အေးနွယ်လတ်၊ သိင်္ဂီမြင့် (YAU)
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရာတွင် အဓိကအရေးပါသည့် ကဏ္ဍကြီးဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသော အရေးကြီးသည့်ကဏ္ဍလည်းဖြစ်ပါသည်။
စိုက်ပျိုးရေးသီးနှံများထဲတွင် ဆန်စပါးသည် မြန်မာနိုင်ငံ၏ အဓိကကျသည့် စားသုံးကုန်သီးနှံဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရန် အရေးပါသောသီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိမိတို့နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ စုစုပေါင်းတန်ချိန် ၂၅ သိန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ထိ ရရှိခဲ့ပါသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အချက်အလက်များအရ နိုင်ငံ၏ အသားတင် သီးနှံစိုက်ပျိုးမှုဧရိယာ၏ ၅၉ ဒသမ ၃၂ ရာခိုင်နှုန်းတွင် စပါးကို အဓိကစိုက်ပျိုးခဲ့ပြီး စုစုပေါင်းဧက ၁၇ ဒသမ ၆၂ သန်းခန့်ရှိခဲ့ပါသည်။ စိုက်ပျိုးထုတ်လုပ်မှုမှထွက်ရှိလာသော စပါးသီးနှံ၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြည်တွင်းစားသုံးမှုနှင့် စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြုကြပြီး ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ဤနေရာတွင် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးသည် ဆန်စပါး အထွက်နှုန်းမြင့်မားခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်နေသည်ကို သတိပြုရမည် ဖြစ်ပါသည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍကိုသာမက တိုးပွားလာသည့် နိုင်ငံ့လူဦးရေ တစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်မှုတို့အပေါ် ကြီးမားစွာ လွှမ်းမိုးမှုရှိနေပါသည်။
မြန်မာနိုင်ငံတွင် ဆန်စပါးအထွက် နှုန်းတိုးမြှင့်ရရှိရေး ဆောင်ရွက်ရာ၌ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုမရှိစေဘဲ စိုက်ပျိုးထုတ်လုပ်နိုင်သော သိသာထင်ရှားသည့် အလားအလာကောင်းများ ရှိနေပါသည်။ သို့ဖြစ်၍ စပါးစိုက်ပျိုးသူတောင်သူများ၏ အကျိုးအမြတ်ရရှိနိုင်မှုအပေါ် လွှမ်းမိုးနေသောအချက်များကို သိရှိနိုင်ရန်ရည်ရွယ်၍ ဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဇွန်လတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိမြို့နယ်တို့မှ ကျေးရွာ အုပ်စု ၁၈ စုရှိ ကျေးရွာ ၂၄ ရွာကို စစ်တမ်းကောက်ယူရန် ရွေးချယ်ခဲ့ပါသည်။ ထို့နောက် စပါးစိုက်ပျိုးသူ တောင်သူ ၁၈၀ ကို ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေဖြစ်မည့် နမူနာကောက်ယူမှုနည်းလမ်းနှင့် ကျပန်းနမူနာ ကောက်ယူမှုနည်းလမ်းတို့ဖြင့် စနစ်တကျ စစ်တမ်းကောက်ယူခဲ့ပါသည်။
