တိုကျို စက်တင်ဘာ ၂
ဂျပန်နိုင်ငံ မိုးလေဝသအာဏာပိုင်များက တိုကျိုမြို့အပါအဝင် ကန်တို- ကိုရှင်ဒေသတွင် လေထုအခြေအနေများ အလွန်မတည်ငြိမ်လာသည့်အတွက် စက်တင်ဘာ ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
ဂျပန်မိုးလေဝသအေဂျင်စီ(JMA) ၏ ပြောကြားချက်အရ ရာသီအလိုက် မိုးတိမ်တောင်ဖြစ်ထွန်းမှုသည် ဂျပန်နိုင်ငံတစ်ဝန်း တောင်ဘက်သို့ ရွေ့လျားလာမည်ဖြစ်ပြီး တောင်ဘက်မှ ပူနွေးပြီး စိုထိုင်းသောလေထုများလည်း ဝင်ရောက်လာမည်ဖြစ်ကြောင်းသိရသည်။
ကန်တို-ကိုရှင်ဒေသတွင် စက်တင်ဘာ ၃ ရက် အရုဏ်တက်ချိန်မှ စက်တင်ဘာ ၅ ရက်ခန့်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ စက်တင်ဘာ ၃ ရက်ညနေပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန်သည် မြောက်ပိုင်း ကန်တိုနှင့်ကိုရှင်ဒေသများတွင် ၈၀ မီလီ မီတာအထိရှိနိုင်ပြီး ကန်တိုတောင်ပိုင်းတွင် ၆၀ မီလီမီတာအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
မိုးလေဝသအေဂျင်စီ တာဝန်ရှိသူများက မြေပြိုမှုများ၊ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးမှုများနှင့် မြစ်ရေမြင့်တက်မှု များအပြင် မိုးကြိုးပစ်ခြင်း၊ လေပြင်းများ ရုတ်တရက်တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ


