မြစ်ကြီးနား သြဂုတ် ၈
ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ဘာသာရေးအဖွဲ့အစည်းများအနေဖြင့် ဒေသခံပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ဆောင်လာစေရေး ဝိုင်းဝန်းကြိုးစားပေးရန် လိုအပ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တနိုင်းမြို့ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာများ၊ အသင်းတော်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက တနိုင်းမြို့ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အသင်းတော်အတွက် အလှူငွေများနှင့် ဘုရားကျောင်းသစ် ဆောက်လုပ်နေမှုအတွက် အလှူငွေများ ပေးအပ်ပြီး ဘာသာရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
ထို့အတူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ရိပ်သာဧည့်ခန်းမဆောင်၌ တနိုင်းမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ ဘာသာရေးခေါင်းဆောင်များနှင့် လည်းကောင်း၊ ဖားကန့်မြို့နယ် လဝါးကျေးရွာနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ဒေသခံပြည်သူများနှင့်လည်းကောင်း တွေ့ဆုံ၍ ဘာသာရေးခေါင်းဆောင်များအား အလှူငွေ၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့ပြင် တနိုင်းမြို့ နံနက်ဈေးအတွင်း ဟင်းသီးဟင်းရွက်၊ အသီး အနှံ၊ ငါး၊ ငါးခြောက်များ ရောင်းချနေမှု၊ ကုန်ဈေးနှုန်းအတက်အကျနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို မေးမြန်း၍ ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


