တိုက်စစ်ကစားသမား အူဘာမီယန် အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမည်

၁၂  စက်တင်ဘာ

တိုက်စစ်ကစားသမား အူဘာမီယန်သည် အာဆင်နယ်အသင်း၌ သုံးနှစ်သက်တမ်းရှိသော စာချုပ်သစ် တစ်ရပ်ချုပ်ဆိုရန် နီးစပ်လာပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ၎င်းအနေဖြင့် အာဆင်နယ် အသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ပါက အသင်း၏လုပ်ခလစာ အမြင့်ဆုံးရရှိမည့် ကစားသမား ဖြစ်လာဖွယ်ရှိကြောင်း ဖော်ပြထားသည်။

အသက် ၃၁ နှစ်အရွယ်ရှိ အူဘာမီယန်သည် ပြီးခဲ့သည့်ရာသီတွင် အာဆင်နယ်အသင်း ၌ ပြိုင်ပွဲစုံ ၄၄ ပွဲတွင် ၂၉ ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားသူဖြစ်သည်။ အူဘာမီယန်အနေဖြင့် အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေသောကြောင့် အမ်းမရိတ်မှ ထွက်ခွာတော့မည်ဆိုသော ထင်ကြေးပေးပြောဆိုနေမှုများကို အဆုံးသတ်နိုင်ခဲ့ပြီး အသင်းပရိသတ်များအတွက်လည်း စိတ်သက်သာရာရခဲ့သည်။ အူဘာမီယန်နှင့် အာဆင်နယ် အသင်းတို့ကြား ပြီးခဲ့သည့်လအနည်းငယ်အတွင်းကတည်းက စာချုပ်သစ် နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ယခုအချိန်မှ နှစ်ဖက် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အူဘာမီယန်နှင့် အာဆင်နယ်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ သတင်းများတွင် အူဘာမီယန်အနေဖြင့် အာဆင်နယ်အသင်းတွင် ဆက်လက်နေရန် ဆုံးဖြတ်ခဲ့ခြင်းမှာ နည်းပြ အာတီတာသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အူဘာမီယန်သည် စာချုပ်သစ်တွင် ၎င်းလက်ရှိရရှိနေသည့် လုပ်အားခထက် ပိုမိုရရှိဖွယ်ရှိနေသည်။ လက်ရှိတွင် အူဘာမီယန်၏ တစ်ပတ်လုပ်အားခမှာ ပေါင် ၂၀၀၀၀၀ ရရှိနေသည်။ အာဆင်နယ်အသင်း၏ လက်ရှိလုပ်အားခအမြင့်ဆုံး ကစားသမားမှာ အိုဇေးလ်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေသည်။ ထို့အပြင် ချယ်ဆီးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသော ဝီလီယံသည် တစ်ပတ်ပေါင် ၂၂၀၀၀၀ ဖြင့် ဒုတိယလုပ်ခလစာအမြင့်ဆုံး ရရှိနေကြောင်း သိရသည်။ အသင်း၏ တိုက်စစ်ကစားသမား တစ်ဦးဖြစ်သူ လာကာဇက်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၂၀၀၀ ရရှိနေပြီး ကလပ်စံချိန်တင်ကြေးဖြင့် ခေါ်ယူထားသော ပီပီမှာ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ သာရရှိနေကြောင်း သိရသည်။ သို့သော်လည်း ထွက်ပေါ်လာသော သတင်းများအရ အူဘာမီယန်အနေဖြင့် စာချုပ်သစ်တွင် အိုဇေးလ်ရရှိနေသည့် လုပ်ခလစာထက်ပင် ပိုမိုရရှိဖွယ်ရှိနေကြောင်း သိရသည်။

အောင်ဇော်