တက္ကသိုလ်ပေါင်းစုံ Esports အားကစားပြိုင်ပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)နှင့် KMD College တို့ ချန်ပီယံဆုများ ဆွတ်ခူးရရှိ

ရန်ကုန်   ဩဂုတ်   ၂၀

မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်  (MESF)နှင့် PUBG MOBILE တို့ ပူးပေါင်းကျင်းပသည့် တက္ကသိုလ်ပေါင်းစုံ Varsity Esports Championship 2026 Season-1  (Offline    PUBG MOBILE) ပြိုင်ပွဲကို ယနေ့နံနက် ၉  နာရီမှ  ညနေ   ၅  နာရီအထိ ရန်ကုန်မြို့   Sedona   Hotel   ၌ ကျင်းပရာ   ရန်ကုန်နည်းပညာတက္ကသိုလ်(YTU)နှင့်    KMD College   တို့   ချန်ပီယံဆုများ ဆွတ်ခူး ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ ဇူလိုင် ၂၅ ရက်နှင့်  ၂၆  ရက်တို့တွင်  ကျင်းပခဲ့သည့်   Varsity  Esports  Championship  2026  Season-1    ပြိုင်ပွဲတွင်  ဆက်လက်ယှဉ်ပြိုင်ရန်  ကျန်ရှိသည့် Offline PUBG MOBILE ပြိုင်ပွဲဝင်  ၁၆  သင်း၏  Grand  Final  အဆင့်ကို ယနေ့တွင်  အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး  ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) အသင်းသည် အမှတ်‌ပေါင်း ၇၀ ဖြင့်   ချန်ပီယံဆုကို  ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်အတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ပေါင်းစုံ Esports  အားကစားပြိုင်ပွဲဖြစ်သည့် Mobile Legend ပြိုင်ပွဲတွင်လည်း အသင်း ၁၆ သင်း ယှဉ်ပြိုင်ခဲ့ရာ KMD   College   အသင်းက ချန်ပီယံဆုကို ရရှိထားပြီး ယနေ့တွင် ပြိုင်ပွဲများ ယှဉ်ပြိုင်ပြီးနောက် ချန်ပီယံဆုရရှိကြသည့်   ရန်ကုန်နည်းပညာတက္ကသိုလ် (YTU)နှင့် KMD College တို့မှ တက္ကသိုလ်ကိုယ်စားပြု အောင်ပွဲရအသင်းနှစ်သင်းအား မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက  ချန်ပီယံဆုပေးအပ်ချီးမြှင့်သည်။

“အခုလို   Varsity   League Season-1  က  စတင်ပြီး   PUBG Game Developer တို့ ပါဝင်ပံ့ပိုးမှုနဲ့အတူ နိုင်ငံအတွင်းက တက္ကသိုလ်များရဲ့ Esports League အဆင့်အတန်းက အမြင့်ဆုံးနေရာ တစ်ခုမှာ ရပ်တည်နိုင်ခဲ့ပါပြီ။ ပြိုင်ပွဲတစ်ခုအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပြိုင်ပွဲဝင်စွမ်းရည် ကနေ မိမိကျောင်းရဲ့ဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့အပြင် အမျိုးသားအဆင့် Esports Championship အဖြစ် ဆက်လက်ဖော်ဆောင်ပေးသွားမှာပါ”ဟု မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ပြောသည်။

ယနေ့တွင် ယှဉ်ပြိုင်ကြသည့် Offline   PUBG  MOBILE   ပြိုင်ပွဲတွင်  တက္ကသိုလ်နှင့်  ကောလိပ်ကိုယ်စားပြုအဖြစ်  YTU၊    AU၊ YUFL၊ KMD၊ MMMC၊ MIC၊ YU၊ YDNB၊ UIT၊ MST၊ UCSM၊ UVS၊ TUMA၊ WYU၊  UMM   နှင့်   WYTU ကျောင်းတို့မှ ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်