တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းဒေသများသို့ ချဉ်းကပ်ဝင်ရောက်

တိုကျို   ဩဂုတ်   ၉

အလွန်အားကောင်းသော တိုင်ဖွန်းမုန်တိုင်းတစ်ခုသည် ဂျပန်နိုင်ငံအနောက် တောင်ပိုင်းဒေသများသို့ ချဉ်းကပ်ဝင်ရောက်လာသည့်အတွက် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်   လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အိုကီနာဝါစီရင်စုနှင့် ကာဂိုရှီးမား စီရင်စုရှိ အာမာမီဒေသတို့၌ မိုးသက်လေပြင်းများနှင့်  အခြားသောရာသီဥတု ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ဂျပန်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၈ ရက် ညနေ ၆ နာရီတွင် တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင်သည် အိုကီနာဝါရှိ ကူမဲဂျီးမားကျွန်း၏ အနောက်- အနောက်မြောက်ဘက် ရေပြင် ၁၉၀ ကီလိုမီတာအကွာတွင် တည်ရှိနေသည်ဟု ခန့်မှန်းရပြီး ၎င်းသည် အနောက်ဘက်သို့ နှေးကွေးသော နှုန်းဖြင့် ရွေ့လျားလျက် ရှိသည်။

အာမာမီဒေသ၏ အစိတ်အပိုင်းအချို့အတွက် မြေပြိုမှုဆိုင်ရာ အဆင့် ၄ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းဝင်ရောက်လာခြင်းကြောင့် အိုကီနာဝါနှင့် အာမာမီဒေသတို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင်သည် အိုကီနာဝါဒေသမှ တဖြည်းဖြည်းဝေးကွာသွားမည်ဖြစ်သော်လည်း ၎င်း၏သက်ရောက်မှုမှာ ဆက်လက်တည်ရှိနေဖွယ် ရှိသည်။

အိုကီနာဝါကျွန်းမကြီးဒေသတွင် မိုးသည်းထန်စေမည့် တိမ်တိုက်များဖြစ်ပေါ်လာနိုင်ပြီး ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေကို သိသိသာသာမြင့်တက်စေနိုင်ကြောင်း  မိုးလေဝသပညာရှင်များက သတိပေးပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်