တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ …

အေးမြင့်ဆွေ(ဆည်/ရေ)

မြစ်ချောင်းဖျား တောင်တန်းများဆီတွင် မိုးတိမ်များ မှောင်မည်းညို့မှိုင်းလာပါက သိပ်မကြာမီတွင် မြစ်ရေချောင်းရေများ တရိပ်ရိပ်တက်လာတော့မည့် လက္ခဏာဖြစ်သည်ဟု အဆိုရှိပါသည်။

ယခုအခါတွင် အယ်လ်နီညိုနှင့် လာနီညာကဲ့သို့သော အစွန်းရောက် ရာသီဥတုပြောင်းလဲမှုများကြောင့် စံချိန်တင်မိုးများ ရွာသွန်းခြင်း၊ အချိန်အခါမဟုတ် မိုးများရွာသွန်းခြင်းကဲ့သို့ ခန့်မှန်းရခက်သည့် မိုးလေဝသအခြေအနေများ တွေ့ကြုံလာရသည်။ တောင်ဖျားဆီတွင် လိုအပ်သည်ထက်ပိုသော မိုးညို့ညို့များ တစ်နှစ်ပြီးတစ်နှစ် တွေ့ကြုံလာနေ ကြရပါသည်။

ထိုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာသည့်အခါ ရေလှောင် တမံများရှိ ရေပိုလွှဲများမှ ရေများဖောက်ချ၍ ရေကြီးရသည်ဟု အချို့က နားလည်မှု လွဲတတ်ကြပါသည်။ ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေများကျော်ကျနေခြင်းသည် ရေကြီးမှုအတွက် စိုးရိမ်စရာဖြစ်သည်ဟုလည်း တွေးထင်မိတတ်ကြပါသည်။

မိမိကိုယ်တိုင်လည်း ရေလှောင်တမံ ရေပိုလွှဲများအကြောင်း သေချာစွာ မသိရှိရသေးခင်က ထိုသို့ တွေးထင်ခဲ့ဖူးသည်ဖြစ်ရာ ဤဆောင်းပါးတွင် ရေပိုလွှဲများ၏ လုပ်ငန်းဆောင်တာ၊ အသုံးဝင် အကျိုးပြုမှုနှင့် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ခြင်းသည် စိုးရိမ်စရာအခြေအနေတစ်ခု မဟုတ်ပါကြောင်း နားလည်သိရှိသမျှ မျှဝေဖော်ပြပေးလိုပါသည်။

ရေလှောင်တမံဆိုသည်မှာ

ရေလှောင်တမံဆိုသည်မှာ မိုးရာသီတွင် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်အတွင်းသို့  အကျိုးမဲ့စီးဆင်းသွားမည့် မိုးရေများကို စိုက်ပျိုးရေ ပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ မြို့ရွာ များ သောက်သုံးရေဖူလုံစေရေး၊ ဒေသတစ်ခွင် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကျိုးရှိစွာ အသုံးပြု နိုင်ရန် လိုအပ်သည့်ပမာဏအား စနစ်တကျ တွက်ချက်သိုလှောင်ထားသော ရေအားအဆောက် အအုံများ ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အခြေခံတည်ဆောက်ထားသော မြန်မာနိုင်ငံ၏ ကုန်ထုတ် လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ရေလှောင်တမံများ၏ အကျိုးပြုမှုသည် များစွာအရေးပါ ပါသည်။

ရေလှောင်တမံ တည်ဆောက်ရာတွင် ရေဆင်းဧရိယာတစ်ခုလုံးမှ စီးဝင်ရေအားလုံးကို တမံအတွင်း ထိန်းချုပ်သိုလှောင်မည်ဆိုပါက ကြီးမားသော တမံအရွယ်အစားအတွက် ကုန်ကျစရိတ် များပြားခြင်း၊ အောက်ဘက်မြစ်ချောင်းများအတွင်းသို့ ရေစီးဆင်းမှု ရပ်တန့်သွားမည်ဖြစ်သဖြင့် မြစ်၏ ဂေဟစနစ် ပျက်စီးလာခြင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ရေပေးဝေမည့် စိုက်ပျိုးဧရိယာ (သို့မဟုတ်) ရေအား လျှပ်စစ်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေပမာဏ အချို့အား ထိန်းသိမ်းသိုလှောင်ရန်သာ တည်ဆောက် လေ့ရှိကြပါသည်။

ရေလှောင်တမံများ တည်ဆောက်ထားခြင်းကြောင့် ရေဆင်းဧရိယာမှ စီးဆင်းလာသော ချောင်းရေများကို တမံ၏ ကန်ရေပြည့်ပမာဏအထိ ထိန်းသိမ်းထားနိုင်ပြီး တဖြည်းဖြည်း ထိန်းညှိ ရေလွှတ်နိုင်မှုကြောင့် တမံအောက်ဘက်ဒေသများတွင် ရေကြီးနစ်မြုပ်ခြင်း လျော့ပါးစေရန် များစွာ အထောက်အကူပြုနိုင်ပါသည်။ သိုလှောင်နိုင်သည့် ပမာဏထက်ကျော်သည့် တမံအတွင်း စီးဝင်ရေများ မှာလည်း တမံရေဝပ်ဧရိယာသို့ စုဝင်ပျံ့နှံ့ရစ်ခွေပြီးမှ ရေပိုလွှဲမှတစ်ဆင့် ကျော်ကျစီးဆင်းရသဖြင့် ရေစီးအလျဉ် လျော့နည်းသွားနိုင်ပါသည်။

တမံအောက်ဘက် ဒေသများသို့ ရေရောက်ရှိရန် စီးဆင်းရချိန်လည်း ကြာမြင့်သွားမည်ဖြစ်သော ကြောင့် ရေဘေးအန္တရာယ်အတွက် အချိန်ယူ ကြိုတင်ပြင်ဆင်နိုင်ပါသည်။ ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးခြင်းများကို ကမ္ဘာတစ်ဝန်း ခံစားနေကြရရာ တမံများကို  စိုက်ပျိုး ရေးနှင့် ရေအားလျှပ်စစ်အတွက်သာမက ရေဘေးကာကွယ်ရေးအတွက် ရေထိန်းတမံများအဖြစ်လည်း ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။ မြန်မာနိုင်ငံရှိ ရေလှောင်တမံများသည်လည်း ရေထိန်းတမံများအဖြစ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့အကျိုးပြု လျက်ရှိပါသည်။

ရေလှောင်တမံ၏ အစိတ်အပိုင်းများ

ရေလှောင်တမံတွင် အဓိက အစိတ်အပိုင်း သုံးမျိုးပါဝင်ပါသည်။ တမံကိုယ်ထည် (Dam  Body)၊ ရေပိုလွှဲ (Spillway) နှင့် ရေထုတ်ပြွန် (Conduit) တို့ဖြစ်ပါသည်။

တမံကိုယ်ထည်အမြင့်ကို သတ်မှတ်ရာတွင် ထိုဒေသ၏ စီးဝင်ရေပမာဏ၊ ရေဝပ်ဧရိယာ၏ ရေသိုလှောင်နိုင်မှုနှင့် အနည်ကျနှုန်းများအပေါ် မူတည်၍ မိမိအသုံးပြုလိုသော ရေပမာဏကို သိုလှောင်နိုင်မည့်အနက်အပေါ်တွင် လှိုင်းဒဏ်ခံနိုင် သော ရေလွတ်အမြင့် ထည့်ပေါင်း၍ တမံအမြင့်ကို သတ်မှတ်ပါသည်။

သိုလှောင်ထားသည့် အသုံးပြုမည့်ရေများကို တမံကိုယ်ထည်၌ ထည့်သွင်းတည်ဆောက်ထား သော ရေထုတ်ပြွန်မှတစ်ဆင့် ဆည်ရေပေးမြောင်းများအတွင်းသို့ ထုတ်လွှတ်အသုံးပြုနိုင်ပါသည်။ ရေထုတ်ပြွန်အား ရေထိန်းမျှော်စင်မှ ဂိတ်တံခါးဖြင့် လိုအပ်သလို ထိန်းချုပ်ဖွင့်၊ ပိတ်နိုင်ပါသည်။ ထို့ကြောင့် ရေထုတ်ပြွန်သည် ရေလှောင်တမံ၏ ထိန်းချုပ်ဖွင့်၊ ပိတ်နိုင်သော ရေအားအဆောက်အအုံဖြစ်ပြီး ယင်းကိုလည်း စိုက်ပျိုးရေပေးဝေရန်အတွက်သာ ထိန်းချုပ်အသုံးပြုလေ့ရှိပါသည်။

