တန်ဆောင်တိုင် ရုံးပိတ်ရက်များတွင် မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း) အား ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်လေ့လာမှု များပြားလျက်ရှိ

မန္တလေး ၁၂ နိုဝင်ဘာ

 

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မြန်မာအနုပညာ ဗိသုကာလက်ရာများ စံပြုကျောင်းဖြစ်သော ရွှေနန်းတော် ကျောင်း(ရွှေကျောင်း)သို့ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလများတွင် ပြည်တွင်း ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လေ့လာမှု များပြား လျက်ကြောင်းသိရှိသည်။

 

တန်ဆောင်တိုင်ရုံးပိတ်ရက်မှာ မိသားစုလိုက် မန္တလေးမြို့ကို လာရောက်လည်ပတ်တာပါ၊ မန္တလေးမြို့မှာရှိတဲ့ မန္တလေးတောင်၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရားနှင့် စန္ဒာမုနိ ဘုရားများကို လည်ပတ်ခဲ့ပြီးပါပြီ။ အခုရွှေကျောင်းကြီးတို့ကို လာရောက်လည်ပတ်တာပါ၊ ဒါပြီးရင် ဦးပိန်တံတားဝင်မယ် အချိန်ရရင် ကျောက်စိမ်း စေတီတော်ကိုလည်း ဝင်ရောက်ဖူးမြော်မှာပါ’’ ဟု စစ်ကိုင်းမြို့မှ လာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။

 

‘’ ကျွန်မတို့အဖွဲ့မှာ ဂျာမနီနိုင်ငံမှ ခရီးသွား (၁၁)ဦးပါတယ်၊ ကလောမြို့ မှာ နှစ်ရက်လည်ခဲ့ပြီးပြီ ၊ ဒီနေ့ မန္တလေးမြို့ ကို လာရောက်ပို့ဆောင်ပေးတာပါ၊ ကုသိုလ်တော်ဘုရားကိုတော့ ပို့ပြီးပါပြီး၊ ညနေပိုင်း မန္တလေးတောင်တက်မယ်၊ မနက်ဖြန်မှာ ဦးပိန်တံတားကို ပို့ဆောင်ပေးသွားမှာပါ၊ သူတို့အနေနဲ့  ဒီသစ်သားကျောင်းကြီးကို လာရောက် လေ့လာရတဲ့အတွက် ကျေနပ်နှစ်သက် သဘောကျလျက်ရှိကြောင်း၊ ဒီကျောင်းကြီးရဲ့ အတွင်းရောအပြင်မှာ ပြုလုပ်ထားတဲ့ အနုစိတ် အနုပညာ လက်ရာများကို စိတ်ဝင်တစား လေ့လာကြကြောင်း၊  ပန်းချီ၊ ပန်းပု အနုပညာ ဗိသုကာ လက်ရာတွေကို အနီးကပ်လေ့လာရတဲ့အတွက် သဘောကျလျက်ရှိကြောင်း၊ သစ်သား ကျောင်းကြီး တည်ဆောက်ပုံနှင့် အနုပညာလက်ရာများမှာ စနစ်ကျကြောင်း၊ ရှေးခေတ်ပညာရှင်များ၏ အနုပညာလက်ရာမှာ မြန်မာလူမျိုးများအတွက် ဂုဏ်ယူဖွယ်တစ်ခု အဖြစ်တည်ရှိနေကြောင်း ဂျာမနီ ခရီးသွားဧည့်လမ်းညွှန် မသင်းသင်းစိုးက ပြောသည်။

 

ရွှေကျောင်းဟု လူသိများသော ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိပြီး ကုန်းဘောင် ခေတ် (၁၉)ရာစု မြန်မာအနုပညာဗိသုကာလက်ရာစံပြု ကျောင်းကြီးဖြစ်သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊စမြင်ပါသောဇေတဝန်ဆောင်ဖြစ်သည်။

 

ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောက် (၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)၊ နယားရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင် နှင့် သရက်ကင်း အုတ်လှေ ကား ငါးစင်းဖြင့် တည်ဆောက်ထားသည်။

 

ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပု အခြေခံ ခြူးပန်း၊ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရ စ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊တောထွက်ခန်း၊ မဟာပဒု မဇာတ်၊ ဥတေန ဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ် တပ်ဆင်ထားကြောင်း မှတ်တမ်းများအရ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)