တိုက်စစ်မှူး သန်းပိုင်  ဖိလစ်ပိုင်အသင်းနှင့်ပွဲတွင် အကောင်းဆုံးကစားသမားဆုရရှိ

ရန်ကုန်  ဇူလိုင်  ၂၉

အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဇူလိုင် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖိလစ်ပိုင်အသင်းနှင့်ပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ကစားသမား တိုက်စစ်မှူး သန်းပိုင်သည် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သဖြင့် အကောင်းဆုံးကစားသမားဆု(Player of the Match)   ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူး သန်းပိုင်သည်  မြန်မာအသင်း၏  တိုက်စစ်ပိုင်းကို ဦးဆောင်ကာ ခြေစွမ်းပြကစားခဲ့ပြီး ပွဲချိန် ၂၈ မိနစ်နှင့် ၈၃ မိနစ်တို့တွင် မြန်မာအသင်းအတွက် အရေးပါသော ဦးဆောင်ဂိုးများကို သွင်းယူပေးခဲ့သည်။

သန်းပိုင်သည်  မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲထွက် ၁၁ ဦးစာရင်းတွင် ပုံမှန်ပါဝင်ခွင့်ရရှိနေသူဖြစ်ပြီး အသင်းအတွက် အဓိကအဆုံးအဖြတ်  သွင်းဂိုးများကို သွင်းယူပေးလျက်ရှိသည်။

မြန်မာအသင်းသည် ယခုပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရေး မျှော်လင့်ချက် ပိုမိုအားကောင်းလာခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-AFF