ဤသို့ တမံအတွင်း စီးဝင်ရေများအနက် အချို့ကိုသာ အသုံးပြုရန် သိုလှောင်ထားနိုင်သည် ဖြစ်သောကြောင့် ထိုလိုအပ်သောပမာဏထက် ပိုသောရေများ ဖြတ်သန်းစီးဆင်းသွားနိုင်စေရန် ရေအားအဆောက်အအုံတစ်ခု တမံကိုယ်ထည်တွင် တပ်ဆင်ရန် လိုအပ်လာပါသည်။ ထိုရေအား အဆောက်အအုံမှာ ရေပိုလွှဲဖြစ်ပါသည်။

ရေပိုလွှဲဆိုသည်မှာ

ရေပိုလွှဲအကြောင်း အနက်ဖွင့်ဆိုရာတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ကြေးမုံသတင်းစာပါ ဆရာဘုန်းတင်လှိုင် ရေးသားခဲ့သော “ရေပိုလွှဲ ဆိုသည်မှာ ရေဖောက်ချရသည့်အရာ မဟုတ်ဘဲ ကန်ရေပြည့်သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသောရေများ မူလမြစ်/ချောင်းများထဲသို့ စီးထွက်သွားစေရန် ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံဖြစ်သည်” ဟူသော ရေးသားချက်ကို ပြန်လည်မျှဝေချင်ပါသည်။ တစ်နည်းအားဖြင့် လိုအပ်သည်ထက် ပိုလျှံသော ရေပိုများ ကျော်ကျစီးဆင်းရန်အတွက် အထူးဒီဇိုင်း ပြုတည်ဆောက်ထားရသော ရေအားအဆောက် အအုံ ဖြစ်ပါသည်။ ထို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျ နေခြင်းသည် ရေပိုလွှဲ၏ မဖြစ်မနေထမ်းဆောင် ရမည့် မူလတာဝန်သာဖြစ်ပြီး ထူးကဲစွာ စိုးရိမ်ရန် မလိုအပ်သော ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ ရေလှောင်တမံအများစု၏ ရေပိုလွှဲများသည် ကန်ရေပြည့်မှတ် မရောက်မီတွင် ဖွင့်ချနိုင်သော ရေတံခါးများ တပ်ဆင်ထားခြင်းမရှိဘဲ ကန်ရေပြည့်မှတ်အထိ ရေအပြည့်သိုလှောင်၍ ထို့ထက်များပြားလာမှသာ သဘာဝအတိုင်း ကျော်ကျစီးဆင်းသွားစေရန် ဒီဇိုင်းရေးဆွဲထားကြခြင်းဖြစ်ပါသည်။ အနည်းစုရေပိုလွှဲများရှိ ရေပိုမိုလှောင်နိုင်ရန် တပ်ဆင်ထားသည့် ဂိတ်တံခါးများကိုလည်း စီးဝင်ရေအားချင့်ချိန်၍ စနစ်တကျ တွက်ချက်ဖွင့်၊ ပိတ်နိုင်ရန် သတ်မှတ်လုပ်ထုံး လုပ်နည်းများ ရေးဆွဲစီမံဆောင်ရွက်ထားပြီးသည် နှင့်အညီ ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ချောင်းအထက်ပိုင်းတွင် မိုးများ၍ ရေပိုလွှဲမှ ရေကျော်ကျနေခြင်းသည် ဖောက်ချဖန်တီးနိုင်သော (သို့မဟုတ်) တားဆီးပိတ်ပင်နိုင်သော ဖြစ်စဉ်မျိုး မဟုတ်ဘဲ ရေပိုလွှဲ၏ သဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။ ရေလှောင်တမံ/ ရေပိုလွှဲများသာ မရှိပါက ရေစီးဆင်းမှုသည် ပမာဏများစွာ ပိုမိုပြင်းထန်မည် ဖြစ်ပါသည်။

ရေပိုလွှဲမှ ရေကျော်ခြင်း၏ အကျိုးများ

ရေများ ရေတံခွန်ကဲ့သို့ ကျော်ကျဖြာထွက် စီးဆင်းနေသော ရေပိုလွှဲတစ်ခု၏ အလှအပသည် ရေလှောင်တမံတစ်ခု၏ အပေါ်လွင်ဆုံး၊ စိတ်ဝင်စားဖွယ် အကောင်းဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်ဖွယ် ရှိပါသည်။ ရေပိုလွှဲသည် တမံကိုယ်ထည်ခိုင်ခံ့မှု အတွက် များစွာအရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။ ရေပိုလွှဲမှ လုံလောက်သော ရေကျော်ကျစီးဆင်းမှုမရှိပါက သိုလှောင်ပမာဏထက် ကျော်လွန်လာသောရေများသည် တမံထိပ်မှ ကျော်ကျခြင်း (Overtopping)ကို ဖြစ်စေနိုင်ပြီး တမံကိုယ်ထည်ကြံ့ခိုင်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။

ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် အောက်ဘက် မြစ်ချောင်းများ၏ သဘာဝအတိုင်း ရေစီးဆင်းမှုကို ဖြစ်ပေါ်စေသောကြောင့် ထိုမြစ်ချောင်းတို့၏ မူလသွင်ပြင်ပုံစံနှင့် ရေစီးဆင်းမှုအခြေအနေကို များစွာ အထောက်အပံ့ပေးပါသည်။ မြစ်ချောင်းများ၏ သက်စောင့်ရေ (Enviromental Flow) ကိုလည်း ဖန်တီးပေးပါသည်။ သက်စောင့်ရေဆိုသည်မှာ မြစ်ချောင်းများအတွင်းနှင့် မြစ်ချောင်းများအနီးရှိ သစ်ပင်ပန်းမန်နှင့် ရေနေသတ္တဝါတို့၏ သဘာဝရှင်သန်နေထိုင်မှုဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်သော အခြေခံသဘာဝရေစီးဆင်းမှုဖြစ်ပါသည်။

အခြားအကျိုးကျေးဇူးတစ်ခုမှာ ရေလှောင်တမံ အထက်ပိုင်းမှ ရေနေသတ္တဝါများသည် ရေပိုလွှဲမှ ရေကျော်ကျစီးဆင်းခြင်းနှင့်အတူ ရေလှောင်တမံ အောက်ဘက်မြစ်ချောင်းများအတွင်းသို့ လွတ်လပ် စွာ ပျံ့နှံ့ရောက်ရှိ နေထိုင်ကြီးပြင်းနိုင်ကြခြင်းဖြစ်ပါသည်။ ငါးကဲ့သို့သော ရေနေသတ္တဝါများသည် တမံကိုယ်ထည်အောက်ခြေ ရေထုတ်ပြွန်မှ ဖြတ်သန်းနိုင်သည်ဆိုသော်လည်း တွေ့ရှိချက်များအရ တမံ အောက်ခြေရေထု၏ အပူချိန်လျော့ကျမှုနှင့် အောက်ဆီဂျင်နည်းပါးစွာပါဝင်မှုကြောင့် ရေပိုလွှဲမှ စီးဆင်းရေနှင့်အတူသာ ပိုမိုရွှေ့ပြောင်းသွားလာကြကြောင်း သိရှိရပါသည်။

ရေပိုလွှဲများ၏ ခိုင်ခံ့မှုအခြေအနေ

မြန်မာ့ဆည်တာတမံ တည်ဆောက်မှုသမိုင်းသည် ရှေးမြန်မာမင်းများလက်ထက် လယ်တွင်း ကိုးခရိုင်မှ အစပြု၍ ကိုလိုနီခေတ်ကို ဖြတ်ကျော်ကာ ယခုလက်ရှိကာလအထိ ရှည်လျားတည်တံ့ခဲ့ပါ သည်။ ရေအားအဆောက်အအုံများ တည်ဆောက်မှုနှင့် ရေအသုံးချမှု နည်းပညာများတွင်လည်း တိုးတက်ဖွံ့ဖြိုးစေရန် အစဉ်အားထုတ် ဆောင်ရွက်လျက်ရှိပါသည်။ ရှေးနှစ်များစွာကပင်စ၍ ပဲခူး-စစ်တောင်းတူးမြောင်း၊ တွံတေးတူးမြောင်းကဲ့သို့ ရေအသုံးချသွားလာမှု လမ်းကြောင်းသစ်များ၊ မိုးဗြဲ၊ မြစ်ကျိုးနှင့် တာဝကဲ့သို့သော လှေဝင်၊ လှေထွက် လမ်းကြောင်း (Navigation Locks) များ၊ များစွာ သော ရေလှောင်တမံများအား တည်ဆောက် ထိန်းသိမ်းအသုံးပြုလျက်ရှိပါသည်။ ရေလှောင်တမံ နှင့် ရေပိုလွှဲများတည်ဆောက်ရာတွင် စနစ်တကျ စူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ကျွမ်းကျင် နည်းပညာရှင်များနှင့် တွက်ချက်ဆောင်ရွက်လျက်ရှိပါသည်။

ရေလှောင်တမံနှင့် ရေပိုလွှဲများ တည်ဆောက်ရာတွင် ထိုဒေသ၏ မိုးလေဝသနှင့် ရာသီဥတုအခြေ အနေ၊ ရေကြီးမှုသမိုင်းအပေါ်မူတည်၍ ဇလဗေဒ ပညာရှင်များ တွက်ချက်ရရှိသော ဒီဇိုင်းရေထုစီးနှုန်း အချက်အလက်များ၊ အောက်ခံမြေအမျိုးအစားများ၊ ငလျင်ပြင်းအား စသည့်အချက်အလက်များကို စုစည်း၍ ခေတ်မီနည်းပညာဆော့ဖ်ဝဲများ အသုံးပြုတွက်ချက် တည်ဆောက်ထားကြပါသည်။

ရေပိုလွှဲမှ ရေကျော်ခြင်းကို သတိပေးမှုများ

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် ရေပိုလွှဲမှ ရေစတင်ကျော်သည်နှင့် အလံအစိမ်းရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထိ ရေကျော်ပါက အလံအဝါရောင်၊ ဒီဇိုင်းရေထုစီးနှုန်းအထက် ရေကျော်ပါက အလံအနီရောင် စသည်ဖြင့် ရေပိုလွှဲထိပ်နှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အလံစိုက်ထူ၍ အများပြည်သူများအား သိရှိရန် အသိပေး လေ့ရှိပါသည်။ ဤသို့ အလံများ စိုက်ထူရာတွင် ရေပိုလွှဲမှ ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော် ကျလာခြင်းသည်သာ စောင့်ကြည့်ရမည့် စိုးရိမ်သင့်သော အခြေအနေဖြစ်ပြီး ကျန်အခြေအနေများတွင် ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် များစွာစိုးရိမ်ဖွယ် အခြေအနေမဟုတ်ပါ။

ဒီဇိုင်းရေထုစီးနှုန်းအထက်အထိ ရေကျော်ကျလာသည့်အခြေအနေတွင်မူ မိမိဒေသ၏ လက်တွေ့ ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်နှင့် လိုက်လျော ညီထွေသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ အချိန်မီဆောင်ရွက်ရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အချို့ရေလှောင်တမံများ၌ ထူးကဲမိုးများ ရွာသွန်းခြင်းကြောင့် ဒီဇိုင်းရေထုစီး နှုန်းထက် ရေများစွာ ကျော်ကျခဲ့သော ဖြစ်စဉ်များတွင်မူ ရေပိုလွှဲများသည် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ပါသည်။

ထို့ကြောင့် အချုပ်အားဖြင့် ရေပိုလွှဲဟူသည်မှာ ရေများကျော်ကျရန် တကူးတက ဒီဇိုင်းရေးဆွဲ တည်ဆောက်ထားရသည့် ရေအားအဆောက်အအုံဖြစ်၍ ရေပိုလွှဲမှ ရေကျော်ကျခြင်းသည် ယင်း၏ မူလ တာဝန်အား ရိုးစင်းစွာ ထမ်းဆောင်နေခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ရေတံခွန်ကဲ့သို့ ရေများဖြာကျ စီးဆင်းနေသော ရေပိုလွှဲများ တွေ့ရှိပါက စိုးရိမ်စရာ အခြေအနေဟု မယူဆသင့်ပါကြောင်း၊ ရေကျော်ကျနေသော ရေပိုလွှဲများသည် ရေလှောင်တမံခိုင်ခံ့မှုနှင့် သဘာဝပတ်ဝန်းကျင်အတွက် သွယ်ဝိုက်အကျိုးပြု လျက်ရှိနေပါကြောင်းနှင့် ရေပိုလွှဲများသည် တောင်ဖျားဆီမှ မိုးညို့ညို့အား တတ်စွမ်းသမျှ အန်တုခုခံလျက် ရှိပါကြောင်း သိရှိသမျှ မျှဝေရေးသားအပ်ပါသည်။   ။

ကိုးကား-

ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁ ရက် ကြေးမုံသတင်းစာတွင် ဖော်ပြခဲ့သည့် ဆရာ ဘုန်းတင်လှိုင် ရေးသားသော “ရေပိုလွှဲ ဆိုသည် မှာ...” ဆောင်းပါး