လေ့လာတွေ့ရှိချက်အရ တောင်သူအားလုံးက မိုးစပါးကို အဓိကစိုက်ပျိုးထုတ်လုပ်ကြပြီး စပါးအထွက်နှုန်းမြင့်မားသော နွေစပါးကိုမူ တောင်သူအနည်းငယ်သာ စိုက်ပျိုးကြပါသည်။ အချို့သော စပါးစိုက်ပျိုးသူတောင်သူများက စပါးစိုက်ပျိုးသည့်အခါ စိုက်ပျိုးရာသီတစ်ခုလျှင် စပါးမျိုးတစ်မျိုးထက် ပို၍စိုက်ပျိုးကြကြောင်း တွေ့ရှိရသည်။ တောင်သူများစိုက်ပျိုးကြသည့် စပါးမျိုးများကို လေ့လာရာတွင် -
- ပြည်တွင်းဈေးကွက်ဝင် စပါးမျိုး ၁၁ မျိုး - ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ မဂျမ်းတော၊ သုခ-၁၊ ရွှေဝါဝင်း၊ ရွှေဝါမွှေး၊ ဗာစမာတီ (Basmati)၊ ဧရာပဒေသာ၊ ပေါ်ဆန်းနှင့် ရွှေသွယ်ရင်။
- ပြည်ပဈေးကွက်ဝင် စပါးမျိုးခုနစ်မျိုး - ထိုင်းနှံကောက်၊ ဗျော့ထွန်း၊ GW-11၊ ရက်-၉၀၊ ဗျော့သုခ၊ ရတနာတိုးနှင့် ပုလဲသွယ်။
ယင်းတို့အနက် အထွက်နှုန်းမြင့်မားပြီး ဈေးကွက်ခိုင်မာမှုရှိသော စပါးအရည်အသွေး ကောင်းမွန်သည့် ထိုင်းနှံကောက်၊ ဆင်းသုခ၊ မနောသုခ၊ GW-11၊ ဧရာမင်း နှင့် ဗျော့ထွန်း စသည့်စပါးမျိုးများကို တောင်သူအများစုက ကြိုက်နှစ်သက်ပြီး ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
လေ့လာမှုများကိုအခြေခံ၍ စပါးစိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်အပေါ် လွှမ်းမိုးနေသောအချက်များကို Regression analysis နည်းလမ်းဖြင့် တွက်ချက်ခဲ့ရာတွင် စပါးအထွက်နှုန်း၊ စပါးဈေးနှုန်း၊ စက်ကိရိယာအသုံးစရိတ်၊ ပြည်ပဈေးကွက်ဝင်စပါးမျိုးနှင့် နွေစပါး စိုက်ပျိုးခြင်းတို့သည် စပါးစိုက်ပျိုးထုတ်လုပ်မှုအကျိုးအမြတ်ကို တိုးမြင့်စေကြောင်း တွေ့ရှိရသည်။
တွေ့ရှိချက်အရ လက်ရှိစပါးအထွက်နှုန်းကို တစ်ဧကလျှင် ၅ ဒသမ ၀၉ တင်းနှုန်း တိုးမြှင့်ထုတ်လုပ်နိုင်ပါက တောင်သူများ၏ အကျိုးအမြတ်သည် လက်ရှိရရှိနေသည့် အမြတ်ငွေထက် သုည ဒသမ ၂၆ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး စပါးဈေးနှုန်း တစ်ရာခိုင်နှုန်းမြင့်တက်လာပါက လက်ရှိအမြတ်ငွေထက် ၁ ဒသမ ၄၅ ရာခိုင်နှုန်းအထိ ထင်ရှားစွာတိုးလာမည်ဖြစ်ပါသည်။
ထို့အတူ စက်မှုလယ်ယာစနစ်သုံးစွဲမှုကို လက်ရှိထက်တစ်ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲပါက အကျိုးအမြတ် သုည ဒသမ ၁၇ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ပြည်ပဈေးကွက်ဝင်စပါးမျိုးများကို တစ်ရာခိုင်နှုန်း ပိုမိုထုတ်လုပ်လာပါက အကျိုးအမြတ်ရရှိမှုသည် သုည ဒသမ ၇၁ ရာခိုင်နှုန်းအထိ တိုးလာမည်ဖြစ်သည်။ နွေစပါးစိုက်ပျိုးမှုကို တစ်ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးလျှင် အကျိုးအမြတ် သုည ဒသမ ၀၉ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ကြောင်း တွေ့ရှိရပါ သည်။
အခြားတစ်ဖက်တွင်မူ ငှားရမ်းလုပ်သားစရိတ်၊ သွင်းအားစုစရိတ်နှင့် မိသားစုလုပ်သားအရေအတွက် သုံးစွဲမှုတို့သည် အကျိုးအမြတ်ရရှိမှုနှင့် ပြောင်းပြန်ဆက်စပ်နေပါသည်။ အဆိုပါစရိတ်များနှင့် မိသားစုလုပ်သားသုံးစွဲမှုတို့ကို တစ်ရာခိုင်နှုန်းတိုးမြှင့်ကုန်ကျပါက စပါးစိုက်ပျိုးထုတ်လုပ်မှုမှရရှိသည့် အကျိုးအမြတ်သည် သုည ဒသမ ၃၂ ရာခိုင်နှုန်း၊ သုည ဒသမ ၁၆ ရာခိုင်နှုန်းနှင့် သုည ဒသမ ၀၅ ရာခိုင်နှုန်းခန့်စီ အသီးသီးလျော့နည်းလာနိုင်ကြောင်း တွေ့ရှိရပါသည်။
