နေပြည်တော် အောက်တိုဘာ ၆
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် ကြိုးစား ဆောင်ရွက်ပေးကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားသင်ယူနေမှု၊ ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဘိုကလေးမြို့ အခြေခံပညာ မူလတန်းလွန်ကျောင်း(အောက်ပိုင်း)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (စံကျောင်းပိုင်း-မြို့မ (၄) ရပ်ကွက်)၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (လေ့ကျင့်ရေး)၊ ဖျာပုံမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကျိုက်လတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဘိုကလေးပညာရေးဒီဂရီ ကောလိပ်ရှိ ပညာဂုဏ်ရည်ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပညာရေးဒီဂရီ ကောလိပ်ဆရာ ဆရာမများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
တွေ့ဆုံစဉ် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် လက်တွဲ၍ ပညာရေးအရည်အသွေး တိုးတက်မြင့်မားအောင် ကြိုးစားမြှင့်တင်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့၏ သင်ကြားရေး၊ စီမံရေး ဆိုင်ရာလုပ်ငန်းများ အရည်အသွေးတိုးတက်အောင် အမြဲမပြတ် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသား ကျောင်းသူတိုင်း အနည်းဆုံး KG+9 (အခြေခံပညာမူလတန်းမှ အလယ်တန်းအဆင့်ထိ) ပြီးမြောက်ရေးကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးဒေသဖြစ်၍ KG+9 ပြီးမြောက်သည့် ကျောင်းသား ကျောင်းသူများအား အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် ပညာရပ်များ ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် စိတ်ဝင်စားအောင် လမ်းညွှန်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် မအူပင်တက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် ဘာသာရပ်အလိုက် သင်ကြားသင်ယူမှုနှင့် သုတေသန လုပ်ငန်းများ အရည်အသွေးတိုးတက်ကောင်းမွန်ရေး၊ အဝေးသင်တက္ကသိုလ် အရည်အသွေး မြှင့်တင် ဆောင်ရွက်ရေး၊ ထူးချွန်အားကစားသမား မွေးထုတ်ပေးနိုင်ရေးနှင့် တက္ကသိုလ်အားကစားကဏ္ဍ မြှင့်တင် ဆောင်ရွက်ရေး၊ ကျောင်းအတွင်း တည်ဆောက်ရေး၊ သင်ကြားရေးနှင့် စီမံရေးဆိုင်ရာ အရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးတို့ကို မှာကြားပြီး ကျောင်းအတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


