တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၈


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်ဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-
မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းဖြင့် နှုတ်ခွန်းဆက် လိုက်ပါတယ်။
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော်အသီးသီးအတွက် မြို့နယ်ပေါင်း (၁၇၅)မြို့နယ်၊ မဲဆန္ဒနယ်မြေပေါင်း (၃၈၄)နေရာမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ဖွဲ့စည်း ထူထောင်ခဲ့တာဟာ အနှစ် (၃၀) ကျော်ခဲ့ပါပြီ။ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီမှာ “လူအများကောင်းစားရေး” ကို အခြေခံတဲ့ လမ်းညွှန်သဘောတရားမူဝါဒ အခိုင်အမာရှိပါတယ်။ ဒီမူဝါဒကို အကောင် အထည်ဖော်ဖို့ “ပြည်သူ့အကျိုးပြု၊ မြန်မာ့လမ်းစဉ်” ကိုလည်း ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ပါတီရဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အစွန်းတရားတွေဘက် ရောက်မသွားစေအောင် ထိန်းညှိပေးတဲ့ “မဇ္ဈိမပဋိပဒါ ကျင့်စဉ်”ကို ကျင့်သုံးလျက်ရှိပါတယ်။ ကျွန်တော်တို့ပါတီဟာ လမ်းညွှန်သဘော တရား၊ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ်တွေကို နိုင်ငံရေးပါတီ ပီသစွာ စနစ်တကျ ချမှတ်ကျင့်သုံးလျက်ရှိတဲ့ ပါတီဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများကို အသိပေး တင်ပြရခြင်းဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-
မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ကျွန်တော်တို့ပါတီရဲ့ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ် နဲ့ ပါတီရဲ့ သဘောထားရပ်တည်ချက်တွေကို ကောင်းစွာသိရှိပြီး ဒီပါတီဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်သယ်ပိုးနိုင်တဲ့ ပါတီ၊ ယုံကြည်ကိုးစား ထိုက်တဲ့ပါတီလို့ သိမြင်လာပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အတွက် ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းကို ပြည်သူတွေထံအသိပေး တင်ပြထားပါတယ်။ ရွေးကောက်ပွဲကြေညာစာတမ်းထဲက ကျွန်တော်တို့ ပါတီက ဖော်ဆောင်သွားမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတဲ့အချက် အချို့ကို ကျွန်တော်တင်ပြအစီရင်ခံသွားပါ့မယ်။
ပထမဦးစွာ တိုင်းရင်းသားလူမျိုးများနဲ့ပတ်သက်တဲ့ သဘောထားတွေကို တင်ပြပါ့မယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီကနေ့ နိုင်ငံမှာ ဖော်ဆောင်နေတဲ့ ထာဝရငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း တိုင်းရင်းသားစည်းလုံးညီညွတ် ရေးဟာ မရှိမဖြစ် လိုအပ်တဲ့ အချက်ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပါတီက ဖော်ဆောင်သွားမယ့် သဘောထား လေးချက်ကို တင်ပြပါ့မယ်။
(တစ်) တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူ၊ ရည်တူ ရှိရေးပါ။ တန်းတူရည်တူဆိုရာမှာ တိုင်းရင်းသားတွေအတွင်းမှာ လူမျိုး ကြီး၊ လူမျိုးငယ် မခွဲခြားရေး၊ အခွင့်ထူးခံမရှိစေရေး၊ တိုင်းရင်း သားလူမျိုးအချင်းချင်း ခေါင်းပုံမဖြတ်ရေး၊ လူညွန့်မခူးရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။
