တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) ဘားအံဇုန်ပွဲစဉ်များ ကျင်းပမည်

ဘားအံ   စက်တင်ဘာ   ၁၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က) ဘားအံဇုန်ပွဲစဉ်များကို ကရင်ပြည်နယ်   ဘားအံမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် ဘားအံမြို့သို့ ရောက်ရှိနေသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများအား ကြိုဆိုပွဲကို ယနေ့ ကျင်းပသည်။

ကြိုဆိုပွဲတွင်   ပြည်နယ်ဝန်ကြီးချုပ်   ဦးစောမြင့်ဦးက တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ တည်းခိုနေထိုင်ရေး၊  စားသောက်ရေး၊   သွားလာရေး၊  လုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များကို အဆင်ပြေချောမွေ့စေရန် စီမံဆောင်ရွက်ပေးထားပြီး ပြည်နယ်၏   သဘာဝအလှ တရားများကို ခံစား၍ တိုင်းရင်းသားညီအစ်ကိုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာနိုင်ရန် လေ့လာရေးခရီးကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကာ ကရင်ပြည်နယ် ဇွဲကပင်မြေတွင် စိတ်ချမ်းမြေ့စွာ ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားပြီး အားကစားအသင်း များကို အမှတ်တရလက်ဆောင်များ  ပေးအပ်ကာ လက်ဖက်ရည်ပွဲဖြင့် တည်ခင်းဧည့်ခံသည်။

ယှဉ်ပြိုင်ကစားကြမည်

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ဘားအံဇုန်) အုပ်စုပတ်လည်ပွဲစဉ်များကို  ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌  ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တွင် ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ စက်တင်ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ စက်တင်ဘာ ၁၉ ရက်တွင် ကရင်ပြည်နယ်အသင်းနှင့်   မန္တလေးတိုင်းဒေသကြီးအသင်း၊ စက်တင်ဘာ ၂၀ ရက်တွင် ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ စက်တင်ဘာ ၂၃ ရက်တွင် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ  မည်သူမဆို အခမဲ့ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ရှုံးထွက်အဆင့် ပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)