တိုက်တွန်းလိုသည့်အချက်များ
သုတေသနအခြေခံ၍ စပါးစိုက်တောင်သူများက မိမိတို့၏ စပါးစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပိုမိုတိုးမြင့်ရရှိလာစေရန်အတွက် ဆောင်ရွက်စေလိုသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) အထွက်နှုန်းမြင့်မားပြီး အကျိုးအမြတ်ပိုမိုရရှိသည့် စပါးမျိုးများကို စနစ်တကျ ရွေးချယ်စိုက်ပျိုးခြင်း၊
(၂) လုပ်သားအင်အားနှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်မည့် စက်မှုလယ်ယာစနစ်ကို တိုးချဲ့အသုံးပြုခြင်း၊
(၃) ကုန်ကျစရိတ်သက်သာစေရန် သဘာဝမြေဩဇာကို တိုးမြှင့်အသုံးပြုခြင်း၊
(၄) စိုက်ပျိုးရေရရှိပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းစေမည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့စိုက်ပျိုးခြင်း။
ထို့အပြင် ဆန်စပါးကဏ္ဍနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများအနေဖြင့်လည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အထွက်နှုန်းမြင့်မားပြီး အကျိုးအမြတ်ပိုမိုရရှိနိုင်သော စပါးမျိုးကောင်းမျိုးသန့်များကို အချိန်မီဖြန့်ဖြူးပေးသင့်ပါသည်။ စိုက်ပျိုးထုတ်လုပ်စဉ်ကာလအတွင်း လိုအပ်သောနည်းပညာနှင့် သွင်းအားစု အထောက်အပံ့များကို ပံ့ပိုးပေးခြင်း၊ စက်မှုလယ်ယာစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးခြင်း၊ သင့်လျော်သော ဆည်ရေပေးဝေမှုစနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတိုးချဲ့နိုင်ရန် အားပေးသင့်ပါသည်။
စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအဆောက်အအုံများဖြစ်သည့် ရေပေးဝေမှုနှင့် ဆည်မြောင်းစနစ်များ၊ စိုက်ပျိုးဧရိယာအတွင်း ကုန်ထုတ်လမ်းများနှင့် သယ်ယူပို့ဆောင်ရေးလမ်းများ၊ လျှပ်စစ်မီး၊ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် ကုန်လှောင်ရုံများ၊ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်ကွန်ရက်များ ပံ့ပိုးမှုကိုလည်း တိုးမြှင့်ပေးရန် လိုအပ်ပါသည်။
ဆန်စပါးရောင်းဝယ်မှု ဆောင်ရွက်သည့်အခါတွင်လည်း တောင်သူများနစ်နာမှုမရှိစေရန် ဈေးနှုန်းသင့်တင့်မျှတမှုနှင့် ဈေးကွက်တည်ငြိမ်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ဆက်စပ်ကဏ္ဍများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ပါသည်။
သို့မှသာ စပါးစိုက်တောင်သူများ၏ လူမှုစီးပွားဘဝ အမှန်တကယ် တိုးတက်လာပြီး တစ်ဖက်တွင်လည်း နိုင်ငံခြားပို့ကုန်သီးနှံဖြစ်သော ဆန်စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှု တစ်ဟုန်ထိုးမြင့်မားလာကာ နိုင်ငံ့စီးပွားရေး အရှိန်အဟုန်မပြတ် တိုးတက်မှုအားကို ကောင်းမွန်စွာ မြှင့်တင်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။