(နှစ်) တိုင်းရင်းသားတွေအတွင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိစေရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ရမယ့် အခြေခံအချက် လည်း ဖြစ်ပါတယ်။
(သုံး) ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးတစ်မျိုးအနေနဲ့ ရှင်သန်ရပ်တည်ပိုင်ခွင့် ရှိရေးဖြစ်ပါတယ်။ လူမျိုးတစ်မျိုးအနေနဲ့ ဘာသာစကား၊ စာပေ၊ ဓလေ့ထုံးတမ်း၊ ယုံကြည်ကိုးကွယ်မှု၊ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ ပျောက်ပျက်မသွားစေဖို့ ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေရှိနေရမှာ ဖြစ်ပါတယ်။
(လေး) တိုင်းရင်းသားတွေအတွင်းမှာ ညီညာတဲ့ဖွံ့ဖြိုးတိုးတက်မှု (Even Development) ရှိနေရပါမယ်။ တိုင်းရင်းသားတွေအတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ရပါမယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး/ပြည်နယ် တွေအကြား သယံဇာတ၊ ဓနဥစ္စာ ခွဲဝေသုံးစွဲခွင့်နဲ့ ညီညွတ်မျှတ တဲ့ ခွဲဝေခွင့် ရှိရမှာဖြစ်ပါတယ်။
ဒီအချက်တွေဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ မပါမဖြစ် ပါဝင်ရမယ့် အခြေခံအချက်တွေလည်း ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ နိုင်ငံကြီး နှစ်နိုင်ငံရဲ့ ကြားမှာ ကျရောက်နေပါတယ်။ ဒါ့အပြင် အင်အားကြီး နိုင်ငံကြီးနှစ်ခုရဲ့ အားပြိုင်လှုပ်ရှားကြရာမှာ မဟာဗျူဟာကျတဲ့ အနေအထားမှာရှိနေပါတယ်။ ဒီနိုင်ငံကြီး နှစ်ခုရဲ့အားပြိုင်မှုမှာ ကြားညပ်မခံရဖို့ အလွန်အရေးကြီးပါတယ်။ နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်းနဲ့ သံတမန်ရေးရာကို ကျွမ်းကျင်လိမ္မာစွာကျင့်သုံးနိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရေးမူဝါဒမှာ အစဉ်အဆက် ကျင့်သုံးခဲ့တဲ့-
- လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရပါမယ်။
- ဒီမူဝါဒမှာ နိုင်ငံခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့“ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး”မူကြီး ‘ငါး’ ချက်ပါဝင်သွားမှာ ဖြစ်ပါ တယ်။
- နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနဲ့ ပိုမိုထိတွေ့ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံသွားရပါမယ်။
- ဒါ့ပြင် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ထိပါးစေတဲ့ ကိစ္စမျိုးတွေကို ဆန့်ကျင်ကန့်ကွက်သွားမှာ ဖြစ်ပါ တယ်။
ဆက်လက်ပြီး မဲဆန္ဒရှင်ပြည်သူများအတွက် အဓိကကျတဲ့ စီးပွားရေးမူဝါဒ ပိုင်းကို တင်ပြပါမယ်။
ကုန်ထုတ်လုပ်မှု တိုးတက်စေဖို့ ပုဂ္ဂလိကပိုင်ကဏ္ဍကို အထူးပြုတဲ့ ဈေးကွက်ယန္တရားကို သုံးစွဲပြီး နိုင်ငံတော်ရဲ့ ဓနအင်အား(Wealth) ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီတိုးတက်လာတဲ့ ဓနအင်အားကို ခွဲဝေရာမှာတော့ လူမှုအဖွဲ့အစည်းတစ်ခုလုံးအတွက် တရား မျှတမှုကို အရင်းခံတဲ့ “လူမှုသဟဇာတ မျှတရေး”မူကို ချမှတ်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
- ဓနအင်အား ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သဘာဝသယံဇာတ အရင်းအမြစ်တွေကို ထုတ်နုတ်သုံးစွဲတဲ့နေရာမှာ နောင်လာ နောက်သား၊ သားစဉ်မြေးဆက်တိုင်အောင် ထုတ်လုပ်သုံးစွဲနိုင်မယ့် အစီအမံတွေ ချမှတ်သွားရပါမယ်။
- နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အရအသုံးလိုငွေတွေ များပြားနေတာ၊ ငွေကြေးပမာဏကြီးထွားနေတာ၊ ငွေကြေးဖောင်းပွမှု မြင့်မား နေတာ၊ ပို့ကုန်ဝင်ငွေ လျော့နည်းကျဆင်းနေတာ၊ ဈေးနှုန်းတွေ မြင့်တက်နေတာ စတဲ့အကြောင်းတရားတွေကြောင့် ပြည်ပ ချေးငွေနဲ့ စီးပွားရေးမှာ အခြေပြုနေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ နိုင်ငံအတွက် ရေရှည်မှာ ချေးငွေကို အခြေပြုရတဲ့ စီးပွားရေးပုံစံ(Credit based Economy)မျိုးမဖြစ်စေဖို့ ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။
- တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် တည်ဆောက်ရာမှာ အခြေခံဖြစ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှာ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် “ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း”တွေ ချမှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-
ကျွန်တော်တို့နိုင်ငံမှာ ခေတ်အဆက်ဆက်ပြောင်းခဲ့ပေမယ့် လူအများစု ကြီးဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝဟာ ဒုံရင်း၊ ဒုံရင်း အခြေအနေပဲ ရှိနေတာတွေ့ရပါတယ်။ ဒီကနေ့အထိ မြေယာပြဿနာတွေ၊ သီးနှံဈေးနှုန်း “ကမောက်ကမ” ဖြစ်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုလိုအပ်လို့ လယ်သမားတွေ ကြွေး ပင်လယ်ဝေနေရတာတွေ စတဲ့ပြဿနာပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်နေကြရပါတယ်။
အဓိကကတော့ မြေယာမူဝါဒပါပဲ။ လယ်သမားတွေအတွက် မြေယာ မူဝါဒဟာ “သီးနှံစိုက်ပျိုးထုတ်လုပ်သူတိုင်း လယ်ယာမြေပိုင်ဆိုင်ခွင့်ရှိရမယ့် မူဝါဒဖြစ်ဖို့”လိုပါတယ်။ အခုပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို ပြင်ဆင် ရပါမယ်။ ဈေးကွက်စီးပွားရေးယန္တရားနဲ့ မြေယာမူဝါဒကိုက်ညီရပါမယ်။ ဒါ့ကြောင့် လယ်သမားလုပ်တဲ့မြေ လယ်သမားပိုင်ဆိုင်ရေးအတွက် နိုင်ငံရေး နည်းလမ်း၊ ဥပဒေနည်းလမ်း၊ စီးပွားရေးနည်းလမ်းများနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
- လယ်ယာမြေအသုံးချရေးမူဝါဒကို စနစ်တကျရေးဆွဲပြီး အကောင် အထည်ဖော်ပါ့မယ်။
- တောင်သူလယ်သမားတွေ သီးနှံထုတ်လုပ်ရေးအတွက် အရင်း အနှီးရရှိစေဖို့ နှစ်လတ်၊ နှစ်ရှည် ချေးငွေပေးနိုင်အောင် အစီအမံ တွေ ချမှတ်ရမှာ ဖြစ်ပါ တယ်။
- တောင်သူလယ်သမားတွေ အတွက် လယ်ယာထွက် ကုန်များကို အာမခံထားတဲ့ စနစ် ကျင့်သုံးပါ့မယ်။
- တောင်သူလယ်သမားတွေ အားထားရမယ့် ကျွဲ၊ နွား တွေ နိုင်ငံခြားတင်ပို့နေမှု ကို ရပ်ဆိုင်းပစ်မှာ ဖြစ်ပါ တယ်။
ဆက်လက်ပြီး ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရရော စီးပွားရေးအရပါ အလွန်အရေးပါတဲ့ အင်အားစုဖြစ်တဲ့ အလုပ်သမားများနဲ့ ပတ်သက်တဲ့ သဘောထားတွေကို တင်ပြပါ့မယ်။ အလုပ်သမားတွေအပေါ်မှာ ဂုဏ်သိက္ခာ ကျဆင်းစေခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတွေဟာ မကင်းစင်သေး ပါဘူး။ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အလုပ်ခွင်တည်မြဲပိုင်ခွင့်၊ အနည်းဆုံး အခကြေးငွေရပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်၊ လူမှုဖူလုံရေး ရပိုင်ခွင့်တွေဟာလည်း မှေးမှိန်နေတုန်းပဲရှိပါတယ်။
