တောင်ကိုရီးယား၌ စံချိန်တင်အပူချိန်မြင့်တက်သဖြင့် အပူလျှပ်သူ ၁၈၈၉ ဦးအထိ ရှိလာ

ဆိုးလ်   ဩဂုတ်   ၃

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်ပိုင်းတွင် အပူလှိုင်းကျရောက်မှုဖြစ်ပွားပြီး ဩဂုတ် ၂ ရက်က ဂျောင်ဆန်းပြည်နယ် တောင်ဘက်ပိုင်း ရန်ဆန်မြို့တွင် အပူချိန် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ စံချိန်တင်ခဲ့ကြောင်း သိရသည်။

ယင်းအပူချိန်သည် မှတ်တမ်းစတင်ကောက်ယူသည့် ၁၉၀၄ ခုနှစ်မှစတင်ကာ တောင်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောသည်။ ထို့အပြင် အဆိုပါပြည်နယ်ရှိ ဂျောင်ဂျူမြို့တွင်လည်း ဩဂုတ် ၂ ရက်က အပူချိန် ၄၀ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့သည်။

တည်ငြိမ်သော လေဖိအားမြင့်ရပ်ဝန်းတစ်ခုကြောင့် အပူချိန်မြင့်တက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လေဖိအားမြင့်ရပ်ဝန်းကြောင့် ဂျပန်နိုင်ငံ ကျူရှူးဒေသတွင်လည်း အပူချိန်လွန်ကဲမှုဖြစ်ပွားနေကြောင်း တာဝန်ရှိသူများက ပြောသည်။ တောင်ကိုရီးယားနိုင်ငံတွင် မေ ၁၅ ရက်မှ ဩဂုတ် ၁ ရက် အကြား အပူလျှပ်ဖြစ်ပွားသူပေါင်း ၁၈၈၉ ဦးရှိပြီး ၁၄ ဦး သေဆုံးကြောင်း အာဏာပိုင်များက ပြောသည်။    

အင်န်အိတ်ချ်ကေ