုင်းဒေသကြီး ရေပိုင်နက်အတွင်း ဆောင်ရွက်မည့် ကမ်းလွန်လုပ်ကွက် အမှတ် M-15 စီမံကိန်းသည် မုတ္တမ ကမ်းလွန်ဒေသ၏ တောင်ဘက်ပိုင်း မြိတ်မြို့၏ အနောက်ဘက် မိုင် ၁၂၀ ခန့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြစ်၏ ကမ်းလွန် ပင်လယ်ပြင်တွင် တည်ရှိကာ ရဲတံခွန်စီမံကိန်း လုပ်ကွက်ဖြစ်သည့် M-12, M-13, M-14 နှင့် ချိတ်ဆက်လျက်ရှိပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် M-15 စူးစမ်း ရှာဖွေရေး တွင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် CFG Energy Pte., Ltd က ကမ်းလွန်လုပ်ကွက် အမှတ် (M-15) စူးစမ်းရှာဖွေရေး တွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားမှ သိရသည်။

 

ထိုသို့ ရှင်းလင်းတင်ပြရာတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အထွေထွေမန်နေဂျာ (ကမ်းလွန်)က ဆွေးနွေးတင်ပြခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ CFG Energy Pte., Ltd Chairman Mr. Songning Shen က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက M-15 ကမ်းလွန်လုပ်ကွက် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အစီအစဉ်၊ စီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း၊ ဒေသခံများနှင့် ဆက်ဆံရေး၊ စည်းရုံးရေး ဆောင်ရွက်ထားရှိမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာကြသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

တွေ့ဆုံစဉ် စူးစမ်းရှာဖွေရေး တွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ အတွက်ပါ အကျိုးပြုမှုများစွာ ဖြစ်ထွန်းမည့် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံ၏အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်နှင့် တိုးတက်ဖြစ်ထွန်းစေရန် ရှေးရှုပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)