- တည်ဆဲဥပဒေပါ အခွင့်အရေးများ အပြည့်အဝခံစားနိုင်ရေး၊
- အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းရေး၊
- ပြည်ပက ပြန်လည်ရောက်ရှိလာတဲ့ အလုပ်သမားတွေရဲ့ဘဝလုံခြုံ ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရေး၊
- အလုပ်သမားများအကျိုး ဆောင်ရွက်ပေးမယ့် အလုပ်သမား အဖွဲ့အစည်းများ လွတ်လပ်စွာ စနစ်တကျ ဖွဲ့စည်းရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်ပြည်သူများ ခင်ဗျား-
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကျွန်တော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအပေါ် ပြည်သူများက အကဲဖြတ်နိုင်စေဖို့ ပါတီရဲ့ ဝါဒ၊ လမ်းစဉ်၊ ကျင့်စဉ်နဲ့ သဘောထား လုပ်ငန်းစဉ်တွေကို အကျဉ်းချုပ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီသဘောထားလုပ်ငန်းစဉ်တွေရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ပါတီရဲ့ကြွေးကြော်သံ ကတော့ မျှော်လင့်ချက်အသစ်(New Hope)၊ ပြည်သူများက မျှော်လင့်ချက် အသစ်ကို ဖော်ဆောင်ကြပါစို့ (New Hope for the People)ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ပြည်သူတွေ မျှော်လင့်ချက်အသစ်ကို ဖော်ဆောင်နိုင်ကြဖို့ မကြာတော့မယ့်ကာလမှာ ဆန္ဒမဲပေးကြရတော့မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမယ့် အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေဟာ ဒီအခွင့်အရေးကို အသုံးချပြီး “မျှော်လင့်ချက်အသစ်” နဲ့ ကျွန်တော်တို့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒပေးရွေးချယ် နိုင်ကြပါစေလို့ တိုက်တွန်းဆန္ဒပြုလိုက်ပါတယ်။
မဲဆန္ဒရှင်ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
တိုင်းရင်းသားအားလုံး...ညီညွတ်မည်
ညီရင်းအစ်ကိုပမာ တို့ချစ်သည်
ထာဝစဉ်မခွဲ လက်တွဲမည် ဒါမှ ဒို့ပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
မြန်မာပြည် ဒို့တိုင်းပြည် မြန်မာတို့ရဲ့ဇာတိသွေးက ဇွဲမာန်အပြည့်ရှိသည်
တိုင်းရင်းသားတို့ ထာဝရ စည်းလုံးညီညွတ်မည်
အမျိုးသားရေးကို ဦးတည် နိုင်ငံတော်ကို ချစ်မြတ်နိုးသည်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
မဲရုံသို့ မဲရုံသို့ သွားကြပါစို့(၂)
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ရရှိဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
မဲရုံသို့ မဲရုံသို့ သွားကြပါစို့(၂)
အခြေခံလူတန်းစားများရဲ့ စီးပွားရေးဘဝ မြှင့်တင်နိုင်ဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
မဲရုံသို့ မဲရုံသို့ သွားကြပါစို့(၂)
ပြည်သူများအတွက် မျှော်လင့်ချက်အသစ် ဖော်ဆောင်ဖို့
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို မဲပေးကြပါစို့
တိုင်းရင်းသားအားလုံး...ညီညွတ်မည်
ညီရင်းအစ်ကိုပမာ တို့ချစ်သည်
ထာဝစဉ်မခွဲ လက်တွဲမည် ဒါမှ ဒို့ပါတီ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အောင်ရမည်
ပြည်သူများအတွက် မျှော်လင့်ချက်အသစ်ကို ဖော်ဆောင်ကြပါစို့။
မြန်မာ့အလင်း