တောင်ကိုရီးယားနိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေသည် လူဦးရေစုစုပေါင်း၏ ၂၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိ

အောက်တိုဘာ ၁

တောင်ကိုရီးယားနိုင်ငံတွင် သက်ကြီးရွယ်အိုလူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၂၁.၆ ရာခိုင်နှုန်း အထိ ရောက်ရှိလာကြောင်း ယနေ့တွင်ထုတ်ပြန်သည့်စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များအရ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေသည် ၂၀၂၆ ခုနှစ်တွင် စုစုပေါင်း ၁၁ ဒသမ ၁၂၅ သန်းရှိပြီး နိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ ၂၁ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က သက်ကြီးရွယ်အိုများ၏ အချိုးအစား ၂၀ ရာခိုင်နှုန်း ကျော်လွန်ကာ ၂၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သဖြင့် တောင်ကိုရီးယားနိုင်ငံသည် တရားဝင်အားဖြင့် အလွန်အိုမင်းသော လူ့အဖွဲ့အစည်းအဖြစ်ရောက်ရှိခဲ့သည်။

 ၂၀၃၆ ခုနှစ်တွင် သက်ကြီးရွယ်အိုလူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်လွန် လာမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

သက်ကြီးရွယ်အို မှီခိုမှုအချိုး သို့မဟုတ် အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အလုပ်လုပ်နိုင်သော လူဦးရေနှင့် သက်ကြီးရွယ်အိုဦးရေ အချိုးသည် ၂၀၂၆ ခုနှစ်တွင် ၃၁ ဒသမ ၃ ဦးမှ ၂၀၃၆ ခုနှစ်တွင် ၅၀ ဒသမ ၁ ဦးနှင့် ၂၀၆၆ ခုနှစ်တွင် ၁၀၀ ဒသမ ၈ ဦးအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

အသက် ၆၀ နှင့်အထက်ရှိသူများက ဦးဆောင်သော အိမ်ထောင်စုအရေအတွက်သည် ၂၀၂၆ ခုနှစ်တွင် ၆ ဒသမ ၅၀၇ သန်းရှိပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စုအားလုံး၏ ၂၈ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

သက်ကြီးရွယ်အိုများပါဝင်သည့် အိမ်ထောင်စုအရေအတွက်သည် ၂၀၃၈ ခုနှစ်တွင် ၁၀ သန်းကျော်ရှိလာမည်ဟု ခန့်မှန်းထားပြီး ထိုအိမ်ထောင်စုများ၏ အချိုးအစားသည် ၂၀၅၂ ခုနှစ်တွင် အိမ်ထောင်စုအားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို