တန်ဆောင်မုန်းလပြည့်ည သာမညဖလဒေသနာ

နေပြည်တော် ၉ နိုဝင်ဘာ

လတကာတို့တွင်တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်အကောင်းဆုံး ဖြစ်သည်။ ဤလတွင် မိုးလေတို့ ကင်းလွတ်ပြီဖြစ်၍ မိုးကောင်းကင်သည် ကြည်လင်၏။ ညဉ့်အခါကောင်းကင်၌ ကြယ်တာရာတို့ကို စုံလင်စွာ တွေ့ရ၏။ ဆောင်းဝင်စ မြောက်ပြန်လေကြောင့်လည်း အေးမြ၏။ ဤရသီမှာ ပွင့်သောပန်းသည် ခဝဲပန်းဖြစ်၏။ တန်ဆောင်မုန်းလပြည့်ညတွင်မူ ကုမုဒြာကြာပန်းတို့ ပွင့်ကြလေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တစ်ထောင်နှစ်ရာငါးကျိပ်သော ရဟန်း သံဃာတို့နှင့်အတူ ရာဇာဂြိုဟ်ပြည် သမားတော်ဇီဝက၏ သရက်ဥယျာဉ်၌ စံတော်မူနေစဉ် မဂဓတိုင်းပြည့်ရှင် အဇာတသတ်မင်းသည် တန်ဆောင်မုန်းလပြည့်နေ့၏ ညဉ့်အခါ မှူးမတ်အပေါင်းခြံရံလျက် နန်းပြာသာဒ်၌ခံစားရင်း ဥဒါန်းကျူးရင့်သည်။ “လသာသောညဉ့်သည် မွေ့လျော်ဖွယ်ကောင်းလှပါ၏။ လွန်စွာလှပါ၏။ ရှုချင်စဖွယ်ကောင်းလှ ပါ၏။ ကြည်နူးဖွယ်ရာ ကောင်းလှပါ၏။ အမှတ်ရဖွယ်ရာကောင်းလှပါ၏။ ယနေ့အဘယ် သမဏ ဗြာဟ္မဏကို ဆည်းကပ်ရပါကုန်အံ့။ အဘယ် သမဏ ဗြာဟ္မဏကို ဆည်းကပ်ပါက ငါ၏စိတ်သည်ကြည်လင်ပါအံ့" ဟူ၍ ဖြစ်သည်။

အဇာတသတ်မင်းသည် အပေါ်ယံသွင်ပြင်အားဖြင့် ရဟန်းအသွင် ဆောင်ထားသော်လည်း အတွင်းသဘောတွင် ဆိုးယုတ်ကောက်ကျစ် ညစ်နွမ်းလှသည့် ဒေဝဒတ်ကိုဆရာတင်မိမှားကာ ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသော အကုသိုလ်ကံကြီးကြောင့် နန်းစည်းစိမ်ကို ခံစားစံစား နေရသည့်တိုင်အောင် စိတ်နှလုံးချမ်းမြေ့သာယာမှုကို မရရှိ။ ကြီးမား လေးလံလှသည့်အပြစ်ကြီးက အချိန်နှင့်အမျှ ဖိစီးလျက် ညညတွင်လည်း အိပ်မပျော်သည့် ဝေဒနာကိုခံစားရ၏။ အိပ်မပျော်သူအတွက် ညတာသည် ရှည်လျားလှသလို မျက်လုံးတို့ကိုလည်း လှံဖြင့်ထိုးနေသလိုခံစားရ၏။ မိမိပြုမှားခဲ့သည့်အပြစ်အတွက် ကြီးစွာသောနောင်တ တရားတို့ရခဲ့သလို အကုသိုလ် ဖိစီးသည့်ဝေဒနာတို့ ပြေရာပြေကြောင်းအလို့ငှာ ရဟန်းပြုရခြင်း၏ လတ်တလောရရှိနိုင်သည့်အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်း၏။ အဇာတသတ်မင်း၏ မေးခွန်းကို ပုရာဏကဿပေ။ အဇိတကေသကမ္ဗလအစရှိသော တိတ္ထိဆရာကြီးခြောက်ဦးတို့က ၎င်းတို့၏ အယူဝါဒအသီးသီးတို့ဖြင့် ဖြေကြားခဲ့သော်လည်း မေးခွန်းနှင့် အဖြေတို့က တခြားစီ။ အဇာတသတ်မင်း၏ရင်တွင်းမှာ ပုစ္ဆာသည်ကျေလည်မသွား။ ခံစားနေရသည့်ဝေဒနာတို့လည်း ပျောက်ကင်းခြင်း အလျှင်းမရှိ။ သို့နှင့်ပင် ကြည်နူးမွေ့လျော်ဖွယ် သာယာလှပသည့် တန်ဆောင်မုန်းလပြည့် ညဉ့်အခါတွင် သမားတော်ဇီဝက၏ စီစဉ်မှုဖြင့် နန်းတော်သည် သရက်ဥယျာဉ်ဆီသို့ မှူးမတ်အခြွေအရံအပြည့်အစုံ ခင်းကျင်းကာ မီးရှူးတိုင်(တန်ဆောင်တိုင်) များ ကိုယ်စီကိုင်ဆောင်လျက် သွားရောက်ခဲ့သည်။

အဇာတသတ်မင်းသည် ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတစ်ထောင် နှစ်ရာငါးကျိပ်တို့ စံမြန်းနေထိုင်ရာ သရက်ဥယျာဉ်သို့ စတင်ဝင်ရောက် လာချိန်မှာပင် အေးချမ်းဆိတ်ငြိမ်မှုတို့ကို ခံစားရသလို သူ့အပေါ် တစ်ချိန်လုံးဖိစီးနေခဲ့သည့် ဝေဒနာအဆိုင်အခဲတို့သည်လည်း တုန်လှုပ်အက်ကွဲစပြုလာခဲ့သည်။ မြတ်စွာဘုရားရှင်ကို ချဉ်းကပ်၍ လောကလူသားတို့သည် မိမိတို့အတတ်ပညာဖြင့် ပစ္စုပ္ပန်မျက်မှောက်ဘဝမှာပင် အကျိုးတရား ရသကဲ့သို့ ရဟန်းပြုရခြင်း၏ ပစ္စက္ခဘဝတွင်အကျိုးရပုံကို မေးလျှောက်သည့်အခါ ဘုရားက ကျွန်ယောက်ျားဥပမာ၊ လယ်သမား ဥပမာတို့ဖြင့် လည်းကောင်း သဒ္ဓါပဗ္ဗဇိတအမျိုးကောင်းသားတို့ ရဟန်း ပြုပုံ၊ သီလ၊ ဣန္ဒြေ၊ သတိသမ္ပဇဉ်တရားတို့အကြောင်း သန္တုဋီတရားနှင့် ပြည့်စုံပုံ နီဝရဏတရားတို့ပယ်ရှားပုံ၊ ဈာန်လေးပါးသို့ရောက်ပုံ၊ ဝိဇ္ဇာ ရှစ်ပါးနှင့် ပြည့်စုံပုံတို့ကို အကျယ်တဝင့်ဟောကြားတော်မူကာ ရဟန်းပြု ရခြင်း၏ ဒိဋ္ဌဓမ္မအကျိုးရပုံတို့ကို ရှင်းလင်းစေလျက် အဇာတသတ်မင်း ၏ အကုသိုလ်ဖိစီးသည့် ဝေဒနာတို့ကိုပါ ချမ်းသာစေခဲ့သည်။

ဒေသနာတော်၏အဆုံးတွင် အဇာတသတ်သည် ဗုဒ္ဓဘုရားရှင်၏ ထံပါး၌ သရဏဂုံတည်လျက် ဥပါသကာအဖြစ် မှတ်တော်မူပါရန်လျှောက်ထား၏။ ဖခင်ဘုရင်ကြီးကို သတ်မိခဲ့သည့်အပြစ်ကိုလည်း ထုတ်ဖော်ဝန်ခံ၏။ သာမညဖလသုတ္တန်ဒေသနာကို ကြားနာရပြီးသည့်နောက်တွင် အဇာတသတ်သည်လည်း ချမ်းသာစွာ အိပ်စက်ခွင့်ရခဲ့သည်။ ဆရာတင်မှား၍ လမ်းမှားရောက်ခဲ့သော အဇာတသတ်မင်းသည် ရတနာသုံးပါးကို ပူဇော်သမူပြုရာတွင် အတုမရှိသူဖြစ်လာခဲ့သည်။ ပထမ သင်္ဂါယနာ၏ ဒါယကာမင်းဖြစ်လာခဲ့သလို သာသနာသက္ကရာဇ်ကို သတ်မှတ်ပေးခဲ့သူလည်း ဖြစ်လာခဲ့သည်။

သာမညဖလသုတ္တန်ဒေသနာတော်သည် ဗုဒ္ဓသာသနာ၏ သမိုင်း တစ်ကွက်ကိုပြဆိုသည့် ဒေသနာဖြစ်သလို ရဟန်းသံဃာဆိုသည်မှာ အဘယ်သို့သော ပုဂ္ဂိုလ်များဖြစ်သည်ကို ပြဆိုထားသည့် ဒေသနာလည်း ဖြစ်သည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင်အယူဝါဒအချို့ ကိုလည်း အကျဉ်းအမြွက်မျှ သိခွင့်ရနိုင်သကဲ့သို့ တန်ဆောင်မုန်းလနှင့် တန်ဆောင်မုန်းညတို့၏အလှ ကိုလည်း ခံစားသိမြင်နိုင်သည့် ဒေသနာတော်ပင်ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း