တနိုင်း၊ သပိတ်ကျင်း၊ မူဆယ်၊ ပင်လောင်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၄ စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းက   တနိုင်းမြို့၊ ကင်ဆားရပ်ကွက်၊ တပင်ရွှေထီးလမ်းနေ မခင်ထွေး၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလိုအားလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ လိပ်ကျကျေးရွာနေ ဇော်မင်းအေး (ခ) မောင်အေး၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း။

 

ထို့အတူ ထိုနေ့ ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာနေ အိုက်ပု၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၇၈ ကီလိုအားလည်းကောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ထီနဲ့ကျေးရွာနေ ထွန်းချစ်၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား