မောင်ပြေ(ဆင်ပေါင်ဝဲ)
ယနေ့ခေတ် စိုက်ပျိုးရေးကဏ္ဍတွင် စိုက်ဧရိယာတစ်ခုလျှင် အမြတ်ပိုတိုးလာခြင်းသည် စိုက်ဧရိယာတစ်ခုလျှင် အထွက်နှုန်းပိုတိုးလာခြင်းထက် ပိုမိုအရေးကြီးသည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ကြပါသည်။ သို့သော် အကောင်းဆုံးစိုက်ပျိုးရေးစနစ်မှာ “အမြတ်” နှင့် “အထွက်နှုန်း” နှစ်ခုလုံးကို မျှတစွာ၊ အချိုးညီစွာ ထိန်းထားနိုင်ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ တောင်သူများအဆင်ပြေရန် ခေတ်မှီနည်းလမ်းတစ်ခုမှာ ခေတ်မီလက်ကိုင်ဖုန်းမှ တောင်သူပညာပေးခြင်း နည်းစနစ်ဖြစ်ပါသည်။ ၂၀၂၅–၂၀၂၆ ခုနှစ်များတွင် စမတ်ဖုန်း၊ မိုဘိုင်း အင်တာနက်၊ ကလောက်တွက်ချက်နည်း (Cloud Computing)နှင့် ဉာဏ်ရည်တု(AI) စသည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးတိုးချဲ့ပညာပေးစနစ် (Agricultural Extension System) သည် အရေးပါသော ပြောင်းလဲမှုတစ်ရပ်ဖြစ်ပေါ်လာခဲ့ပါသည်။
ယခင်က တောင်သူများကို လယ်ကွင်းသို့ သွားရောက်တွေ့ဆုံ၍ သင်ကြားပေးရသော်လည်း ယခုအခါ လက်ကိုင်စမတ်ဖုန်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ၊ ဒေသအလိုက် သင့်လျော်သော (Location-specific) နှင့် တောင်သူတစ်ဦးချင်းစီအတွက် ကိုက်ညီသော (Personalized Advice) အကြံဉာဏ်များကို ပေးနိုင်လာပါသည်။
သုတေသနများအရ ဒီဂျစ်တယ်တိုးချဲ့ ပညာပေးစနစ်သည် တောင်သူပညာပေးဝန်ထမ်းများကို အစားထိုးခြင်းမဟုတ်ဘဲ ၎င်းတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
လက်ကိုင်စမတ်ဖုန်းများမှတစ်ဆင့် ပေးနိုင်သော စိုက်ပျိုးရေးဝန်ဆောင်မှုများ
(က) ရာသီဥတုအချက်အလက်
လက်ကိုင်ဖုန်းများမှတစ်ဆင့် တောင်သူများ ရရှိနိုင်သည်မှာ မိုးရွာနိုင်ခြေခန့်မှန်းချက်၊ အပူ ချိန်ခန့်မှန်းချက်၊ မုန်တိုင်းသတိပေးချက်၊ ရေကြီးမှုသတိပေးချက်၊ မိုးခေါင်မှုသတိပေး ချက်တို့ကြောင့် စိုက်ပျိုးချိန်ကို မှန်ကန်စွာ ရွေးချယ်နိုင်ခြင်း၊ ရေသွင်းချိန်ကို ကောင်းမွန်စွာစီမံနိုင်ခြင်း၊ သီးနှံပျက်စီးမှုလျော့နည်းစေခြင်း အကျိုးကျေးဇူးများ ရရှိပါသည်။
(ခ) ပိုးမွှားနှင့် ရောဂါခွဲခြား သတ်မှတ်ခြင်း
တောင်သူများသည် လယ်ကွင်း၊ ယာကွင်းထဲမှ ဓာတ်ပုံရိုက်ပေးပို့နိုင်ခြင်း၊ စိုက်ပျိုးရေးအသုံး ပြုစနစ် (App) သို့ တိုက်ရိုက်ပေးပို့နိုင်ခြင်းဖြင့် ရောဂါအမျိုးအစား၊ ပိုးမွှားအမျိုးအစား၊ ကာကွယ်နှိမ်နင်းနည်းတို့ကို ချက်ချင်းရရှိနိုင်ပါသည်။
ဉာဏ်ရည်တုနည်းပညာဖြင့် စပါးဖျက်ပိုး/ရောဂါများ ဥပမာ - Fall Armyworm ၊ Rice Blast ၊ ဂျုံသံချေးရောဂါများ (Wheat Rust) ခရမ်းချဉ်သီးရောဂါများ (Tomato Diseases)၊ ငှက်ပျောရောဂါများ (Banana Diseases) စသည်တို့ကို လျင်မြန်စွာ ခွဲခြားနိုင်လာပါသည်။
(ဂ) မြေဩဇာအကြံပြုချက်
နောက်ဆုံးပေါ် လက်ကိုင်ဖုန်းနည်းစနစ်များသည် မြေဆီလွှာစမ်းသပ်မှု၊ လယ်ယာတည် နေရာကို ဂြိုဟ်တုမှ (GPS) ဖြင့် မှတ်သားနိုင်ခြင်း၊ သီးနှံကြီးထွားမှုအဆင့်ဆင့်၊ ယခင် မြေဩဇာအသုံးပြုမှုတို့အပေါ် အခြေခံ၍ ယခင်မြေဩဇာအမျိုးအစား၊ အသုံးပြုရမည့် ပမာဏ၊ အသုံးပြုရမည့်အချိန်၊ ထည့်သွင်းနည်းစနစ်များ စသည်တို့ကို အကြံပြုပေးနိုင်ပါသည်။
(ဃ) စျေးကွက်သတင်း
စမတ်ဖုန်းမှတစ်ဆင့် နေ့စဉ်စျေးနှုန်း၊ လက်ကားစျေး၊ ဝယ်လိုအား၊ တင်ပို့စျေး၊ ဝယ်ယူသူများ၏ ဆက်သွယ်ရန်အချက်အလက်တို့ကို ရရှိနိုင်ပါသည်။ ထို့ကြောင့် ဈေးကောင်းရရှိခြင်း၊ ကြားခံပွဲစားများအပေါ် မူတည်မှုလျော့နည်းလာခြင်း၊ တောင်သူများ ဝင်ငွေတိုးလာခြင်း အကျိုးကျေးဇူးများကို ရရှိလာပါသည်။
(င) သီးနှံစိုက်ပျိုးရေးသင်တန်း
ဗီဒီယိုများဖြင့် မြေပြင်ဆင်ခြင်း၊ မျိုးစေ့ပြင်ဆင်ခြင်း၊ စိုက်ပျိုးနည်း၊ ရေသွင်းနည်း၊ မြေဩဇာ အသုံးပြုနည်း၊ ပေါင်းနှိမ်နင်းနည်း၊ ရိတ်သိမ်းနည်း၊ ရိတ်သိမ်းပြီးနောက် စီမံခန့်ခွဲနည်းတို့ကို ကြည့်ရှုနိုင်ပြီး ယင်းတို့ကိုလည်း အချိန်မရွေး၊ နေရာမရွေး ပြန်လည်ကြည့်ရှုလေ့လာနိုင်ပါ သည်။
(စ) မွေးမြူရေးဆိုင်ရာ ဝန်ဆောင်မှု
မွေးမြူရေး တောင်သူကြီးများအတွက် ကာကွယ်ဆေးထိုးရမည့်အချိန်၊ တိရစ္ဆာန် ရောဂါခွဲခြားခြင်း၊ အစာကျွေးနည်း၊ မျိုးပွားရေး စီမံခန့်ခွဲမှု၊ မွေးမြူရေးအကြံဉာဏ်များကို ပညာရှင်များက လက်ကိုင်ဖုန်းမှတစ်ဆင့် ပေးနိုင်ပါသည်။
အသုံးများသော ဆက်သွယ်ရေးနည်းလမ်းများ
ယနေ့ခေတ်တွင် တောင်သူပညာပေးအဖွဲ့ အစည်းများသည် စာတိုပို့ (SMS)၊ စာလုံးပို့စနစ် (Whats App)၊ လူမှုမီဒီယာ ဖေ့စ်ဘွတ် (Social Media -Facebook Group)၊ တယ်လီဂရမ် (Tele- gram)၊ ဗိုင်ဘာ (Viber)၊ ယူကျုဗီဒီယို (YouTube)၊ Zoom စနစ်ဖြင့် တွေ့ဆုံခြင်း (Zoom)၊ Google စနစ်မှတွေ့ဆုံခြင်း (Google Meet)၊ အသံပို့စနစ် (Voice Message)၊ လက်ကိုင်ဖုန်းတွင်ပါသော ဆက်သွယ်ရေးစနစ်မျိုးစုံ (Mobile Apps)၊ တယ်လီဖုန်းတိုက်ရိုက်ခေါ်ဆိုမှု (Call Centers) စသည်တို့ကို အသုံးပြုလျက်ရှိပါသည်။
ဉာဏ်ရည်တုကို အသုံးပြုသော စိုက်ပျိုးရေး အကြံပေးစနစ်
၂၀၂၅–၂၀၂၆ ခုနှစ်များတွင် အရေးပါဆုံး တိုးတက်မှုမှာ အေအိုင် (AI) ဉာဏ်ရည်တုအသုံး ပြုမှုဖြစ်ပါသည်။ AI က မြေဩဇာအကြံပြုခြင်း၊ ပိုးမွှားခွဲခြားခြင်း၊ ရောဂါခွဲခြားခြင်း၊ ရေသွင်းချိန် တွက်ချက်ခြင်း၊ ရာသီဥတုအခြေခံ အကြံပြုချက်များကို ပေးနိုင်လာပါသည်။
ထို့ပြင် ဒေသသုံးဘာသာစကားဖြင့် ဥပမာ မြန်မာလိုမေးမြန်းနိုင်သော အေအိုင်စနစ်များလည်း ပေါ်ထွက်လာနေပြီ ဖြစ်ပါသည်။
တယ်လီဖုန်းဖြင့် သင်ယူခြင်းစနစ် Mobile Learning (m-Learning)
ခေတ်မီလက်ကိုင်စမတ်ဖုန်းဖြင့် ၃–၁၀ မိနစ်စာ သင်ကြားရေးဗီဒီယိုများ၊ မေးခွန်းတို (Quiz) များ၊ အသံသင်ခန်းစာများ၊ ဒီဂျစ်တယ်သင်ခန်းစာ (Digi- tal Manual)များ၊ဓာတ်ပုံ(Infographic) များ၊ အဝေး မှ ဆွေးနွေးပွဲ (Webinar) များနှင့် ဖုန်းထဲတွင် ထည့်သွင်းထားသော သင်ခန်းစာ (Virtual Farmer Field School)များကို သင်ယူနိုင်ပါသည်။
အကျိုးကျေးဇူးမှာ ကိုယ်ပိုင်အချိန်ဖြင့် လေ့လာနိုင်ခြင်း၊ အကြိမ်ကြိမ်ပြန်လည်လေ့လာနိုင်ခြင်း၊ ခရီးစရိတ်သက်သာခြင်းတို့ ရရှိပါသည်။
ဒီဂျစ်တယ်တောင်သူ အစုအဖွဲ့များ
လက်ကိုင်စမတ်ဖုန်းများကြောင့် ဥပမာ - Viber Group များဖွဲ့ပြီး အချင်းချင်း အတွေ့အကြုံ များဖလှယ်ခြင်း၊ သီးနှံဓာတ်ပုံများ မျှဝေခြင်း၊ ပိုးမွှား အခြေအနေဆွေးနွေးခြင်း၊ မျိုးစေ့အချက်အလက် များမျှဝေခြင်း၊ အောင်မြင်သောတောင်သူများထံမှ သင်ယူခြင်းတို့ကို လွယ်ကူစေပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများ
အင်တာနက်ချိတ်ဆက်မှု မကောင်းခြင်း၊
မိုဘိုင်းကွန်ရက် လွှမ်းခြုံမှုမပြည့်စုံခြင်း၊
စမတ်ဖုန်းဈေးနှုန်းမြင့်မားခြင်း၊
ဒီဂျစ်တယ်ကျွမ်းကျင်မှုနည်းပါးခြင်း၊
ဒေသသုံးဘာသာစကားဖြင့် အကြောင်းအရာမလုံလောက်သေးခြင်း၊
ကျေးရွာများတွင် လျှပ်စစ်မီးရရှိမှုနည်းပါး၊ မတည်ငြိမ်သေးခြင်း၊
ကိုယ်ရေးအချက်အလက် လုံခြုံရေးနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများ စသည်တို့ဖြစ်ပါသည်။
အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အကြံပြုချက်များ
(က) တိုးချဲ့ပညာပေးဝန်ထမ်းများအား ဒီဂျစ်တယ် စိုက်ပျိုးရေးနည်းပညာများ သင်တန်းပေးရန်၊
(ခ) ကျေးလက်ဒေသများတွင် အင်တာနက်နှင့် မိုဘိုင်းကွန်ရက် အခြေခံအဆောက်အအုံများ တိုးတက်အောင် ဆောင်ရွက်ရန်၊
(ဂ) ဒေသသုံး မြန်မာဘာသာစကားဖြင့် အသုံးပြုနိုင်သော လက်ကိုင်ဖုန်းဖြင့် စိုက်ပျိုး မွေးမြူရေးသုံးစနစ်များ (Mobile App) များ ဖန်တီးရန်၊ ဥပမာ- မြန်မာနိုင်ငံ တောင်သူဦးကြီးများ လက်ကိုင်ဖုန်းဖြင့် နေ့စဉ်အသုံးပြုလျက်ရှိသော အစိမ်းရောင်လမ်းစနစ် (Green Way App.)https://greenwaymyanmar.com တွင် တောင်သူကြီးများ သိလိုသည်များ ဖြေကြားပေး ခြင်း၊ မိုးလေဝသခန့်မှန်းပေးခြင်း၊ သီးနှံလက်ရှိရောင်းချရန် ဈေးနှုန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဗဟုသုတဆောင်းပါးများ တင်ထားသဖြင့် စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာကိစ္စအဝဝကို လက်ကိုင်ဖုန်း အသုံးပြု၍ သိရှိနိုင်ပါသည်။ စာရေးသူလည်း အထွေထွေဗဟုသုတ / အတွေးအမြင် ဆောင်းပါးများအုပ်စု၏ အောက်တွင် အပတ်စဉ်အင်္ဂါနေ့တိုင်း ရေးသားလျက်ရှိပါသည်။
(ဃ) စာဖတ်စွမ်းရည်နည်းသော တောင်သူများအတွက် အသံနှင့်ဗီဒီယိုအခြေပြု သင်ခန်းစာများ ထုတ်လုပ်ပေးရန်၊
(င) ဒီဂျစ်တယ်အကြံပေးစနစ်နှင့် လယ်ကွင်း သရုပ်ပြသင်တန်းများကို ပေါင်းစပ်အသုံးပြုရန်၊
(စ) ကျေးရွာအဆင့် ဒီဂျစ်တယ်တောင်သူအဖွဲ့များ ဖွဲ့စည်းရန်၊
(ဆ) AI အခြေပြု အကြံပေးစနစ်များကို တိုးချဲ့ပညာပေးလုပ်ငန်းတွင် ထည့်သွင်းအသုံး ပြုရန် စသည်တို့ဖြစ်ပါသည်။
(ဇ) အမျိုးသမီးများနှင့် လူငယ်များ၏ ဒီဂျစ် တယ်စိုက်ပျိုးရေးတွင် ပါဝင်မှုကိုမြှင့်တင်ရန်၊
(ဈ) ဒီဂျစ်တယ်တိုးချဲ့ပညာပေးအစီအစဉ်များ၏ရလဒ်များကို အစဉ်တစိုက်စောင့်ကြည့် သုံးသပ်ရန်၊
(ည) အစိုးရ၊ တက္ကသိုလ်များ၊ ဆက်သွယ်ရေး ကုမ္ပဏီများ၊ အစိုးရမဟုတ်သော (NGO) များနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်။
စာရေးသူ၏ အတွေး
အိန္ဒိယနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးတွင် ထိပ်တန်းရောက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ သို့သော် တစ်နိုင်ငံလုံး တောင်သူပညာပေး ဝန်ထမ်း ၁ ဒသမ ၃ မှ ၁ ဒသမ ၅ သန်း လိုအပ်နေ သော်လည်း ၀ ဒသမ ၁ သန်း (တစ်သိန်း) ခန့်သာ ဆောင်ရွက်နေကြောင်း မှတ်တမ်းများအရ တွေ့ရှိရ ပါသည်။
တောင်သူအားလုံးနီးပါးတွင် ခေတ်မီစမတ်၊ လက်ကိုင်ဖုန်းရှိနေ၍ ပုဂ္ဂလိကကဏ္ဍ (အိန္ဒိယ တောင်သူများ မြေဩဇာရောင်းဝယ်၊ အသုံးပြုရေး သမဝါယမ၊ နိုကီရာ၊ အာတယ် (Airtel)၊ တာတာ စိုက်ပျိုးမွေးမြူရေးအကြံပေးအဖွဲ့ အစရှိသော အဖွဲ့အစည်းများ)၊ အစိုးရကဏ္ဍ စိုက်ပျိုးမွေးမြူရေးနှင့် တောင်သူများ သက်သာချောင်ချိရေး ဝန်ကြီးဌာနအောက်ရှိ အိန္ဒိယစိုက်ပျိုးမွေးမြူရေးကောင်စီက တိုက်ရိုက်ကြီးကြပ်သော ပြည်နယ်တိုင်းရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ၊ အမျိုးသား အဆင့် သုတေသနဌာနများ၊ ဥပမာ- အိန္ဒိယဗဟို စပါး သုတေသနဌာန၊ ဆီထွက်သီးနှံသုတေသနဌာန၊ မြေဆီလွှာသိပ္ပံသုတေသနဌာန၊ ခြောက်သွေ့ဒေသ ဥယျာဉ်ခြံသီးနှံသုတေသနဌာန၊ နို့ထွက်လုပ်ငန်း သုတေသနဌာန၊ ရေချိုငါးမွေးမြူရေးသုတေသနဌာန စသည်တို့က ဤလက်ကိုင်ဖုန်းနည်းပညာဖြင့် တောင်သူပညာပေးလုပ်ငန်းများကို အောင်မြင်တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။
အိန္ဒိယ၏အားသာချက်က သူ့နိုင်ငံ၏ ပြည်နယ်တိုင်းတွင် အဆင့်မြင့်ပညာနှင့် သုတေသနများကို ပြည်နယ်၏ဒေသ ရေမြေ၊ ရာသီဥတုအလိုက် သင်ကြားသုတေသနပြုနိုင်သော အဆင့်မြင့် တက္ကသိုလ်များရှိခြင်းနှင့် လျှပ်စစ်မီးနှင့် အင်တာနက်ဝန်ဆောင်မှုက ကျေးလက်ဒေသများပါမကျန် တစ်နိုင်ငံလုံးလွှမ်းခြုံထားခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး နေရာအနှံ့ကျေးလက်နေပြည်သူလူထုထံ စိုက်ပျိုးမွေးမြူ ရေးနည်းပညာရောက်ရှိရန်မှာ ဤစမတ်လက်ကိုင် ဖုန်းနည်းပညာများကို အသုံးပြုကာ အွန်လိုင်း/အဝေးမှ စိုက်ပျိုးမွေးမြူရေးနည်းပညာသင်တန်းများ၊ ဒီပလိုမာ၊ ဒီဂရီအစီအစဉ်များဖြင့် ပညာပေး ခြင်းကို တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၌ သမားရိုးကျ တက်ရောက်သင်ကြားပေးခြင်းအပြင် ထပ်ဆင့်ဖြည့်ပေးနိုင်ပါသည်။ နိုင်ငံတကာတွင်လည်း ထိုကဲ့သို့ဆောင်ရွက်နေပါသည်။
နမူနာအနေဖြင့် စာရေးသူတို့အဖွဲ့နှင့် သန်လျင် သမဝါယမတက္ကသိုလ်တို့ ပူးပေါင်းပြီး စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးပညာလက်မှတ်ရသင်တန်း (Certificate Course in Agribusiness Management) ကို ဖွင့်လှစ်၍ အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်၊ သိပ္ပံကျောင်းများသို့ မတက်ရောက်နိုင်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တိုက်ရိုက် လုပ်နေသူများကို တစ်ဖက်တစ်လမ်းမှ ပညာပေးလျက်ရှိနေပါသည်။ မကြာမီကာလများတွင်လည်း ဒီပလိုမာသင်တန်းဖွင့်လှစ်ရန် စီစဉ်နေပါသည်။
မှီငြမ်းစာအုပ်များ -
- Saravan, R. (2010) ICTs for Agricultural Extension. NIPA, New Delhi. 557p.
- Saravanan, S.(2020) Mobile Phone for Agri-cultural Extension: Worldwide mAgri Inno-vation and Promise for Future. NIPA-New India Publishing Agency, New Delhi. 382p.
- Updated Internet Websites and AI Technology


